ခလုတ် မနှိပ်ဘဲ လူကိုယ်တိုင် ၀င်ကစားရတဲ့ X. box ဂိမ်း

Sunday, July 21, 2013



လူကိုယ်တိုင် ဂိမ်းထဲတွင် ပါဝင် ကစားရသည့် ဂိမ်းများလည်း ခေတ်စားလျက်ရှိရာ ရန်ကင်းမြို့နယ် ၁၂ လုံးတန်း မှတ်တိုင် အနီးတွင် Zaw & Zoor ဟု အမည်ပေးထားသည့် X.box ဂိမ်းဆိုင် ဖွင့်ပွဲကို အင်္ဂါနေ့က ပြုလုပ်ခဲ့ပါတယ်။

“ဟုတ်တယ်ဗျ.. လူကိုယ်တိုင် ၀င်ကစားရတာပါ။  ဘောလုံးကန်တဲ့ ဂိမ်း၊   ဂစ်တာတီးတဲ့ ဂိမ်း၊   လက်ဝှေ့ထိုးတဲ့ ဂိမ်း၊   ပြေးတဲ့ဂိမ်း စသည်ဖြင့် အများကြီးပါ။ 
ကိုယ်စိတ်ဝင်စားတာကို ရွေးပေါ့။  ဂိမ်းဆိုပေမယ့်.. တကယ် အပြင်မှာ လုပ်နေရသလို ကစားရပါတယ်” လို့ ဂိမ်းဆိုင်ဖွင့်ပွဲကို တက်ရောက်လာသူ
ကိုစည်သူမောင်က ပြောပါတယ်။

ဂိမ်း ယဉ်ကျေးမှု ထွန်းကား ကျယ်ပြန့်လာသည့် ယခု အချိန်အခါတွင် ဂိမ်းသက်သက်သာ မဟုတ်ဘဲ ကာယ ဉာဏ ခေါ် စိတ်ရော ကိုယ်ပါ ပါဝင်လှုပ်ရှားရသည့် ဂိမ်းများ ဆန်းသစ်တီထွင်လာကြပြီး ကျန်းမာရေးကို အထောက်အကူပြု ဖြည့်ဆည်း ပေးတယ်လို့ သိရပါတယ်။

“ပြောရရင်တော့ အရင်က စိတ်နဲ့ ကစားခဲ့ရတယ်။  အခုကျနော့ စိတ်ရော ကိုယ်ရော ကစားရတယ်။  ကိုယ်လက် လှုပ်ရှား ပါဝင်ရတာ ဆိုတော့ ကျန်းမာရေး ကောင်းစေတယ်ဗျ။  ကျနော် အခု ပါဝင် ကစားခဲ့တာက လက်ဝှေ့ ဂိမ်းဗျ။  ကျနော်က ထိုးလိုက်တော့ ပြိုင်ဘက်ကို တကယ်ထိသွားသလို ခံစားရတယ်။ 
သူက ပြန်ထိုးတာကိုတော့ ကျနော့်ကို မထိဘူးပေါ့။  ပျော်စရာကောင်းတယ်။  ဒီဂိမ်းက အညောင်းမိမှာ မစိုးရိမ်ရဘူး” လို့
လက်ဝှေ့ ကစားပြီး ပြန်လာထွက်လာသူ ကိုဗိုလ်နင့်က ပြောပါတယ်။

ယင်း ဂိမ်းအမျိုးအစားကို Virtual Reality Game လို့ ဆိုနိုင်ပြီး၊   တနာရီအတွက် မြန်မာ ကျပ်ငွေ ၃၀၀၀ိ/ ပဲ ရှိတယ်လို့ ပိုင်ရှင် ကိုကျော်ဇောဝင်းက ပြောပါတယ်။

“ကျနော် နိုင်ငံခြား ရောက်ခဲ့တုန်းက ဒီလို ဂိမ်းဆိုင်မျိုးကို တွေ့ခဲ့တာပါ။  မြန်မာပြည် ပြန်လာတော့ ဒီလို ဂိမ်းမျိုးက မရှိမဖြစ် လိုအပ်လာပြီလို့ ယူဆတာရယ်၊   လူအများ ကျန်းမာရေးအတွက် အထောက် အကူ တစုံတရာ ဖြစ်စေချင်တာရယ်ကြောင့် ဖွင့်ဖြစ်တာပါ။  ဒီမှာတော့ ဒီလို X.box Game ဆိုင်နဲ့ အပန်းဖြေဖို့
နေရာက မရှိသေးသလောက်ပါပဲ။ 
စိတ်ပျော်ရွှင် အပန်းဖြေဖို့ ဒီလို ဆိုင်က အများကြီးလိုပါတယ်” လို့ ၎င်းက ပြောပါတယ်။

တနာရီ ဈေးနှုန်းက များမနေဘူးလား၊   သာမန် ပြည်သူတွေ အတွက် ကစားနိုင်ပါ့မလား လို့ ကိုကျော်ဇောဝင်းကို မေးကြည့်တော့ သူက - “ ဟုတ်ကဲ့၊  
ရုတ်တရက်ကြည့်ရင်တော့ များတယ် ထင်ရပါတယ်။  တခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင်တော့ မများပါဘူး။  ဒီမှာက တနေ့ လုပ်ခ ၀င်ငွေနည်းကြလို့ များတယ် ထင်နေတာပါ။  နောက်ပိုင်း မှာတော့ တဖြည်းဖြည်း ဈေးနှုန်းလျှော့သွားမှာပါ။  ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ ရည်ရွယ်တာက အများပြည်သူအတွက်လေ။
 အများပြည်သူ အတွက် ၀န်ဆောင်မှု တရပ်လို သဘောထားပါတယ်” လို့ ပြောပြပါတယ်။

ဂိမ်းလောက တခေတ်ဆန်းလာတဲ့ ကိုယ်တိုင်ဝင်ရောက် ကစားရတဲ့ ဂိမ်းယဉ်ကျေးမှုက မြန်မာနိုင်ငံမှာလည်း ဖွံ့ဖြိုးလာမယ်လို့ ခန့်မှန်းရပါတယ်။

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved