ဗုဒ္ဓဂါယာဗုံးကွဲမှု၊ မော်ကျွန်းဘကကျောင်းများအလှူ နဲ့ ကန့်သတ်ချက်တချို့

Friday, August 2, 2013

.
မော်လမြိုင်ကျွန်းက ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဘကကျောင်း) တွေ အတွက် မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်က ဦးနေမျိုးဇင် ဦးဆောင်တဲ့ အဖွဲ့တွေဟာ စာရေးကိရိယာတွေနဲ့ စာကြည့်တိုက် အတွက် စာအုပ်စာစောင်များ သွားရောက်လှူဒါန်းရာမှာ ကန့်သတ်မှုတွေ ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်  မော်လမြိုင်ကျွန်းမြို့ ဒေသခံများနဲ့ ဦးနေမျိုးဇင်တို့အဖွဲ့
 ဒါ့အပြင် ဒေသခံလယ်သမားတွေနဲ့ လူမှုကွန်ရက်တွေ တွေ့ဆုံဆွေးနွေးဖို့ရှိပေမယ့် မော်လမြိုင်ကျွန်းမြို့နယ်သံဃာ့ နာယကအဖွဲ့ရဲ့ တားမြစ်ချက်ကြောင့် ကမ်းနားကျောင်းတိုက်ဆရာတော်က သူ့ကျောင်းမှာ လုပ်ဖို့ ခွင့်မပြုတော့ဘူးလို့ ဦးနေမျိုးဇင်က ပြောပါတယ်။

“ကမ်းနားလမ်းက ကမ်းနားကျောင်းတိုက်မှာ ဘ/ကကျောင်းတွေအတွက် စာအုပ်တွေ လှူဒါန်းမယ်။ လယ်သမားတွေနဲ့ တွေ့ဆုံမယ်လို့စီစဉ်ထားတယ်။ အခုဒီနေ့ကျတော့ ကျောင်းက ခွင့်မပြုဘူး ဖြစ်သွားတယ်။
ဘာကြောင့် ခွင့်မပြုတာလဲလို့ ကျနော်မေးတော့ လုံခြုံရေးအရတဲ့။ အထက်က ညွှန်ကြားထားတဲ့ လုံခြုံရေးကိစ္စကြောင့် ဒီလို အဖွဲ့အစည်းတွေ လာရောက် လှူဒါန်းတာတွေကို လက်မခံဖို့ ညွှန်ကြားထားတယ် တဲ့။ တိုင်းသံဃာ့နာယကကို လုံခြုံရေးဆိုင်ရာက အကြောင်းကြားထားတယ်ပေါ့။ ဗုဒ္ဓဂါယာမှာ ဗုံးကွဲတဲ့အတွက်ကြောင့် လူစုလူဝေးတွေ ကျောင်းမှာ လက်မခံဖို့ ပြောထားတယ်ဆိုပြီး ဘုန်းကြီးကျောင်းက ကျနော်တို့အဖွဲ့ လှူတာကို လက်မခံဘူး”

ဒါကြောင့် အကူအညီရယူဖို့ မြို့ပေါ်တက်လာတဲ့ ဘ/ကကျောင်း ဖွင့်ထားတဲ့ ဆရာတော်တွေကို လှေထဲမှာပဲ စာကြည့်တိုက်အတွက် စာအုပ်အိတ် ၁၀ အိတ်၊ ဗလာစာအုပ်ဒါဇင် ၆၀ ကျော်နဲ့ ဘောပင်၊ ခဲတံတွေ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

လှူဒါန်းမှုနဲ့ ပတ်သက်ပြီး နွားရေကျော်အုပ်စု၊ တောင်သာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော် အရှင်တိက္ခစာရက အခုလို မိန့်ကြားပါတယ်။

“ကလေးတွေအတွက် အခုလို တဖက်တလမ်းက ပညာဒါန လုပ်ပေးတဲ့အတွက် ဦးဇင်းတို့ ၀မ်းသာပါတယ်။
အခက်အခဲကတော့ ဆရာမတွေ ငှားသင်နေရတော့ ကလေးမိဘတွေအတွက် ကျောင်းလခပေးဖို့ ခက်ခဲတာပေါ့။
စာအုပ်စာတမ်းတွေလည်း မပြည့်မစုံနဲ့ ကလေးတွေ ပညာ သင်နေရတာပေါ့။
အဲဒါကြောင့် အခုလိုအလှူရှင်တွေဆီ အကူအညီတောင်းရတာပါ” 

၂၀၀၄ ခုနှစ်ကနေ ကိုယ်ထူကိုယ်ထ စတင် ဖွင့်လှစ်ခဲ့တဲ့ တောင်သာ ဘ/ကကျောင်းမှာ သူငယ်တန်းကနေ ၅ တန်းအထိ အခမဲ့ ပညာသင်ကြားပေးနေပါတယ်။
ကျောင်းသားကျောင်းသူပေါင်း ၈၆ ဦး ရှိတယ်လို့ သိရပါတယ်။

ဒီဒေသကို လာရောက်ရခြင်း အကြောင်းရင်းကို ဦးနေမျိုးဇင်က အခုလိုပြောပါတယ်။

“ကျနော်က ပစ္စည်းလှူဖို့တင်မဟုတ်ဘူး၊ ဒီဒေသက ကျောင်းတွေအခြေအနေ ဘယ်လိုရှိသလဲ။ ကလေးတွေ ပညာသင်ကြားနိုင်မှု အခြေအနေ၊ ကျောင်းမတက်နိုင်လို့ ဘ/ကကျောင်းမှာ တက်နေရရင်လည်း ဘ/ကကျောင်းတွေမှာ ဘာအခက်အခဲ ရှိနေသလဲ၊ စာအုပ်တွေ လိုသလား။ နည်းပညာနဲ့ပတ်သတ်လို့ အထောက်အပံ့ လိုသလား၊
ကွန်ပျူတာတွေ သင်ချင်ကြသလား၊ အဲဒါတွေကို ကျနော်က အချက်အလက်တွေ လာစုတာ။
ပြီးရင် ပြည်ပက လူမှု အဖွဲ့အစည်းတွေကို ပြန်တင်ပြပေးမယ်။ သူတို့တွေက ဘ/ကကျောင်းတွေနဲ့ ကလေးသူငယ်တွေရဲ့ ပညာရေးနဲ့ ဘ၀ဖွံ့ဖြိုးရေးကို အဓိကထား လုပ်ချင်တဲ့လူတွေ။ ကျနော် တင်ပြတဲ့ အပေါ်မှာ အကူအညီပေးတဲ့အခါ ကျနော်က ဒီဒေသမှာပြန်လာပြီး ကူညီပေးဖို့ပါ”

ရဟန်းတော်တွေဟာ မြတ်သောအလှူခံပုဂ္ဂိုလ်ဖြစ်ပြီး မည်သူမဆို လှူဒါန်းနိုင်တဲ့အပေါ်မှာ အခုလို လှူဒါန်းခွင့် ပိတ်ပင်ခံရတာကို စိတ်မကောင်းဖြစ်မိကြောင်း သူက ဆက်ပြောပါတယ်။

“ဘာသာရေးက ဘာသာရေးလေ။ အုပ်ချုပ်ရေးက အုပ်ချုပ်ရေးတပိုင်းလေ။ ဓမ္မစက်နဲ့ အာဏာစက်က သီးသန့်စီ ရှိမှာမို့လား။ အခုလို ရောယှက်ပြီးတော့ ဘုန်းတော်ကြီးကျောင်းတွေမှာ မစုရ မဝေးရ မ၀င်ရဘူး ဆိုပြီးတော့ ကိုယ့်ဘာသာဝင် အချင်းချင်း ကန့်သတ်တာက မလုပ်သင့်ပါဘူး” လို့  ဦးနေမျိုးဇင်က ဆက်ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်ထဲမှာ ဘကကျောင်း ၃၄ ကျောင်းရှိတယ်၊ အဲဒီမှာ ကျောင်းသားပေါင်း ၅၀၀ ကျော် ပညာသင်ယူနေတယ်လို့ သိရပါတယ်။

ကမ်းနားကျောင်းက လက်မခံတဲ့အတွက် လယ်သမားတွေရဲ့တွေ့ဆုံပွဲကိုလည်း မြို့ထဲက နေအိမ်တချို့နဲ့ ကမ်းနားလမ်းက နေရာတချို့မှာပဲ လုပ်ခဲ့ရတယ်လို့ သိရပါတယ်။

ဆလိုင်းသန့်စင် ~



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved