အသားဖြူစေမယ့် ထိုးဆေး

Friday, August 9, 2013

-

 အင်္ဂလိပ်တွေက အသားညိုချင်တယ်။ ညိုဖို့အတွက် နေစာလှုံကြတယ်။
အာရှသားတွေကတော့ အသား ဖြူဖြူဖွေးဖွေး ဖြစ်ချင်ကြတယ်။



အသားဖြူဖို့ ဟိုဟာ ဒီဟာတွေ လိမ်းကြရာမှာ ဆေးနဲ့တည့်ပြီး အရေပြား ဖြူဖြူဝင်းဝင်း ဖြစ်သွားသူများ ရှိသလို အရေပြားမှာ အနီကွက်၊ အညိုကွက် ထ သွားသူတွေလည်း ရှိ၊ အဖုအပိန့် ကြီးငယ် ထွက်သွားသူလည်း ရှိတယ်လို့ ဆိုကြပါတယ်။

လိမ်းဆေးတွေ ကြော်ငြာထားတာတော့ အစုံပါပဲ။
နို့ပါတဲ့ လိမ်းဆေး၊ သစ်ဥသစ်ဖု အသီးအနှံ ပါဝင်တယ် ဆိုတဲ့ လိမ်းဆေး၊ ဗီတာမင် စီ ထည့်ထားတယ် ဆိုတဲ့ လိမ်းဆေး စသဖြင့် စသဖြင့်။

အသားဖြူဖို့ ဆေးလိမ်းကြတာထက်  မျက်နှာဖြူဖို့ ဆေးလိမ်းကြတာကို ပိုပြီး သတိပြုမိကြပါလိမ့်မယ်။

ဆက်စပ် ဖတ်ရှုရန် -
မျက်နှာ အဆိပ်ထုတ်နည်း
http://blog.irrawaddy.org/2012/09/blog-post_7646.html

အသားဖြူဖို့ ထိုးဆေးလည်း ရှိပါတယ် တဲ့။
ဖြူချင်တဲ့နေရာကိုပဲ ဆေးထိုးရတာလား၊ တနေရာထိုးတာနဲ့ တကိုယ်လုံး ဖြူသွားတာလား ဆိုတာကိုတော့ မသိရပါ။

ထိုးဆေးကြောင့် ဘေးထွက်ဆိုးကျိုးလည်း ရှိပါတယ်။

အရေပြားဆိုင်ရာ ဆေးခန်း အွန်လိုင်း http://skinlifeclinic.com/services/skin-treatments/skin-whitening-injection/ မှာ ရေးထားချက်အရ ဆိုရင်
နာမယ်၊ သွေးထွက်မယ်၊ သွေးခြေဥမယ်၊ အနာပေါက်မယ်၊ ဆေးမတိုးဘူး ဆိုတာမျိုးတွေ ဖြစ်နိုင်တယ်။ နေရောင်ထိရင် ကုသမှုကို ထိခိုက်မယ်။ ဒါကြောင့် နေရောင် ရှောင်ရမယ်။
ကျောက်ကပ် သို့မဟုတ် အသည်း နဲ့ ပတ်သက်ပြီး ရောဂါ ရှိတယ် ဆိုရင် ဒီ အသားဖြူဆေးက မသင့်တော်ပါ လို့ ဆိုပါတယ်။
အသားဖြူဖို့ ထိုးဆေးက အမျိုးမျိုး ရှိပါလိမ့်မယ်။  ဒါကတော့ အထက်ပါ ၀က်ဆိုက်မှာ ရေးထားတဲ့ ဘေးထွက်ဆိုးကျိုးတွေထဲက ကူးရေးထားတာပါ။

ကြာသပတေးနေ့ထုတ် ရန်ကုန်တိုင်းမ် သတင်းစာ စာမျက်နှာ ၁၀ မှာတော့ အသားဖြူရန် ဆေးထိုးမှု အမျိုးသားများပါ ပြုလုပ်လာကြ ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ်ကို ဖတ်ရပါလိမ့်မယ်။

ဒီဆေးကတော့ အကြောထဲ သွင်းရတဲ့ ဆေး လို့ ဆိုပါတယ်။
Gluta Whitening Vitamin Cocktail Treatment Glutathione injection လို့ ခေါ်တဲ့ဆေးဖြစ်တယ်၊ ထိုင်းမှာ သရုပ်ဆောင်တွေ မော်ဒယ်တွေ ထိုးကြတယ်၊ အသားကိုဖြူစေတယ်၊ အသည်း ကျောက်ကပ်ကို အားကောင်းစေတယ် တဲ့။
မြန်မာပြည်မှာတော့ အမျိုးသားတွေပါ ထိုးလာကြပါပြီ တဲ့။
ဘေးထွက်ဆိုးကျိုး မရှိပါဘူး တဲ့။

ထိုးဆေး တလုံး ကျပ် လေးသောင်း လို့ ဆိုတယ်။
တလုံးတည်း ထိုးရုံနဲ့တော့ ဖြူမသွားဘူး ဆိုတော့ အကြိမ်ကြိမ် ထိုးရမယ့်သဘောပေါ့။

ဒီတော့ အသားအရောင် အပြောင်းအလဲအတွက် အချိန်ကုန်၊ ငွေကုန်ခံရမယ့် ကုသနည်း လို့ ဆိုရမှာ ဖြစ်ပါတယ်။ 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved