ဘန်ကောက်မှာ အငြင်းပွားနေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကြမ်း

Thursday, August 8, 2013

-

ထိုင်းနိုင်ငံမှာ မငြိမ်မသက်မှုတွေနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ပေးခံရသူတွေ လွတ်ငြိမ်းချမ်းသာခွင့်ရနိုင်မယ့် ဥပဒေကြမ်းကို  ဗုဒ္ဓဟူးနေ့က စတင်ပြီး လွှတ်တော်အမတ်တွေ ဆွေးနွေး ငြင်းခုန်နေကြပါပြီ။


ဗုဒ္ဓဟူးနေ့က ဘန်ကောက်မြို့ လွှတ်တော်အဆောက်အအုံရှေ့ ဆန္ဒပြမှုမှာ လုံခြုံရေးတာဝန်ယူနေတဲ့ ရဲများနဲ့ ထိုင်းအလံမျက်နှာဖုံးတပ် ဆန္ဒပြသူတဦး (ဓာတ်ပုံ -  Reuters / Athit Perawongmetha)

အစိုးရက ကမကထပြုတဲ့ ဒီဥပဒေအရ ဆိုရင် ၂၀၀၆ စက်တင်ဘာ ၁၉ နောက်ပိုင်း မငြိမ်မသက်မှုတွေနဲ့ ဆက်စပ် ပတ်သက်ပြီး  ပြစ်ဒဏ်ပေးခံရသူတွေကို လုံးဝ လွတ်ငြိမ်းချမ်းသာခွင့်ပေးရမှာဖြစ်ပါတယ်၊ 
အဲဒီ စက်တင်ဘာ ၁၉ ဆိုတာကလည်း ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ပြည်ပရောက်နေတုန်း စစ်တပ်က အာဏာသိမ်းခဲ့တဲ့ကာလပါပဲ။

ဒီဥပဒေကြမ်းမှာ  မစ္စတာ သက်ဆင်အကြောင်း ပါဝင်ခြင်း မရှိပေမယ့်လည်း အတိုက်အခံနိုင်ငံရေးသမားတွေကတော့ ဒါကို အသည်းအသန် ကန့်ကွက်နေကြပါတယ်။
အတိတ်ကာလလူထုအုံကြွမှုတွေ နှိမ်နင်းခံရမှုမှာ တာဝန်ရှိသူတွေကို ဘေးမဲ့ပေးရာရောက်လိမ့်မယ်လို့ သူတို့က ထောက်ပြနေကြတာပါ။

မူရင်း သတင်းကို ဧရာဝတီ ပင်မ စာမျက်နှာ http://www.irrawaddy.org/archives/41568 မှာ ဖတ်နိုင်ပါတယ်။

မစ္စတာ သက်ဆင်ရဲ့ နှမ ရင်လပ်ရှင်နာဝပ်က လက်ရှိဝန်ကြီးချုပ်ဖြစ်နေပါပြီ။ အစိုးရအဖွဲ့ဝင်တွေကလည်း မစ္စတာ သက်ဆင်ရဲ့ သစ္စာခံတွေပါပဲ။

အတိုက်အခံတွေ စိုးရိမ်စရာဖြစ်နေတာကတော့ ဒီဥပဒေ အတည်ပြုမိရင်  ရင်လပ်ရှင်နာဝပ်က ဒီဥပဒေရဲ့ အားနည်းချက်ကို အသုံးချပြီး သူ့အစ်ကို ပြည်တော်ပြန်ရေး လုပ်သွားလိမ့်မယ် ဆိုတဲ့အချက်ပါ။

မနေ့က လွှတ်တော်မှာ ငြင်းခုံဆွေးနွေးမှု အစမပြုခင် အတိုက်အခံပါတီဝင် နှစ်ထောင်ခန့်က လွှတ်တော်အဆောက်အအုံရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved