ပြန်ကြားရေးနဲ့ စာနယ်ဇင်း ကောင်စီ ဆက်လက်ဆွေးနွေးမယ်

Tuesday, August 13, 2013

ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်နဲ့ စာနယ်ဇင်း ကောင်စီ ( ယာယီ) တို့အကြား တွေ့ဆုံမှုဟာ ပြေလည် မှု မရှိသေးပေမယ့် ဆက်လက် ဆွေးနွေးသွားဖို့ ရှိတယ်ဆိုတဲ့အကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက ယမန်
နေ့က သတင်းထုတ်ပြန်ပါတယ်။ 

 ယမန်နေ့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသော ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်၊ 
ဓာတ်ပုံ- Steve/ဧရာဝတီ

ပြန်ကြားရေးဝန်ကြီးဌာနဟာ သတင်းသမားတွေကန့်ကွက်နေတဲ့ကြားက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းမှာ မီဒီယာတွေ သဘောမတူတဲ့အချက်တွေကို ပြင်ဆင်ဖြုတ်ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် လွှတ်တော်ကို တင်ခဲ့တာပါ။ ဒါကြောင့် စာနယ်ဇင်း ကောင်စီက သဘောတူညီချက် ချိုးဖောက်တယ်ဆိုပြီး တလောက ကြေညာခဲ့ပါတယ်။

တဖက်မှာလည်း စာနယ်ဇင်း ကောင်စီက ဦးဆောင်ရေးဆွဲထားတဲ့ သတင်းမီဒီယာ ဥပဒေကြမ်းကို ပြန်ကြား
ရေး ၀န်ကြီးဌာနက သဘောမတူတဲ့ အချက် ၁၇ ချက်ပါနေလို့ လွှတ်တော်ကို တင်မယ်ဆိုရင်လည်း ကန့်ကွက်နေမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ စာနယ်ဇင်း ကောင်စီ (ယာယီ) အကြား ညှိနှိုင်းလို့ မရ ယုံကြည်မှု မရပဲ ရှိနေပါတယ်။

ပြန်ကြားရေး ၀န်ကြီးဌာနကတော့ မပြေလည်သေးတာတွေ ဆက်လက်ညှိနှိုင်းမယ်လို့ ဒါကြောင့် သတင်း ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ 

သတင်းထုတ်ပြန်မှု အပြည့်အစုံကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 
 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
 ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်( ၁/၂၀၁၃) 
၂၀၁၃ ခုနှစ် သြဂုတ်လ (၁၂)ရက် ၁၃၇၅ ခုနှစ် ၀ါခေါင်လဆန်း (၆)ရက် 


 ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အကြား တွေ့ဆုံမှုအခြေအနေ သတင်းထုတ်ပြန်ချက် 

၁။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဥက္ကဋ္ဌ ဦးခင်မောင်အေး ခေါင်း
ဆောင် သည့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)တို့သည် ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ တွင် မြန်မာနိုင်ငံ၏ မီဒီယာဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ 

၂။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် မြန်မာ့မီဒီယာပတ်ဝန်းကျင်ကို လူမှုတာဝန်သိမှု မီဒီယာပုံစံအဖြစ် တည်ဆောက်ရန် မျှော်မှန်း ထားချက်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အနေဖြင့် ဆက် လက် ဆွေးနွေးရန် သဘောတူသည်။ 

၃။ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)တို့အကြား သဘောထားကွဲလွဲ မှုများနှင့် အခြားဆွေးနွေးရန် ရှိသည်များကို စေ့စပ်ညှိနှိုင်းဆွေးနွေးသောနည်းဖြင့် ဆက်လက်­­­­ဆောင်ရွက် သွားရန် သဘောတူသည်။ 


 အိမ့်သံစဉ် ~

 
ဆက်စပ်သတင်း 

 စာနယ်ဇင်း ကောင်စီနှင့် ပြန်ကြားရေး ၀န်ကြီး ဆွေးနွေးမှု အဖြေမထွက်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved