ကမ္ဘာပေါ်မှာ အကောင်းဆုံးအစိုးရ

Monday, August 26, 2013

 ~




ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် ကျောဘက် ၃၂ လမ်း ထဲမှာ ပျော်ပွဲရွှင်ပွဲကြီးတခု လုပ်နေပါတယ်။
ထောင့်ငါးရာတန်ဖုန်းကတ် မဲနှိုက်ပေးနေတာပါ။
ဗလာမဲပေါက်သူအများအပြားရှိသလို ကံကောင်းသူတွေလည်း ရှိပါတယ်။


၆၆ မောင်နိုင်နိုင်အောင် ... ဗလာ ဖြစ်ပါတယ်။
၁၅၅ ဝမ်းဖိုက်ဖိုက် ... 
ဗလာ ဖြစ်ပါတယ်။
၁၁၃ ဝမ်းဝမ်းသရီး
...  ဗလာ ဖြစ်ပါတယ်။
၁၆ဝ ဝမ်းစစ်ဇီးရိုး မောင်ဇာနည်စိုး  ...  ဗလာ ဖြစ်ပါတယ်။
၁၄၆ ဝမ်းဖိုးစစ် 
...  ဗလာ ဖြစ်ပါတယ်။
၁ဝ၁
GSM ပေါက်ပါတယ်...
စသဖြင့် စသဖြင့်  တရပ်ကွက်လုံးကြားအောင် အသံချဲ့စက်နဲ့ အော်နေပါတယ်။
ဒါမှ ပွင့်လင်း မြင်သာမယ်ပေါ့လေ။
တံခါးပိတ်ထားလည်း ဒီလောင်းကစားသံ အဲ ... ဖုန်းကတ် မဲနှိုက်တဲ့ဆီကအသံ ကြားရမှာပါ။

ဗလာဖြစ်ပါတယ် ဆိုတဲ့ အသံတွေကြားထဲမှာ တချက်ချက်

GSM ပေါက်ပါတယ်...
CDMA  ပေါက်ပါတယ် ...
ဆိုတဲ့ အသံ ကြားရပါတယ်။

အဲဒီ ပေါက်ပါတယ်၊ ဗလာဖြစ်ပါတယ် ဆိုတဲ့အသံတွေနဲ့အတူ  စိတ်ပျက်သွားတဲ့အသံ၊ သဘောကျသံ၊ အားကျသံတွေလည်း လော်စပီကာထဲကနေ အနည်းအကျဉ်း ထွက်လာပါတယ်။ ဗလာမဲမဟုတ်ဘူး ဆိုရင် လက်ခုပ်တီးသံလည်း ကြားရပါတယ်။ အသိအကျွမ်းထဲက မဲပေါက်တဲ့အတွက် အားပေးကြတာ ဖြစ်ပါလိမ့်မယ်။

မြန်မာပြည်တနံတလျား  ဖုန်းကတ် မဲနှိုက်ရတဲ့အတွက် မဲပေါက်သူ အရေအတွက် အများအပြား ရှိမှာပါ။
မဲပေါက်သူဟာ တသိန်းဝန်းကျင် ပေါက်ဈေးရှိတဲ့ ဖုန်းကတ်ကို ထောင့်ငါးရာနဲ့ ဝယ်ခွင့်ရပါပြီ။

ဒီတော့ လစဉ်လတိုင်း မဲပေါက်လို့ ဝမ်းသာကြသူ အများအပြားပါပဲ။
မြန်မာအစိုးရက လစဉ်လတိုင်း နိုင်ငံတဝန်းက ပြည်သူအများအပြား (ပြည်သူအများအပြား)ကို ပျော်စေနိုင်တဲ့အစိုးရပါ။

တခြားနိုင်ငံတွေမှာ အစိုးရမင်းတွေက ဒီလိုပျော်ရွှင်နိုင်အောင် ဖန်တီးနိုင်ကြပါသလား။ မထင်ပါဘူး။
ဒါကြောင့် မြန်မာအစိုးရက ကမ္ဘာပေါ်မှာ အကောင်းဆုံးအစိုးရဖြစ်လိမ့်မယ်လို့ တွေးနေမိပါတယ်း)



 

 



.

2 comments :

  1. Anonymous said... :

    မီးခဏခဏလာလို့ ခဏခဏပျော်ရတာလည်းရှိပါသေးတယ်.............

  1. ဧရာဝတီရေ၊စာလုံးကျန်ခဲ့တယ်(တမင်)
    စိပ်ပျက်ဖို့

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved