အာဏာသိမ်းဖို့ "အဖေကြီး" စီစဉ်ပေးခဲ့

Friday, August 9, 2013



မဆလခေတ် ၁၉၈၈ လူထုအုံကြွမှုကာလမှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။

အာဏာသိမ်းတဲ့နေ့က စက်တင်ဘာ ၁၈ ရက်နေ့ပါ။

အဲဒီမနက်မှာ ဦးနေ၀င်းအိမ်ကနေ  မဆလ ပါတီ အထွေထွေအတွင်းရေးမှူးကို ဖုန်းဆက်ခေါ်တယ်၊ ဒါနဲ့မဆလ ထိပ်သီး ၆ ယောက် ဦးနေ၀င်းအိမ်ကို အခစားဝင်ကြပါတယ် တဲ့။


အဲဒီ ၆ ယောက်က
"သမ္မတဒေါက်တာမောင်မောင်၊ ဝန်ကြီးချုပ်က သူရဦးထွန်းတင်၊ ဒုဝန်ကြီးချုပ်က ဗိုလ်ချုပ်သန်းတင်၊   ပါတီ အထွေထွေ အတွင်းရေးမှူးကတော့ ဗိုလ်ချုပ်ကြီးအေးကို၊ တွဲဖက်က ဗိုလ်ချုပ်ကြီး သူရကျော်ထင်၊ နိုင်ငံခြားရေးဝန်ကြီးက ဦးရဲခေါင်" တို့ ဖြစ်ကြောင်း ဦးခင်ညွန့်က ပြောတယ်လို့ အင်္ဂါနေ့ရက်စွဲနဲ့  ထုတ်ဝေတဲ့ မော်နီတာဂျာနယ်မှာ ရေးထားပါတယ်။

ဖုန်းလာချိန်မှာ ကာချုပ် ဗိုလ်ချုပ်ကြီးစောမောင်၊ ထောက်လှမ်းရေးချုပ် ဗိုလ်မှူးချုပ်ခင်ညွန့်တို့လည်း ရှိနေတော့ စုစုပေါင်း ၈ ယောက်သား ဦးနေ၀င်းအိမ်ကို ချီတက်သွားကြတယ်လို့ ဆိုပါတယ်။
ဟိုရောက်တော့ ဥက္ကဋ္ဌကြီးဦးနေ၀င်းက သူတို့ကို စစ်အာဏာသိမ်းဖို့ ပြောပါတယ် တဲ့။

ဥက္ကဋ္ဌကြီးပြောဆိုပုံကို ဦးခင်ညွန့် ရှင်းပြတာက ဒီလိုပါ ...

"ဥက္ကဋ္ဌကြီးက မင်းတို့ လုပ်နိုင်လား။ ထိန်းနိုင်လား တဲ့။ ကျွန်တော်တို့ မထိန်းနိုင်ပါဘူး တဲ့။
မင်းတို့ ဘာပြောစရာ ရှိလဲ တဲ့။ ဘာမှ မရှိပါဘူး၊ ဥက္ကဋ္ဌကြီး အစီအမံပါပဲ တဲ့။ ငါပြောတဲ့အတိုင်း မင်းတို့ လိုက်နာမလား တဲ့။ လိုက်နာပါ့မယ် ဆိုတော့  ကဲ ... ကိုစောမောင်၊ ငါတို့ ဘာမှ မလုပ်နိုင်တော့ဘူး။ မင်းတို့စစ်တပ်ကပဲ၊ တပ်မတော်ကပဲ တိုင်းပြည်ကို တာဝန်ယူလိုက်ကွာ တဲ့"

ဒါနဲ့ပဲ အဲဒီညနေမှာ စစ်တပ်အာဏာသိမ်းကြောင်း ရေဒီယိုကနေ ကြေညာလိုက်ပါတယ်။

 ၁၇ ရက်နေ့ နဲ့ ၁၈ ရက်နေ့တို့မှာ  ဦးနေ၀င်းအိမ်တော် သွားပြီး အခစားဝင်တဲ့ ထဲမှာ ဗိုလ်စောမောင်နဲ့ ဗိုလ်ခင်ညွန့်တို့ပါဝင်တယ်။ ဗိုလ်သန်းရွှေကိုတော့ စစ်ရုံးမှာ ထားခဲ့တယ်လို့ အဲဒီ အင်တာဗျူးက ဆိုပါတယ်။

အဲဒီကာလမှာ ဦးနေ၀င်းက တကယ့် ရှင်ဘုရင်ပါပဲ။
တရားဝင် အာဏာပိုင် မဟုတ်ပေမယ့် ထိပ်သီးတွေအားလုံးက သူ့ကို အလေးထားကြသူပါ။
ဦးခင်ညွန့်အင်တာဗျူးမှာတော့ သူ့ကို အဖေကြီး၊ ဥက္ကဋ္ဌကြီး စသဖြင့် ညွှန်းထားပါတယ်။

ဦးခင်ညွန့်နဲ့ ဧရာဝတီ အင်တာဗျူးကို http://burma.irrawaddy.org/archives/39785 မှာ ဖတ်ရှုနိုင်ပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့အာဏာသိမ်းခြင်းကို သူတို့က ... မြန်မာနိုင်ငံကို ကယ်တင်ခြင်း လို့ ဖွင့်ဆိုကြတာပါ။

ဒီလိုနဲ့ မြန်မာပြည်ကို ကယ်တင်တာ အနှစ် ၂၀ ကျော် ကြာသွားပါတယ်။
အနှစ် ၂၀ ကျော် ကြာသွားတော့လည်း ဆက်ပြီး ကယ်တင်နေတုန်းပါပဲ။ လက်ရှိအစိုးရပိုင်းထဲမှာ လွှတ်တော်ထဲမှာ သူတို့လူတွေချည်းပဲ အများစု မဟုတ်လား။

တရားဝင် ဆက်ပြီး အာဏာယူထားနိုင်ဖို့လည်း ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲပြဋ္ဌာန်းပြီးသွားပါပြီ။
လိုအပ်ရင် စစ်တပ်အာဏာထပ်သိမ်းခွင့်ရအောင်လည်း အဲဒီထဲမှာ သေသေချာချာ ထည့်ရေးထားပါတယ်။



.

2 comments :

  1. Aung Mao said... :

    ဒီအကြောင်းက အသစ်အဆန်းမှမဟုတ်တာ။အခုအတိအလင်းဝန်ခံလိုက်တဲ့သဘောပဲရှိပါတယ်။စဉ်းစားစရာက-ဦးနေ၀င်းဟာပါတီညီလာခံမှာနှုတ်ထွက်ကြောင်းပြောပြီးကတည်းက၊နိုင်ငံရေးနဲ့မပတ်သက်တော့ပါဘူးလို့၊ဗိုလ်ခင်ညွန့်တို့အုပ်စုခနခနပြောခဲ့ပေမယ့်၊အာဏာသိမ်းဖို့သူတို့အဖေကြီးစီစဉ်ပေးခဲ့တာပါလို့ အခုထုတ်ပြောလာပြီ။နောက်ပိုင်းမှာ ဗိုလ်ခင်ညွန့်ရဲ့ ၁/၉၀အကြောင်း၊NLDဖြိုခွဲရေးအစီအစဉ်တွေအထိ၊ဦးနေ ၀င်းဘယ်လိုပတ်သက်တယ်ဆိုတာပေါ်လာဦးမှာပါ။အခုတော့-အရပ်သားအစိုးရဆိုတာကြီးနဲ့ ဗိုလ်သန်းရွှေနဲ့ ဘာမှအဆက်အသွယ်မရှိပါဘူးလို့ပြောနေကြပေမယ့်၊တကယ်တော့-ဗိုလ်နေ၀င်းစီစဉ်ပေး ခဲ့သလို၊န၀တ နောက်မှာ ဗိုလ်နေ၀င်းရှိနေခဲ့သလို၊အခုလည်း နောက်ကွယ်မှာ ဗိုလ်သန်းရွှေ ရှိနေတာပါလို့ ဗိုလ်ခင်ညွန့်က Message ပေးချင်တာပဲလို့ပြောချင်ပါတယ်။

  1. Anonymous said... :

    အမျိုးသားနိုင်ငံ ရေးတဲ့... ဒါဆို ဘာသာရေးကို ခုတုံးလုပ်အုန်းမှာပေါ့

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved