အနောက်တိုင်းသားအများအပြား ထိုင်းမှာ အိမ်မဲ့ယာမဲ့ဖြစ်နေကြပြီ

Wednesday, August 21, 2013

 ~



ထိုင်းနိုင်ငံက ဒေသခံ NGO တချို့ဟာ သူတို့ဆီက အိမ်ခြေမဲ့တွေကို အကူအညီပေးကြတာ ကြာပါပြီ။
အခုတော့ သူတို့ဆီမှာ သောင်တင်နေတဲ့ အနောက်တိုင်းသား အိမ်ခြေမဲ့တွေကိုပါ အကူအညီပေးနေကြရပါတယ် လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ တနင်္လာနေ့က ရေးထားပါတယ်။

ပြီးခဲ့တဲ့ တန်ဆောင်တိုင်ပွဲကာလက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ စားသောက်ဆိုင်တခုရှေ့မှာ တွေ့ရတဲ့ ဒေသခံများ၊ နိုင်ငံခြားသားများ (ဓာတ်ပုံ - စည်သူလင်း/ဧရာဝတီ) အနောက်တိုင်းသားတွေ ခြေချင်းလိမ်နေတဲ့ ပတ္တယားကမ်းခြေမြို့မှာဆိုရင် McDonald ဆိုင်ရှေ့ အမှိုက်ပုံးထဲ စားစရာ ရှာနေတဲ့ အနောက်တိုင်းသား အိမ်ခြေမဲ့တချို့ကို တွေ့နိုင်ပါတယ် တဲ့။

ထိုင်းမှာ အနောက်တိုင်းသား အိမ်ခြေမဲ့ ၂ဝဝ ထက် မနည်း ရှိတယ်၊ ဒေသခံ အိမ်ခြေမဲ့ အရေအတွက်ကတော့ ၃ဝ,ဝဝဝ ဝန်းကျင် ရှိတယ် လို့ ခန့်မှန်းကြောင်း သတင်းက ဆိုပါတယ်။

အများစုက ထိုင်းအမျိုးသမီးတွေနဲ့ အိမ်ထောင်ကျထားပြီး အခုအခါ အိမ်ယာမဲ့ဖြစ်နေ၊ ဘိုင်ပြတ် ရေခမ်း ရေမရှိဘူး ဖြစ်နေကြပြီ ဆိုပဲ။
နိုင်ငံခြားသားဖြစ်တဲ့သူတို့က တိုက်ခန်း၊ အိမ်တို့ကို အိမ်ထောင်ဘက်နာမည်တွေနဲ့ ဝယ်ထားကြတယ်၊ အခု သူတို့ကို မဒီတွေက ခွာထုတ်ကြလို့ လမ်းပေါ်ရောက်နေကြတယ် ဆိုပါတော့။
ဒီလိုဖြစ်နေတာတော့ ကြာပါပြီ။
သို့သော်လည်း ဘန်ကောက်ပို့စ်အဆိုအရ လက်ရှိ အရေအတွက် ၂ဝဝ ထက် မနည်းတော့ဘူး ဆိုတော့ ထိတ်လန့်ဖွယ်ပမာဏ လို့ ပြောနိုင်ပါတယ်။

လမ်းဘေးရောက်ပြီ ဆိုတော့ သူတို့ ပတ်စ်ပို့မရှိတော့ဘူး၊ ရှိလည်း ဗီဇာသက်တမ်းတိုးဖို့ ခက်ခဲသွားပါပြီ။ ထိုင်းအာဏာပိုင်တို့က ဘန်ကောက်မှာရှိတဲ့ သက်ဆိုင်ရာသံရုံးများနဲ့  ချိန်ဆက်ပြီး သူတို့ ပြည်တော်ပြန်ရေး ဆောင်ရွက်ပေးမယ်လို့ ယူဆရပါတယ်။

အနောက်တိုင်းသားအများအပြား ထိုင်းမှာ အိမ်နဲ့ယာနဲ့ ဘဝသစ်ထူထောင်နေကြသလို
အိမ်မဲ့ယာမဲ့ဖြစ်နေကြသူလည်း မနည်းတော့ဘူးပေါ့။
ပြီးခဲ့တဲ့နှစ်မှာ ထိုင်းကို ရောက်လာတဲ့ နိုင်ငံခြားသားဧည့်သည်အရေအတွက်  ၂၂ သန်း ရှိပါတယ် တဲ့။ တချို့လည်း ရက်ပိုင်းပဲနေကြပေမယ့် တချို့ကတော့ လနဲ့ချီ နှစ်နဲ့ချီ နေကြပါတယ်။ ကာလအတန်ကြာ အချေခြနေထိုင်တဲ့ အနောက်တိုင်းသားအရေအတွက် အများအပြား ရှိနေတဲ့အတွက် အခုလို ဘေးထွက်ပြဿနာတွေ ပေါ်ပေါက်နေတာပါ။

မြန်မာပြည်မှာတော့ လမ်းဘေးရောက် အနောက်တိုင်းသား မရှိသေးဘူးလို့ ယူဆရပါတယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved