DKBA ရဲ့ မူလတန်းကျောင်း

Thursday, July 18, 2013


ကလို့ထူးဘော(DKBA)အဖွဲ့က ၎င်းတို့၏ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းတခု ဖွင့်ပွဲကို ဌာနချုပ်တည်ရှိရာ မြ၀တီမြို့နယ်ဆုံဆည်းမြိုင်ရွာတွင် ယနေ့ကျင်းပခဲ့သည်။


ယနေ့ဖွင့်လှစ်သည့်ကျောင်းဆောင်သစ်  (ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ)


 ကလေးငယ် ၁၀၀ ခန့်ပညာသင်ကြားနေသည့်ကျောင်းတွင် ဖွင့်ပွဲအခမ်းအနား ပြုလုပ်စဉ်   ကလို့ထူးဘော(DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်က တိုင်းပြည်၏အနာဂတ်သည်  ပညာရေးတွင်မူတည်ကြောင်း ပြောသည်။

 ၎င်းက "ကျွန်တော်တို့တိုင်းပြည်မှာ အဓိကလိုအပ်နေတာက ပညာရေးပဲ။ ပညာရေးစနစ်ကောင်းမှ ပညာတတ်တွေရှိမှ တိုင်းပြည်ရဲ့ အနာဂတ်ကောင်းမွန်ပြီး တိုင်းပြည်တက်တက်မှာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့က ကလေးငယ်တွေ ပညာတတ်မြောက်ဘို့အတွက်ကို ဦးစားပေး လုပ်ဆောင်တာဖြစ်တယ်" ဟု ပြောသည်။
အလှူရှင်ဇနီးမောင်နှံ (ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ)
ကျောင်းဆောင်သစ်ကို ယနေ့တွင်ကျရောက်သည့် ဗိုလ်ချုပ်ကြီး စောလားပွယ်၏ ၅၁ မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဖွင့်ဖွဲ့လှစ်ခြင်းဖြစ်သည်ဟုလည်း မွေးနေ့ရှင်ကပြောသည်။

ကျောင်းတွင် ဒေသခန့် ဆရာဆရာမ ၄ ဦးက အစိုးရ ပညာရေးဌာန၏ သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားပေးလျက်ရှိသည်။

ကလေးငယ်တို့၏ မိဘများမှာ အနယ်နယ် အရပ်ရပ်မှ လာရောက်အခြေချသူများဖြစ်ပြီး ဒေသတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းခွင်များတွင် အဓိက လုပ်ကိုင်နေကြသူများဖြစ်သည်။

 ကလို့ထူးဘော(DKBA)အဖွဲ့သည် ၎င်းတို့ ထိန်းချုပ်ရာ ဒေသတွင်  ဆေးရုံ၊ ဆေးပေးခန်း၊ စာသင်ကျောင်း နှင့်လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများကို ကိုယ်ထူကိုယ်ထအစီအစဉ်ဖြင့်ဆောင်ရွက်လျက်ရှိသည်ဟု အဖွဲ့၏ ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က ဧရာဝတီသတင်းဌာနကိုပြောသည်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved