တွစ်တာကို တွင်တွင်သုံးတဲ့ အမေရိကန်ရောက် ကိုအောင်မိုးဝင်းက ဝိုင်သမားတွေ စိတ်ဝင်စားစရာ ကရိယာတခုအကြောင်း သတင်းတပုဒ်ကို တွိထားပါတယ်။
ပြီးတော့ I need this လို့လည်း မှတ်ချက်ပြုထားပါတယ်။
အဲဒါကတော့ ပိတ်ဆို့ထားတဲ့ ဖော့တုံးမဖွင့်ဘဲ ပုလင်းထဲက ဝိုင်အရက်ကို ခွက်ထဲရောက်အောင် လုပ်ပေးတဲ့ ကရိယာပါ။
တကယ်ပဲ ဖော့တုံးကို မဖွင့်တဲ့အပြင် ဖုံးအုပ်ထားတဲ့စက္ကူပြားကိုတောင် ခွာပစ်ဖို့မလိုတာ တွေ့ရပါလိမ့်မယ်။
မျက်လှည့်လည်း မဟုတ်၊ ဂမ္ဘီရအတတ်လည်း ထည့်မထားပါဘူး။
မူရင်းကို ဖတ်ချင်ရင်တော့ http://mashable.com/2013/07/31/coravin-wine/ မှာ ဖတ်ပါ။
အင်တာနက် မြန်နှုန်းမြင့်မြင့် ရှိတယ် ဆိုရင် မူရင်းသတင်းနဲ့အတူ ဖော်ပြထားတဲ့ ရုပ်သံကိုလည်း ကြည့်သင့်ပါတယ်။
အဲဒီကရိယာက ဆေးထိုးအပ်နည်းဗျူဟာကို သုံးထားတယ်လို့ ဆိုရပါမယ်။
သေးငယ်တဲ့ပိုက်က ဖော့တုံးကို ဖောက်ထွင်းပြီး ဝိုင်အရက်ရှိရာကို သွားမယ်၊ ပြီးရင် အဲဒီပိုက်ကတဆင့် ဝိုင်အရက် အပြင်ရောက်အောင် ငှဲ့သောက်ရုံပါပဲ။
ဒီနည်းက ဝိုင်အရက်ပုလင်းထဲ လေမဝင်တဲ့နည်းလို့ ဆိုပါတယ်။
သမားရိုးကျနည်းအတိုင်း ဖော့တုံးဖွင့်သောက်ရင် ဝိုင်အရက်ပုလင်းထဲ လေဝင်ပါလိမ့်မယ်။ ပြင်ပလေနဲ့ထိဖူးတဲ့ ပုလင်းသွပ်ဝိုင်အရက်က ကြာလေ ကွာလတီညံ့လေပေါ့။
ဒါကြောင့် အဖုံးဖွင့်ပြီးရင် တရက်အတွင်း သို့မဟုတ် ရက်အနည်းငယ်အတွင်း အပြတ်ရှင်းကြတာပါ။ ရက်သိပ်ကြာသွားရင် အရက် အရည်အသွေး မကောင်းတော့ဘူးလို့ ဝိုင်လုလင်ကြီးငယ်တို့က ယူဆပါတယ်။
နှစ်ခြို့ဝိုင်က ဈေးကြီးတယ်၊ သောက်လို့ကောင်းတယ် ဆိုတဲ့ ထုံးစံ ရှိပါတယ်။
ဒါပေမယ့် ဝိုင်ပုလင်း ဖောက်ပြီးရင် ဝိုင်ကွာလတီ တဖြည်းဖြည်းကျမှာပါ။
ဒါကြောင့် ဖောက်ပြီးသားဝိုင်ပုလင်း လက်ကျန်ရှင်းရေးကို ဝိုင်သမားတွေ၊ အရက်သမားတွေက နှစ်ခြို့အောင် မစောင့်ကြပါဘူး။
ဒီပစ္စည်းအကြောင်း ဖတ်ရတာ အတော်ပါပဲ။ ဧရာဝတီဘလော့ရဲ့ အစားအသောက် ကဏ္ဍ http://blog.irrawaddy.org/search/label/Food%20and%20Drink?&max-results=15
မှာ စားစရာ သောက်စရာအကြောင်း မရေးတာ အတော်ကြာပါပြီ။
ဝိုင်ပုလင်းထိုးဖောက်ရေးပစ္စည်းအကြောင်း ပြန်ဆက်ရရင် ...
ဒီပစ္စည်း ထွင်တဲ့သူက Greg Lambert ဖြစ်ပါတယ်။ ထွင်ခဲ့ပုံကတော့ ...
သူနဲ့ သူ့ဇနီး တပုလင်းကို နှစ်ယောက် ဖြိုနေကျ။ သူ့ဇနီး ကိုယ်ဝန်ဆောင်ကာလ သူ့တယောက်တည်း ဖြိုရချိန်မှာ တယောက်တည်း တပုလင်း မကုန်တာကြောင့် ဒီပစ္စည်း ထွင်ဖို့ အိုင်ဒီယာ ရသွားပါတယ် တဲ့။
ဈေးကြီးတဲ့ဝိုင်၊ နှစ်ခြို့ဝိုင် သောက်လေ့ရှိသူတို့ကတော့ ဒီပစ္စည်း ဝယ်ကြမှာပါ။
သောက်လုံးကြီးသူ အဲ ... တပုလင်းလုံးကုန်အောင် သောက်တတ်သူတို့ကတော့ ဒီပစ္စည်းကို အားပေးကြမယ် မဟုတ်ပါ။
စားသောက်ဆိုင်တွေ၊ အရက်ဘားတွေမှာပဲ ၀ယ်သုံးကြမယ် ထင်ပါတယ်။
ဈေးနှုန်းကလည်း ဒေါ်လာ ၃ဝဝ လို့ ဆိုထားတာကိုး။
ဒေါ်လာ ၃ဝဝ ဆိုပေသော်လည်း ဝယ်တဲ့အခါ အခွန်ဆောင်ရမှာကြောင့် ၃ဝဝ ကျော်သွားပါလိမ့်မယ်။
ဒါဟာ သူတို့ဆီမှာ ဝိုင်ပုလင်းပေါင်း လေးဆယ်လောက်တော့ ဝယ်နိုင်တဲ့ ငွေပမာဏ ဖြစ်ပါတယ်။
ဒါကြောင့် ဒီဈေးနဲ့ ဆိုရင်တော့ ဒီပစ္စည်းက အရောင်းသွက်ဖွယ် မမြင်ပါ။
ဝိုင်ကို တခွက်ချင်းရောင်းတဲ့ ဆိုင်တွေမှာတော့ ဝိုင်ပုလင်း ဖွင့်တဲ့အခါ တံဆိပ်မှာ ရက်စွဲ ရေးတတ်ကြပါတယ်။
တပတ်ကျော်သွားပြီ ဆိုရင် အဲဒီပုလင်းကို မေ့လိုက်တော့။
ဖော့ဆို့ဖွင့်ပြီးတပတ်ကျော်တဲ့ဝိုင်ကို ချပေးရင် သောက်သုံးသူက အနံ့ခံကြည့်ရုံနဲ့တင် ဝိုင်ကွာလတီကို ခန့်မှန်းပြီး ခေါင်းခါဖွယ် ရှိပါတယ်။
ကဲ ... ဝိုင်ပုလင်းဖွင့်ပြီး တပတ်ကျော်တဲ့အထိ လက်စ မသတ်မိဘူးဆိုရင် လွှင့်ပစ်ရတော့မှာပဲလို့ မယူဆပါနဲ့။
မီးဖိုထဲ ပို့လိုက်ပါ။
ရက်လွန်ဝိုင်က အသားဟင်းချက်တဲ့အခါ နည်းနည်းထည့်ချက်ရင် အင်မတန် သင့်တော်တာ တွေ့ရမှာဖြစ်ပါတယ်။
.
0 comments :
Post a Comment