ရန်ကုန်က သံသယဖြစ်စရာ သေတ္တာထဲမှာ ဘာတွေ တွေ့သလဲ

Thursday, July 18, 2013


ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်ထဲတွင် ယနေ့ညနေပိုင်းက မသင်္ကာစရာ သေတ္တာတလုံးကို ပိုင်ရှင်မဲ့ တွေ့ရှိခဲ့ပြီးနောက်ပိုင်း လုံခြုံရေးအရာရှိများ အလုပ်များသွားကြသည်။ 

ဗိုလ်မင်းရောင်လမ်းနှင့် သိမ်ဖြူလမ်းဒေါင့် မီးပွိုင့်အနီး သိမ်ကုန်းဘုန်းကြီးကျောင်း ရှေ့ရှိ ညောင်ပင်အောက်တွင် အချိန်အတန်ကြာ ရှိခဲ့သော အလျား ၂ ပေ၊ အနံ ၁ ပေခန့်ရှိ  အနီရောင် ခရီးဆောင်သေတ္တာကို သံသယရှိသဖြင့် စစ်ဆေးခဲ့ကြသည်ဟု   မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲစခန်းကပြောသည်။

“ကျနော်တို့မှာ ဗုံးထင်ပြီးတော့ ဗုံးရှာတဲ့ ကိရိယာတွေသုံးပြီး စစ်လိုက်ရတာ ချွေးပါပြန်တယ်၊ အိတ်ကိုဖောက်ဖွင့်ကြည့်တော့ အထဲမှာ အဝတ်အစားတွေပဲတွေ့တယ်၊ ပိုင်ရှင်ဘယ်သူလဲဆိုတာတော့ မသိပါဘူး” ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲစခန်းမှ ရဲအရာရှိ တဦး က ဧရာဝတီသို့ ပြောသည်။

အနီးရှိဆိုက်ကားဂိတ်မှ ဆိုက်ကား သမား တစ်ဦးက ...
“ဒီအိတ်ကို စတွေ့တော့ မသင်္ကာတာနဲ့ ရဲကို အကြောင်းကြား လိုက်တာ ဗုံးထင်ပြီး ခပ်လှမ်းလှမ်းမှာ လူတွေလာကြည့်ကြတာ၊ ကားလမ်းတောင် ခဏ ပိတ်သွားသေးတယ်၊ ရဲတွေ ဗုံးရှာစက် တွေနဲ့ စစ်ပြီး ဖွင့်ကြည့်တော့ ဗုံး မဟုတ်ဘူး၊ အဲဒါနဲ့ အိတ်ကို စခန်းကို သယ်သွားတာ” ဟု သူက ဧရာဝတီကို ပြောပါတယ်။

ရဲစခန်းကို ရောက်ရှိနေသော အဆိုပါ အိတ်ထဲတွင် ဂျင်းဘောင်းဘီ တစ်ထည်နှင့် အကျီတစ်ထည်ကိုသာတွေ့ရှိရသည်။

ယခုလ ၇ ရက်နေ့က ဗုဒ္ဓဂါယာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ရန်ကုန်မြို့တွင် ရွှေတိဂုံ ဘုရားအပါအဝင် မြို့တွင်း၊ မြို့ပြင် နေရာတချို့တွင်   ရဲတပ်ဖွဲ့ဝင်များက  မသင်္ကာဖွယ်ရာ မော်တော်ယာဉ်၊ ခရီးသွားတို့ကို  စစ်ဆေးလျက်ရှိသည်။

ထို့အတူ အာဇာနည်နေ့နှင့် နီးကပ်လာသည်နှင့်အမျှ မြို့တွင်း၊ မြို့ပြင်  လမ်းတချို့တွင် မသင်္ကာဖွယ်ရာ လူများတွေ့ရှိပါက စစ်ဆေးမေးမြန်းမှုများပြုလုပ်လျက်ရှိ သကဲ့သို့ မြို့နယ် ရပ်ကွက်ရုံးများတွင်လည်း ဧည့်စာရင်းတိုင်ကြားကြရန် လှုံ့ဆော်နေကြသည်။

မသင်္ကာဖွယ်ရာလူများကိုတွေ့ရှိလျှင်လည်း အကြောင်းကြားရန် ရဲတပ်ဖွဲ့က သတိပေးထားပြီး
အချို့ရပ်ကွက်များထဲတွင်  လုံခြုံရေးအရ အာဏာပိုင်တို့ လှည့်လည် စစ်ဆေးနေသည်ကို တွေ့ရသည်။ 
သတင်း - ကျော်ခ
ဓာတ်ပုံ - ဂျေပိုင်




.

5 comments :

  1. Anonymous said... :

    သတိရှိကြပါ။။။

  1. Anonymous said... :

    သမ္မတကြီး ဦးသိန်းစိန် ပြင်သစ်ကို ရောက်နေတုန်း ဧည့်စာရင်း တိုင်ခဲ့ရပါသလားလို့ မေးချင်ပါတယ်။ အင်္ဂလန်ကို ရောက်နေတုန်း ဧည့်စာရင်းတိုင်ခဲ့ပါသလားလို့ မေးချင်ပါတယ်။ ကိုယ့်နိုင်ငံထဲမှာ ကိုယ်နေပြီး ဧည့်စာရင်း တိုင်ရတာတော့ အလွန်တရာ ရှက်စရာကောင်းတဲ့ အလုပ်ပါ။ အရှက်တရားကင်းမဲ့တဲ့ သူတွေ နေတဲ့ နိုင်ငံအဖြစ် ဧည့်စာရင်းတိုင်ကြားတဲ့ ဥပဒေက ဆက်ရှိနေဦးမှာလား။ ရဲက ရဲ အလုပ်မလုပ်လို့ ၊ စစ်တပ်က စစ်တပ် အလုပ်မလုပ်လို့  ဧည့်စားရင် တိုင်ကြားနေရတာ ဖြစ်မယ်။

  1. Anonymous said... :

    အထိတ်တလန့် ဖြစ်လေ ရဲနှင့် စစ်တပ်က အကြောင်းပြပြီး နေရာဝင်ယူလေ လုပ်တက်ပါတယ်။ ဒီလို အထိတ်တလန့် ဖြစ်အောင်လည်း စစ်တပ်နောက်ခံ နောက်ကြောင်းပြန်လို သူတွေကဖန်တီးထားကြတာပါ။ အေးချမ်းတဲ့ စေတီပုထိုးတွေမှာ စစ်တပ်နဲ့ ရဲ ရှိနေသမျှ မြင်နေသမျှ ကာလ ပတ်လုံး အတုအေယာင် ဒီမိုကရေစီ နိုင်ငံ ဖြစ်နေမှာ အထင်အရှားပါ။ လုံခြုံရေး ရှိရမယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမဲ့ လုံခြုံရေး အကြောင်းပြပြီး တိုင်းပြည်ကို ဗိုလ်ကျစိုးမိုးနေတာအတော်ရုပ်စိုးတယ်။ ချယ်လှယ်အနိုင်ကျင့်နေတာ မကောင်းပါဘူး။ ပညာအားနည်းတဲ့ နိုင်ငံတွေမှာ လုပ်လေ့လုပ်ထရှိတဲ့ အတိုင်း နေရာတကာမှာ စစ်တပ်တွေ၊ ရဲတွေက ပါဝါပြ ကားယားကားယား လမ်းသလားနေကြတာ ဒီလိုပါပဲ။ စစ်မှန်တဲ့ ဘာသာတရားရှိမယ်၊ လူ့ ယဉ်ကျေးတွေတကယ်နေတဲ့ တိုင်းပြည်ဆိုရင် လွှတ်တော်ထဲက စစ်သား အမတ်တွေလည်း လူမြင်ကွင်းကရော လူမမြင်ကွင်းမှာပါ အလိုက်သိ ရှောင်သွားဖို့ လိုအပ်နေပါပြီးဖြစ်ပါတယ်။

  1. Anonymous said... :

    ထောင်တဲ့အချိန်၊ ရဲရောက်နိုင်တဲ့အချိန်၊ တစ်ဖက်မှာအာရုံ စိုက်နေစဉ် တစ်ဖက်မှာ လစ်ဟာ သွားနိုင်မှု၊ ရှာဖွေရေး ကိရိယာ အဆင့် အတန်း၊ အားလုံးကို သတိထားပြင်ဆင်ရမယ်၊ ပေါ့ပျက်တဲ့လူတစ်ယောက် မေ့ကျန်ခဲ့တဲ့ သာမန်အိပ်လည်း ဖြစ်နိုင်တယ်..။ အထက်က အချက်တွေကို လက်တွေ့ စမ်းသပ်တာလည်းဖြစ်နိုင်တယ်။ မပေါ့ကြပါနဲ့ အကြမ်းဖက်ဖို့ ကြံနေကြတဲ့အကြောင်း ကြားနေရတာကြာပါပြီ။

  1. Anonymous said... :

    Pls, use ur brain.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved