ရှစ်လေးလုံး ငွေရတုနဲ့ သတိပြုသင့်တာတွေ

Friday, August 2, 2013

ရှစ်လေးလုံးပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးသည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အလွန်အရေးကြီးသော မှတ်တိုင်ကြီး ဖြစ်သည့် အားလျော်စွာ မြန်မာ့နိုင်ငံရေးကို စိတ်ပါ ၀င်စားသူများသည် အဆိုပါ အရေးတော် ပုံကြီး ၏ငွေရတုအခမ်းအနားကို အကြောင်းပြု လျက် ရှစ်ဆယ့်ရှစ်မျိုးဆက်များအကြား အမြင်သဘော ထားများ ကွဲလွဲသွားမည်ကို မလိုလားသည့်နည်းတူ၊ ရှစ်ဆယ့်ရှစ်မျိုးဆက်များ၏ တန်ဘိုးများထိခိုက်သွား မည်ကို စိုး ရိမ်သည့်အလျောက် အမြင်၊ သဘောထားများ၊ အကြံဥာဏ်များ၊ ထင်မြင်ချက်များ၊ မှတ်ချက်များ ကို ရေးကြ၊ ပြောကြ၊ ဆွေးနွေးကြနေသည်မှာ အရှိတရားပင်ဖြစ်သည်။ 


ထိုအနေအထားတွင် ပြည်တွင်း၌ ငွေရတုအခမ်းအနားအထမြောက်အောင် ဦးစီးဦး ဆောင်လုပ်နေရ သည့် နိုင်ငံရေးအင်အားစုများ၏ အခက်အခဲများနှင့်အကြပ်အတည်း များကိုလည်း နားလည်သဘောပေါက် ရန် အတန်အသင့်လိုအပ်သည်ဟု ထင်မြင်မိပါ သည်။ ပြည်တွင်းနိုင်ငံရေးအနေအထား၏ သိမ်မွေ့သော သဘောကိုလည်း မျက်ခြေ မပြတ်ရန် အထူးလိုအပ်သည်ဟုထင်မြင်မိပါသည်။ 

ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်
ရေး နှင့် ပြည်တွင်း ငြိမ်းချမ်းရေးတို့အပေါ် အခြေခံသောဖြစ်ပေါ်တိုးတက်မှုများ အလျင်အမြန်ဖြစ်ပေါ်ရေး တွင် ပြည်တွင်းရှိအင်အားစုများအားလုံးအကြား ယုံကြည်မှုတည်ဆောက်ရေးသည် အလွန်အရေးကြီး သည်ဟု မှတ်ချက်ပြုရမည်ဖြစ်သည်။ 

ထို့အပြင် ပြည်တွင်းနိုင်ငံရေးအစီအမံများသည် ဒေါ်အောင်ဆန်းစုကြည်၏ခြေလှမ်းများ ရည်မှန်းချက် များ၊ နိုင်ငံရေး လမ်းကြောင်းတို့နှင့် တစ်ထပ်တည်းကျနေရန်လည်း အထူး လိုအပ်သည်ဟု ထင်မြင်မိပါသည်။ 

လက်ရှိမြန်မာ့နိုင်ငံရေးခရီးတွင် ပြည်သူလူထုနှင့်နိုင် ငံရေးအင်အားစုများအားလုံးအတွက် တစ်ဦးတည်း
သော ခေါင်းဆောင်မှာ ဒေါ်အောင် ဆန်းစုကြည်ပင်ဖြစ်သည်။ 

ဗမာလူမျိုးများအတွက်သာမက၊ တိုင်းရင်းသားလူမျိုးစုများ အတွက်လည်း အားကိုးအားထားပြုစရာ တစ်ဦးတည်းသောခေါင်းဆောင်မှာ ဒေါ် အောင်ဆန်းစုကြည်သာဖြစ်သည်။ 

အကယ်စင်စစ် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံ ကြီး မှ ပြည်သူလူထုများစွာ၏ အသက်၊ သွေး၊ ချွေးတို့နှင့် ရင်းနှီးတည်ဆောက်မွေးယူခဲ့ရသော ပြည်သူ့ 
ခေါင်းဆောင်ပင်ဖြစ်သည်။ 

ထို့ကြောင့် ပြည်တွင်းပြည်ပနိုင်ငံရေးအင်အားစုများအနေဖြင့်၊ မိမိတို့ ခေါင်းဆောင်၏ နိုင်ငံရေးလမ်
ကြောင်း ကို မျက်ခြေမပြတ်ရန် လိုအပ်ကြောင်း သတိ ချပ်သင့်သည်။ ဒေါ်အောင်ဆန်းစုကြည် ကို 
ခေါင်းဆောင်ဟု မသတ်မှတ်နိုင်သူများအ တွက်မူ ဆိုဖွယ်ရာမရှိပါဟုသာမှတ်ချက်ပြုရမည်ဖြစ်သည်။ 

လွန်ခဲ့သောရက်ပိုင်း ဆွေးနွေးပွဲတစ်ခုတွင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ဆွေးနွေးဖြစ်ခဲ့သည်ကို 
ပြန်အမှတ်ရမိသည်။ 

လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဒေါ်အောင်ဆန်းစုကြည်မှတစ်ပါး၊ ပြည်သူလူထုအနေဖြင့် ယုံကြည် အားကိုးလောက် သော ခေါင်းဆောင်မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည်သာ အမျိုးသား 
ပြန်လည်သင့်မြတ်ရေး၊ ဖက်ဒရယ်စနစ်ဖော်ဆောင်ရေး၊ ဒီမိုကရေစီစနစ်ထူထောင်ရေးတို့ အတွက် ပြည်သူ လူထု အတွက် ရင်းပြီးအလုပ်လုပ်မည့် တစ်ဦးတည်းသောခေါင်း ဆောင်ဖြစ်ကြောင်း ဆွေးနွေးဖြစ်ခဲ့သည်။ 

လက်ပံတောင်းကြေးနီစီမံကိန်းတွင် ဒေသခံ များအတွက် ၀မ်ပေါင်ကုမ္ပဏီက လျော်ကြေးများ၊ အထောက် အပံ့များပြောင်းလဲသတ် မှတ်ခဲ့ခြင်း၊ အစိုးရ၊ ဦးပိုင်နှင့်ဝမ်ပေါင်အကြား အချိုးအစားပြောင်းလဲ၍ စာချုပ်
ပြောင်း လဲချုပ်ဆိုနိုင်ခဲ့ခြင်း၊ တရုတ်အစိုးရအနေဖြင့် တရုတ်ကုမ္ပဏီများအား တာဝန်သိသော ရင်းနှီးမြုပ်နှံ မှုပြုလုပ်ရန် ဆော်သြလာခဲ့ခြင်းတို့သည် ဒေါ်အောင်ဆန်းစုကြည်၏ အနစ် နာခံ၊ စွန့်လွှတ်ခံ ဆောင်ရွက်ခဲ့မှု များ၊ လက်ပံတောင်းကော်မရှင်ကို ဒေါ်အောင်ဆန်းစု ကြည်က ဦးစီးဦးဆောင်လုပ်ခဲ့သဖြင့် ရရှိခဲ့သော အကျိုးကျေးဇူးများပင်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ 

ထို့ကြောင့် တစ်ဦးတည်းသောခေါင်းဆောင်ဖြစ်သော ဒေါ်အောင် ဆန်းစုကြည်၏နိုင်ငံရေးလမ်းကြောင်းနှင့်
နိုင်ငံရေးစံနှုန်းများကို မျက်ခြေမပြတ်ရေး သည် မျက်မှောက်နိုင်ငံရေး၏လိုအပ်ချက်ပင်ဖြစ်သည်။ 

ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
သည် ဇူလိုင်လ (၃၁) ရက်နေ့တွင်၊ နေပြည်တော်ရှိလွှတ်တော် ကော်မတီရုံးခန်း၌ သတင်းမီဒီယာများ ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။ 

အဆိုပါဖြေကြားမှုများထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှစ်လေးလုံးငွေရတု အခမ်းအနားနှင့် ပတ်သက်
သော သဘောထားမှာလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ 

ရှစ်လေးလုံးအရေးတော်ပုံသည် အနာဂတ်အတွက် အထောက်အကူသာဖြစ်ရမည်ဖြစ် ပြီး၊ အနာဂတ် တိုးတက်ရေးကို ချုပ်ကိုင်ထားမှု မပြုစေလိုကြောင်း၊ သမိုင်းသင်ခန်းစာ ယူ၍ပိုမိုတိုးတက်စေလိုကြောင်း၊ ရှစ်လေးလုံးအရေးတော်ပုံသည် ရှေ့သို့တိုးတက်ရန် သင်ခန်းစာယူနိုင်သော အရေးတော်ပုံသာဖြစ်စေ လိုကြောင်း၊ ရှေ့ရေးကိုပိတ်ပင်သည့် အရေးတော်ပုံမျိုး မဖြစ်စေချင်ပါကြောင်း မှတ်ချက်ပြုပြောကြားခဲ့ သည်။ 

ဒေါ်အောင်ဆန်းစုကြည်၏မှတ်ချက်ကို ထောက်ကျင့်လျှင်၊ ရှစ်လေးလုံးငွေရတုအခမ်း အနားသည် မြန်မာ့
နိုင်ငံရေး ရှေ့ခရီးတွင် တိုးတက်မှုများရနိုင်မည့် လှုပ်ရှားမှုသာဖြစ် သင့်ကြောင်းထောက်ပြထားသည်။ 

ရှေ့ရေးကို ပိတ်ပင်သည့် အရေးတော်ပုံမျိုးမဖြစ် စေချင်ပါကြောင်းပြောကြားချက်သည်လည်း ရှေ့နိုင်ငံရေး ခရီးအတွက် ကြိုတင်သ တိပေးလိုက်ခြင်းဖြစ်သည်ဟု ထင်မြင်မိသည်။ 

ရှစ်လေးလုံးငွေရတုအခမ်းအနားသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ယုံကြည်မှု တည်ဆောက်ရေး လမ်းကြောင်းများကို ပိတ်ပင်သော၊ အဟန့်အတားဖြစ်စေသော လှုပ်ရှားမှုမဖြစ်စေရန် သတိပေးထား 
ခြင်း ဖြစ်သည်ဟု ထင်မြင်မိပါသည်။ 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်နိုင်ငံရေးထဲတွင် ပြည်သူ နှင့်တိုင်းပြည် အကျိုး အတွက် ထမ်းရွက်နေသည့်တချိန်တည်း၌ အခြား နိုင်ငံရေးအင်အားစုများကလည်း ဒေါ်အောင်ဆန်းစုကြည်
နှင့် ဟန်ချက်ညီညီပုံဖော်နေရန် အထူးလို အပ်သည်။ 

လွှတ်တော်နိုင်ငံရေး၊ လွှတ်တော် ပြင်ပငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ထဲထဲဝင်ဝင်ပါဝင်လာနိုင်နေသည့် တစ်ချိန်တည်းတွင် လွှတ်တော်အကြီးအကဲများ၊ တပ်မတော် အကြီးအကဲ များတို့နှင့် ထိတွေ့ဆက်ဆံမှုများ လည်းမြင့်မားလာမည်ဖြစ်သည်။ 

ထိုနည်းတူ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည်လည်း အစိုးရအကြီးအကဲများနှင့်ငြိမ်း ချမ်းရေးနှင့်ဖက်ဒရယ်တို့ကို ထိတွေ့ဆွေးနွေးသုံးသပ်လျက်ရှိနေသည်။ 

ထိုနိုင်ငံရေးအခင်းအကျင်းကြီးတွင် ရှစ်လေးလုံးငွေရတုအထိမ်းအမှတ်အခမ်းအနား သည် သီးခြား လမ်းကြောင်းတစ်ခုအပေါ် ရောက်ရှိမသွားရန် အထူးသတိထားဆင် ခြင်သင့်သည်။ 

တနည်းအားဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်မှုတည်ဆောက်ရေး၊ အမျိုးသား 
ပြန်လည်သင့်မြတ်ရေး၊ ထိတွေ့ဆက်ဆံ ရေးလမ်းကြောင်းမှ သွေဖြီမသွားရန်လည်း အထူးလိုအပ်လျက် ရှိနေသည်။ 

ရှစ်လေးလုံးငွေရတုအခမ်းအနားတွင် အစိုးရ၀န်ကြီးတစ်ဦးဦးအနေဖြင့် မိန့်ခွန်းပြော ကြားရန် အစီအစဉ် မရှိသေးဟု ဆိုသော်လည်း၊ မိန့်ခွန်းပြောဖို့ အစီအစဉ်ကို အဆိုပြု လာခဲ့မည်ဆိုလျှင် မည်သို့တုန့်ပြန်မည်ကို ကြိုတင်သုံးသပ်စဉ်းစားထားသင့်သည်။ 

ဝန်ကြီးမိန့်ခွန်းပြောသင့်၊ မသင့်၊ သ၀ဏ်လွှာဖတ်သင့်၊ မသင့်အပေါ် အကြောင်းပြု လျက် ဒီမိုကရက်တစ် အင်အားစုဖက်တွင် အက်ကြောင်းဖြစ်ခဲ့မည်ဆိုလျှင် မည်သူ အကျိုးရှိမည်ကို သတိချပ်သင့်သည်။ 

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သည်လည်း အချိုးအကွေ့များစွာတွင် အက်ကြောင်းများစွာကို ရရှိခဲ့သည့်သာဓက များအား လေးလေးနက်နက် ဆင်ခြင်သင့်သည်။ 

လက်နက်ကိုင်အဖွဲ့အစည်းများပင်၊ အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးအတွက် အစိုးရ ကိုယ်စားလှယ် ၀န်ကြီးများနှင့်မျက်နှာချင်းဆိုင်တွေ့ဆုံစကားပြောနေ သည့်အချိန်၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ ဖက်ဒရယ်အရေးဆွေးနွေးပွဲများတွင် အစိုးရ၀န်ကြီးများကိုယ်တိုင် တက်ရောက်အမှာ စကားပြောဆွေးနွေး
နေသည့် အချိန်၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လွှတ်တော်တက်ပြီး၊ လွှတ်တော်နိုင်ငံရေးထဲဝင်၊ အစိုးရ၊ တပ်မတော်တို့နှင့် ပြန်လည်သင့်မြတ်ရေးတည်ဆောက်နေသည့်အချိန်တွင် ရှစ်လေးလုံးငွေရတု အခမ်း အနား ကြီးကို သတိကြီးကြီးထားဆောင်ရွက်ရမည်ဟုမျှော် လင့်မိပါသည်။ 

ရှစ်လေးလုံးငွေရတုအခမ်းအနားကြီးသည် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင် 
ဖော်ဆောင်နေသည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ယုံကြည်မှုတည်ဆောက်ရေး၊ ပြုပြင်ပြောင်း လဲရေး လမ်းကြောင်းများကို ပံ့ပိုးပေးသည့် တွန်းအားဖြစ်စေသည့် လမ်းကြောင်းအပေါ်မှ အလုပ်လုပ်ရန် အရေးကြီးသည်ဟု မှတ်ယူမိပါသည်။ 

ရှစ်လေးလုံးငွေရတုအခမ်းအနားကို အကြောင်းပြုလျက်၊ ဒေါ်အောင် ဆန်းစုကြည်၏ယုံကြည်မှု တည်
ဆောက်ရေးနှင့်ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို ထိခိုက်နစ်နာစေမည်။ 

ဒီမိုကရက်တစ်အင်အားစုများအကြား အကွဲအပြဲများသာ၊ အမာ ရွတ်များသာ ကျန်ရစ်ခဲ့မည်ဆိုလျှင် တကယ် ထိခိုက်နစ်နာရမည့်သူများမှာ မြန်မာပြည် သူလူထုကြီးပင်ဖြစ်သည်ကိုလည်း မျက်ခြေမပြတ် သင့်ပေ။ 

စကားမစပ်၊ မြန်မာ့အရေးကို အဝေးကြည့်နေသူများကိုလည်း ဆွေးနွေးလိုပါသည်။ မြန်မာ့အရေးကို အဝေးမှဝေဖန်သုံးသပ်ထောက်ပြနေသူများအား အထူးကျေးဇူးတင် ရှိကြောင်းဦးစွာပြောလိုပါသည်။ 

မည်သို့ပင် ဝေဖန်ထောက်ပြသည်ဖြစ်စေ၊ သတိပြုသင့် သော၊ အလေးထားသင့်သော အချက်များကို သိရှိနိုင်သဖြင့်၊ ဝေဖန်မှုများကို အားပေး ရမည်သာဖြစ်သည်။ တချိန်တည်းတွင် အဝေးကြည့်သူများအနေ
ဖြင့်၊ အတွင်းလူများ၏ အခက်အခဲများ၊ အကြပ်အတည်းများကို နားလည်သဘောပေါက်ရန်၊ ဆင်ခြင် သုံးသပ် ရန် အထူးလိုအပ်လျက်ရှိသည်။ 

ပြည်တွင်းနိုင်ငံရေးအခြေအနေ၏ သိမ်မွေ့သောအနေ အထားကိုလည်းကောင်း၊ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်၏ သင့်မြတ်ရေး၊ ယုံကြည်မှုတည်ဆောက်ရေးလမ်းကြောင်းများနှင့် ကိုက်ညီအောင် ပုံဖော်နေရသည့် အနေအထားကိုလည်းကောင်း၊ ပြည်ပမှ အဝေးကြည့်သူများအနေဖြင့် သတိချပ်သင့် ပါ ကြောင်း ပြည်သူလူထုအကျိုးမျှော်နှိုးဆော်လိုက်ရပါသည်။ 

လေးစားလျက်- 

ဒေါက်တာ ရန်မျိုးသိန်း ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved