မလေးရှားနဲ့ ရန်ကုန်က လူငယ်တို့ရဲ့ ခေတ်ပြိုင် # 7

Wednesday, September 25, 2013

 ~



 
မလေးရှားရောက် မြန်မာပြည်သား လူငယ်တချို့နှင့် ရန်ကုန်မှ လူငယ်တချို့တို့၏ ကဗျာများကို စုစည်းထားသည့် ခေတ်ပြိုင် # 7 ကဗျာစာအုပ် မိတ်ဆက်ပွဲ အစီအစဉ်ကို
စနေနေ့က ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ The Last Leaf Gallery တွင် ပြုလုပ်ခဲ့သည်။


ပါဝင်ရေးဖွဲ့သူတို့မှာ ညီလင်းနိုင်၊ လင်းလက်တာရာ၊ ရွှေကိုယ်နတ် (UCSM)၊ ရဲရင့်လမင်း၊ ကိုသျှား၊ ဆူးရဲ၊ ကျော်ဦး (လှိုင်) တို့ ဖြစ်ကြသည်။
အများစုမှာ မလေးရှားတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရှိရသည်။

ပန်းသာနုစာပေက ဖြန့်ပြီး ရောင်းဈေး ကျပ် ၂,ဝဝဝ သတ်မှတ်ထားသော ထိုစာအုပ်တွင် ကဗျာပေါင်း ၇၂ ပုဒ် ပါဝင်ပြီး အများစုမှာ ရင်ဘတ်ချင်း ငြိသွားနိုင်သည် ကဗျာများဖြစ်ကြောင်း တွေ့ရသည်။

မလေးရှားရောက် မြန်မာပြည်သား အလုပ်သမားများ ကဗျာရေးဖွဲ့သည်ဟူသော အချက်ကို လူအများစု သတိမပြုမိသည့် အခြေအနေတွင်  ဤစာအုပ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

စနေနေ့ခင်း စာအုပ်မိတ်ဆက်ပွဲနှင့်အတူ တပြိုင်နက် ကျင်းပသည့် အစီအစဉ်မှာ သက်ကြီးကဗျာဆရာတို့ကို ဂါရ၀ပြုပူဇော်ခြင်း၊ ကဗျာရွတ်ခြင်း စသည့် အစီအစဉ်များ ဖြစ်သည်။

အခမ်းအနား စစချင်း ကဗျာဆရာမောင်စိမ်းနီက အမှတ်တရစကား ပြောကြားရာတွင် ကဗျာဆရာတစ်ယောက်အနေဖြင့် ကဗျာဆရာတို့၏ ဂါရ၀ပြု ကန်တော့ခြင်း ခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု ထည့်သွင်း ပြောကြားသွားသည်။

ထို့နောက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်သည့် အစီအစဉ်မှ ကမန်းကတန်း ကူးသန်းလာသော ကဗျာဆရာ သစ္စာနီကလည်း အမှတ်တရစကား ပြောကြားခဲ့သည်။
ကဗျာဆရာသည် တွင်းထွက်ပစ္စည်းများကိုရောင်းသူဖြစ်ကြောင်း၊ သို့သော် ထိုတွင်းထွက်များသည် အဘိုးတန် ကျောက်၊ သတ္ထု၊ ရေနံတို့ မဟုတ်ဘဲ ရင်တွင်းထွက်ပစ္စည်းများသာ ဖြစ်ကြောင်း ဆရာသစ္စာနီက ပြောပြခဲ့သည်။

အမှတ်တရစကား ပြောသူများထဲတွင် အောင်ရန်ငြိမ်း၊ လင်းထိုက်နီ၊ ညီလင်းနိုင်တို့လည်း ပါဝင်သည်။

လှူဖွယ်ပစ္စည်းများ ပေးအပ် ဂါရ၀ပြုခြင်း၊ ခင်အောင်အေး၊ စူးရှမင်း၊ မအိ၊ မောင်နှင်းအေး၊ သော်ဇင်အုန်း၊ ကေဇော်မိုး၊ စုမီအောင်၊ တေဇမင်း၊ တက်နေထက်၊ ညီလင်းနိုင်၊ ကျော်မိုးသူတို့၏ ကဗျာရွတ်ဖတ်ခြင်း စသည့် အစီအစဉ်များကိုလည်း တွေ့ခဲ့ရသည်။

ရန်နောင် (ဗိုလ်တထောင်) ရေးသားသည်။



ကဗျာရွတ်နေတဲ့ ခင်အောင်အေး
 ကန်တော့ခံကဗျာဆရာကြီးတချို့ နှင့် အခမ်းအနား တက်ရောက်သူများ


 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved