လိင်တူ ချစ်သူစုံတွဲရဲ့ ကောင်းကင်ပေါ်က လက်ထပ်ပွဲ

Tuesday, August 20, 2013


လိင်တူချင်း လက်ထပ်ကြတာဟာ တချို့နိုင်ငံတွေမှာ မကြာခဏဆိုသလို ရှိကြပေမယ့် တချို့နိုင်ငံတွေ အတွက်တော့ ကန့်သတ်မှုကြီးတွေနဲ့ ရင်ဆိုင်နေဆဲပါ။ 


နယူးဇီလန်နိုင်ငံမှ ပထမဆုံး လိင်တူချင်း တရားဝင်လက်ထပ်ခဲ့သူ စုံတွဲရဲ့ ကောင်းကင်က မင်္ဂလာပွဲ၊ 
ဓာတ်ပုံ- yahoo.com

နယူးဇီလန် နိုင်ငံမှာတော့ ပထမဆုံး လိင်တူချင်း လက်ထပ်ပွဲကို ကမ္ဘာမြေပြင်အထက် အမြင့်ပေ တသောင်းကျော်မှာ သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပခဲ့တာဟာ ထူးခြားတဲ့ သတင်းတခုဖြစ်နေပါပြီ။ 

၁၃ နှစ်ကြာ လက်တွဲခဲ့ကြတဲ့ Lynlen Bendall နဲ့ Ally Wanikau ဆိုသူ စုံတွဲကတော့ အဲယား နယူးဇီလန် 
လေကြောင်းလိုင်းရဲ့ ပရိုမိုးရှင်းမှာ ဆုရခဲ့လို့  အဲယားနယူးဇီလန်လေကြောင်းလိုင်းရဲ့ လေယာဉ်ကြီးပေါ်မှာ အခြား လိင်တူစုံတွဲတွေနဲ့အတူ တပျော်တပါး လက်ထပ်ပွဲ ကျင်းပခဲ့ကြတာပါ။ 


 သူတို့ စုံတွဲ ၂ ဦးလုံးဟာ ကလေး ထိန်းသိမ်းစောင့်ရှောက်ရေး ၀န်ထမ်းတွေလည်း ဖြစ်ပါတယ်။

အခုလို ကောင်းကင်ထက် လေယာဉ်ပေါ်မှာ မင်္ဂလာလက်ထပ်ပွဲ ကျင်းပဖြစ်ဖို့စိတ်ကူးတွေက ကလေးငယ်တွေ ဆီက ရလာတဲ့ အတွေးအကြံတခုဖြစ်ပြီး အခုတော့ အမှတ်တမဲ့ မဟုတ်တော့တဲ့ အမှတ်တရတွေ ဖြစ်လာရတာပေါ့။

(အချိန်ရမယ် ဆိုရင် ဆက်စပ် ဖတ်ရှုသင့်တာတွေကတော့ Yes or No  http://blog.irrawaddy.org/2011/04/yes-or-no.html နဲ့
ချစ်တာ အပြစ်လား  http://blog.irrawaddy.org/2012/08/blog-post_2210.html တို့ပါပဲ။)


နယူးဇီလန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလကမှ လက်ထပ်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်ခဲ့ပြီးတဲ့နောက် လိင်တူ စုံတွဲ ၃ ဒါဇင် လောက်က လက်ထပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး မနေ့က စလို့ လိင်တူချစ်သူတွေ တရားဝင် လက်ထပ်နိုင်ကြောင်း  တာဝန်ရှိသူတွေပြောတာကို ကိုးကား ပြီး အေပီ သတင်းတပုဒ်မှာ ရေးထားပါတယ်။ 

 လက်ထပ်ခြင်း ဥပဒေပြောင်းလဲလိုက်တာကို နယူးဇီလန်ရဲ့ ကြီးမားတဲ့ အပြောင်းအလဲ တခုအနေနဲ့ ရှုမြင်ကြပြီး ဂုဏ်ယူနေကြတာပါ။ 

Bendall နဲ့ Ally Wanikau တို့ရဲ့ ကောင်းကင်ပေါ်က လက်ထပ်ပွဲ တက်ရောက်လာသူ တချို့ စုံတွဲတွေ ဆိုရင် အတူနေလာခဲ့ကြတာ ၁၀ နှစ်ကျော် ကြာရှိပါပြီ တဲ့။

ဒီအထဲက ဖာဂူဆန်ဆိုတဲ့ သူက အမေရိကန် ပြည်ထောင်စုမှာ ၃၇ ပြည်နယ်မှာ အခုလို လိင်တူချင်း လက်ထပ်တာကို တရားမ၀င်ဘူးလို့ သတ်မှတ်ထားတဲ့အကြောင်းနဲ့ သူကြီးပြင်းခဲ့ရာ နယူးမက္ကဆီ ကို ပြည်နယ် အဲလ်ဘူကတ်ခ်မှာလည်း တလျှောက်လုံး ခွဲခြား ဆက်ဆံ ခံခဲ့ရကြောင်း ရင်ဖွင့်ထားပါတယ်။ 

“အရမ်းကို ခက်ခဲခဲ့ရတာပါ။ ကျနော်ဆို အမည် အမျိုးမျိုး အခေါ်ခံခဲ့ရတာ။ ကျနော့်မှာ အရူး အလုပ်ခံရလို့ ကျောင်းတွေလည်း ခဏခဏ ပြောင်းတက်ခဲ့ရတယ်။ ကျနော့်ကို အရူး လုပ်ခဲ့သူတွေ အခုတော့ ကျနော့်ကို မနာလိုဖြစ်နေကြတာ ပေါ့။ သူတို့က ဖေ့စ်ဘုတ် ကနေ ကျနော့်ကို ဆက်သွယ်ခဲ့ကြတယ်လေ။ ကျနော်က အရမ်းခွင့်လွှတ်တတ်သူဖြစ်ပေမယ့် အကုန်မေ့ပစ်လို့တော့ မရဘူးလေ” လို့ သူက ပြောထား ပါသေးတယ်။ 

တချို့ လိင်တူ ချစ်သူစုံတွဲတွေ ပြောတာကတော့ မီဒီယာရဲ့ အခန်းကဏ္ဍဟာ သူတို့ လိင်တူချစ်သူတွေ အပေါ် ပုံမှန် ဘ၀လို မိတ်ဆက်ပေးနေမှုက ခွဲခြားမှုတွေ ကင်းဝေးလာစေမှာဖြစ်တယ်လို့ ယုံကြည်တယ်လို့ ဆိုထားပါသေးတယ်။ 

အခုတော့ လိင်တူချစ်သူ စုံတွဲတွေရဲ့ ကောင်းကင်က မင်္ဂလာလက်ထပ်ပွဲသတင်းက စိတ်ဝင်စားစရာအဖြစ်နေရာယူခဲ့ပါပြီ။ 





 အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved