ရှစ်လေးလုံး ၂၅ နှစ်ပြည့်အခမ်းအနားသတင်း နိုင်ငံပိုင်သတင်းစာ ဖော်ပြ

Friday, August 9, 2013

.

ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာတွင် ယမန်နေ့က ကျင်းပသော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၂၅ နှစ်မြောက် အခမ်းအနားရဲ့ ယမန်နေ့က သတင်းကို ဒီကနေ့ နိုင်ငံပိုင် 

ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာတွေမှာ ဖော်ပြပါရှိလာပါတယ်။ 


ဒါဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံပိုင် သတင်းစာကနေ ရှစ်လေးလုံးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောတာနဲ့ အခမ်းအနား ကျင်းပတာကို နှစ်ပေါင်း ၂၅ နှစ်ကြာမှာ ပထမဆုံး ဖော်ပြတာလည်း ဖြစ်ပါတယ်။ 

 ယနေ့ထုတ် ကြေးမုံသတင်းစာ ဖြတ်ပိုင်း

နိုင်ငံပိုင် သတင်းစာက ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌအနေနဲ့ ဖော်ပြတာဖြစ်ပြီး အဆိုပါ ရှစ်လေးလုံး ငွေရတု အခမ်းအနား တက်ရောက်လာကြတဲ့ ဦးဌေးဦးကိုလည်း ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလ အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ဦးသိန်းဇော်ကိုလည်း ပြည်သူ့လွှတ်တော် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း ဖော်ပြပါတယ်။ 

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ ဖြတ်ပိုင်း 

လွန်ခဲ့တဲ့ ၂၅ နှစ်ကာလ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကာလကြီးအတွင်းက နိုင်ငံပိုင် သတင်းစာတွေရဲ့ ရေးသားတင်ပြပုံတွေဟာ သတင်းစာ လွတ်လပ်ခွင့်ကို  အလေးအနက်လိုလားခဲ့ကြောင်း ပေါ်လွင်ထင်ရှားခဲ့ပါတယ်။ 

၁၉၈၈ ခုနှစ် စစ်တပ်က အာဏာ သိမ်းပြီး နောက်ပိုင်း နိုင်ငံပိုင် သတင်းစာတွေဟာ စစ်အစိုးရရဲ့ ၀ါဒဖြန့်ချီရေးအလုပ်များကိုသာ အဓိက ထားခဲ့ကြပါတယ်။ မကြာသေးမီကတော့ နိုင်ငံပိုင် သတင်းစာတွေကို ပြည်သူ ဗဟိုပြု သတင်းမီဒီယာတွေဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ လူသိရှင်ကြား ထုတ်ဖော်ပြော ဆိုလာခဲ့ပါတယ်။


အိမ့်သံစဉ် ~ 

ဆက်စပ်သတင်း 

ပြန်ရချင်တဲ့ ရှစ်လေးလုံး ကာလ သတင်းစာ လွတ်လပ်ခွင့်


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved