နိုင်ငံတော် ၀န်ကြီးချုပ် တကယ် တက္ကစီ မောင်းသလား

Tuesday, August 13, 2013

ပြည်သူလူထုရဲ့ ဘ၀အမှန်နဲ့ လိုလားမှု အမှန်ကို သိမြင် ဖို့ အသိအမြင်ကျယ်ပြီး စေတနာမှန်တဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေက အလေးအနက်ထား ဦးစားပေး လုပ်ဆောင်လာနေတာ တွေ့ရပါတယ်။ 


တက္ကစီမောင်းတယ်ဆိုတဲ့ နော်ဝေ ၀န်ကြီးချုပ် ၊ ဓာတ်ပုံ-www.theguardian.com

ဒါဟာ အုပ်ချုပ်ရေးမှာ အပြောင်းအလဲ သစ်တခု ဖြစ်လာတာလို့ ဆိုနိုင်ပါသလား။ ရှေးဘုရင်တွေခေတ်မှာတော့ ဘုရင်ကိုယ်တိုင် ရုပ်ဖျက်ပြီး တိုင်းစွန်နယ်ဖျားအထိ သွားရောက် စုံစမ်းတယ်လို့ သိရပါတယ်။ 

နော်ဝေးနိုင်ငံ ၀န်ကြီးချုပ် Jens Stoltenberg လျှို့ဝှက်စုံစမ်းတဲ့ ပုံစံကတော့ တက္ကဆီမောင်းသမားလိုပါ။ 

အော်စလို မြို့ထဲမှာ နေ့ခင်းပိုင်း တခုလုံး ပြေးဆွဲမောင်းနှင်တဲ့အကြောင်း BBC သတင်းတရပ်မှာ ဓာတ်ပုံနဲ့ တကွ ဖော်ပြပေးထား ပါတယ်။ 

ဘာကြောင့် အခုလို စုံစမ်းတာပါလိမ့်။ 

သူ ပြောပြတာက ခရီးသည် အများစုဟာ ကိုယ့်အမြင် ကိုယ့်သဘောထားကို တက္ကဆီကားတွေပေါ်မှာ အများဆုံး ပြောဆို မျှဝေတဲ့ သဘော ရှိတယ်လို့ ဆိုပါတယ်။ 

သူဟာ နေကာမျက်မှန်ကို တပ်ဆင်ပြီး အော့စ်လို တက္ကဆီမောင်းသမား ၀တ်စုံကို ၀တ်ဆင်ကာ တက္ကဆီပြေးဆွဲ 
မောင်းနှင်ပေမယ့် တချို့ ခရီးသည်တွေက သူ့ကို မှတ်မိနေတာလည်း ရှိတယ်တဲ့။ 

“ပြည်သူတွေ ဘာကို အလိုရှိတယ်၊ ဘာကို အလေးထားနေတယ် ဆိုတာ သိဖို့ အရေးကြီးတယ်။ ပြီးတော့ သူတို့က တက္ကဆီပေါ်မှာ ပိုပြီး အမှန်အတိုင်း ပြောဆိုကြတယ်” လို့ နော်ဝေ မီဒီယာ တခုကို သူက ပြောပါတယ်။ 

တချို့ ခရီးသည်တွေကိုတော့ သူက အကူအညီပေး၊ ပညာပေး၊ အားပေးတဲ့ စကားတွေလည်း ပြောပေးပါသတဲ့။ 

ကျနော်တို့ ဆီက တာဝန်ရှိသူတွေလည်း လွတ်တော်အသံ ပြည်သူ့ အသံ ဆိုပြီးတော့ ပြောနေကြတာတော့ ကြားနေရပါတယ်။

ပြီးတော့ သမ္မတကြီးကလည်း လ ပေါင်း ၃၀ အတွင်း ပြည်သူတွေအတွက် လျှပ်စစ်မီး၊ သောက်သုံးရေ၊ စိုက်ပျိုးရေး၊ အလုပ်အကိုင်ရရှိရေး၊ ခရီးသွားလုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ သမ္မတ ၀က်ဘ်ဆိုက်မှာတော့ တင်ပြထားတာပါပဲ။ ဘယ်နေ့ ဘယ်အချိန်မှာ ဘာတွေ ဘယ်လို လုပ်ဆောင်ပေးသွားမယ် ဆိုတာတော့ ဖော်ပြပေးမထားပါဘူး။

ပြီးတော့ ပြည်သူ့အတွက် ပြည်သူ့အတွက် ဆိုပြီး ပြောနေကြတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေရော ပြည်သူတွေရဲ့ ဘ၀နဲ့ လိုလားချက်ကို သိဖို့ ပြည်သူကြားထဲ ၀င်ရောက် သွားလာတယ် ဆိုတာ မကြားဖူး၊ မတွေ့ဖူးသလောက် ပါ။ လုပ်ပိုင်ခွင့်နဲ့ အခွင့်အာဏာ တစုံတရာ ရရှိသွားသူဟာ အလိုလို အခွင့်ထူးခံ ဖြစ်သွားတော့တာပဲ ဆိုတဲ့ နိုင်ငံ
ရေး သမားဟောင်း တဦး ပြောပြတဲ့ စကားကို မှတ်မိလိုက်ပါတယ်။ 

ကျနော်တို့ ဆီက နိုင်ငံရေး ခေါင်းဆောင်တွေ၊ အာဏာပိုင်တွေဟာ အခွင့်ထူးခံ တွေလား။ ဒါမှ မဟုတ် ပြည်သူ့ ကြား က ပြည်သူ့ အတွေး၊ ပြည်သူ့စကားကို အလိုလို အကြားအမြင်ရ သိရှိပြီးသူတွေလား.. ဆိုတာ…။ ။ 


 

နိုင်စွမ်း ~ 



1 comments :

  1. Anonymous said... :

    ကျုပ်တို့ သမ္မတ ကြီး ဖတ်မိသွားလို့ အားကျမခံ ကိုယ်တိုင် တက္ကဆီတွေ တက်မောင်းနေပါအုံးမယ်
    ရှူး တိုးတိုး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved