နို့စားနွားမွေးသူတို့အတွက် သတင်းကောင်း

Friday, July 12, 2013


ဆွစ်ဇာလန် နိုင်ငံအခြေစိုက် Tetra Laval  ကုမ္ပဏီ၏ ကူညီမှုဖြင့်
အခြေခံပညာကျောင်း အများအပြားတွင် သုံးနှစ်စီမံကိန်းဖြင့် နို့တိုက်ကျွေးသည့် စီမံကိန်းကို အစပြုနေသည့် သတင်းသည်
ပြည်တွင်းမှ မွေးမြူရေးလုပ်ငန်းရှင်တို့အတွက် သတင်းကောင်း ဖြစ်နေသည်။


(ဓာတ်ပုံများ -
Tetra Laval  ကုမ္ပဏီ)
ကုမ္ပဏီက ကျောင်းများတွင် တိုက်ကျွေးမည့် နို့ကို ဒေသတွင်း တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများမှ ဝယ်ယူသွားမည် ဟု သိရသည်။

ကနဦးပိုင်း လိုအပ်ချက်အတွက် နို့ဗူးများကို အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ထုတ်လုပ်သည်ဟု

ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တခုတွင် ဖော်ပြထားသည်။
  “
UHT Milk  (အပူပေး ပိုးသတ်ထားတဲ့နို့)ကို ဒီမှာ ရနိုင်ဖို့အတွက် မြန်မာပြည်က လုပ်ငန်းရှင်တွေ အခွင့်အလမ်းတွေ ရလာမယ်လို့ မျှော်လင့်ပါတယ်။ ဒေသခံ မွေးမြူရေးသမားတွေဆီကပေါ့” ဟု  ကုမ္ပဏီ၏  အာရှတိုက် တောင်ပိုင်း နှင့် အရှေ့တောင်ပိုင်း ဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ Kekuewa. Rusty Kekuewa က ပြောသည်။

ထို့ကြောင့်   မန္တလေးတိုင်းအတွင်းရှိ နို့စားမွေးမြူရေးလုပ်ငန်းများ လုပ်ငန်းပြန်လည် တိုးချဲ့ဆောင်ရွက်နေပြီ ဖြစ်သည်။

“အရင်တုန်းက နို့စားနွား ၈ ကောင်လောက်ဘဲ ရှိတာ။ ခုနောက်ထပ် နို့စားနွားတွေကို အကောင်၂ဝ လောက် ထပ်မွေးဖို့ လုပ်နေပါတယ်။
ကုမ္ပဏီကလူတွေကလည်း နို့ကို နေ့တိုင်း ယူဖို့ ပြောထားတာတွေ ရှိတယ်။
 အဲဒီအတွက်ကြောင့် ကျွန်တော်တို့ဘက်က နို့စားနွားတွေကို ပြန်ပြီး ဖြည့်ထားတဲ့ သဘောပါ။
သူတို့က ၃နှစ်လောက်ထိ ယူမှာ ဆိုတော့ ကျွန်တော်တို့ ကောင်းကောင်း ရင်းနှီးနိုင်ပါတယ်” ဟု စက်မှုဇုံတွင် နို့စားနွားမွေးမြူရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

အစီအစဉ်အရ မန္တလေးခရိုင်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း ၂၂ကျောင်းမှ ကျောင်းသားကလေးငယ်များကို ကျောင်းဖွင့်ရက်တိုင်း နို့တိုက်ကျွေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ အခြေခံမူလတန်း ကျောင်းသား/သူပေါင်း ၄၅,ဝဝဝ ကျော်ကို မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊
Tetra Laval  ကုမ္ပဏီတို့ပူးပေါင်းကာ ယင်းစီမံချက်ကို ဆောင်ရွက်ခြင်း ဖြစ်သည်။



“မူလတန်းကလေးတွေကို နို့တိုက်ကျွေးရတဲ့ ရည်ရွယ်ချက်က သူတို့လေးတွေ ဥာဏ်ရည်ဖွံ့ဖြိုးအောင်ရယ်၊ အဟာရဓာတ်ပိုမို ပြည့်ဝပြီး ကောင်းမွန်အောင်လာစေဖို့ စီမံကိန်း ဦးတည်ပြီး ဒီလိုကျောင်းတွေမှာ နို့တိုက်ကျွေးဖို့ စီစဉ်ရတာပါ” ဟု    Tetra Laval နှင့် M.K ကုမ္ပဏီ၏ Senior Project Manager Mr.Markus Huet က ပြောကြားသည်။

နို့တိုက်ကျွေးခြင်းအစီစဉ်ကို မန္တလေးခရိုင်အတွင်းရှိ ကျောင်းများကို ပထမဆင့် အနေဖြင့် ဇူလိုင်လ ၅ရက်နေ့၊ ဒုတိယဆင့်အနေဖြင့် ဇူလိုင်လကုန်တွင် လည်ကောင်း၊ တတိယအဆင့်အနေဖြင့် သြဂုတ်လလယ်တွင် လည်းကောင်း ကျန်ခရိုင်များကို  ဆက်လက်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

နို့တိုက်ကျွေးသွားမည့် ကျောင်းသား/သူ အရေအတွက်

  • နေပြည်တော်ကောင်စီနယ်မြေ - ၁ဝ,ဝဝဝ
  • ရန်ကုန်တိုင်း ဒေသကြီး - ၁၇,၅ဝဝ
  • မန္တလေးတိုင်းဒေသကြီး   ၁၇,၅ဝဝ

“နို့တိုက်ကျွေးတာဘဲဖြစ်ဖြစ် ကျောင်းသားကလေးငယ်တွေအတွက် အဟာရကျွေးတာဘဲဖြစ်ဖြစ် ကျွန်တော်တို့ဘက်က ကလေးငယ်တွေရဲ့ ကျန်းမာရေးကို ဂရုစိုက်သွားမှာပါ။ ကျွေးမွေးတဲ့အခါမှာ ကူးစက်ရောဂါတွေ မဖြစ်ပွားစေဖို့ ကျွေးမွေးသူတွေရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ကူးစက်ရောဂါ မရှိမှု၊ ပန်းကန်၊ ဇွန်းနဲ့ အစားသောက် သပ်ရပ်မှု၊ ရေသန့်စင်မှုနဲ့ ဝမ်းပျက် ဝမ်းလျှော ဖြစ်စေမယ့် အစားစာတွေ မကျွေးမိဖို့ အလှူရှင်တွေကို ကြိုတင် သတိပေးမှုတွေ ဂရုတစိုက် လုပ်ထားဖို့ ကျောင်းအုပ်နဲ့ ဆရာ၊ ဆရာမတွေကို ကြိုတင်အကြံပေးဖို့ လိုတယ်” ဟု အခြေခံပညာကျောင်းအုပ်ဆရာကြီး တစ်ဦးက ပြောသည်။
Tetra ကုမ္ပဏီသည် အစားအသောက် ထုပ်ပိုးလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်သည့် ကုမ္ပဏီ ဖြစ်သည်။

အပူပေး ပိုးသတ် ဗူးသွပ်ထားသည့် နို့သည် ကြာရှည် အထားခံသော်လည်း စနစ်တကျ သိုလှောင်ရန် အရေးကြီးကြောင်း သိရသည်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved