ရန်ကုန်မြို့လယ်က ဂျစ်ကား ဗေဒင်ခန်း

Thursday, September 26, 2013

 ~




ကိုယ့်အသိအကျွမ်းထဲ  နေရာကောင်းကောင်းမှာ အလုပ်ခန်းငှားဖို့ ခေါင်းကိုက်နေတဲ့ ဗေဒင်ဆရာ ရှိပါသလား။  ရှိတယ် ဆိုရင် ဒီဓာတ်ပုံ သူ့ကို ပြလိုက်ပါ။ အိုင်ဒီယာ ရသွားပါလိမ့်မယ်။ တခြားသော ခေါင်းကိုက်နေသူများလည်း ဒီစိတ်ကူးကို သိပ် ကြိုက်သွားနိုင်ပါတယ်။

This jeep, permanently parked opposite Sula Pagoda, offers palm reading and astrological readings to both locals and tourists. (Photo: Steve Tickner / The Irrawaddy)

ဆူးလေဘုရား ခုံးကျော်တံတားအောက်၊ ယခင် တိုးရစ်ဘားမားရုံး - ဟိုတယ်ခရီးရုံးဘေးနားမှာ ဂျစ်ကားတစီး ကျောက်ချထားတာပါ။
အဲဒီနားကအရောင်ခြယ်မထားတဲ့ပလက်ဖောင်းဘေး ကား အချိန်ပြည့် မရပ်ရ ဆိုတဲ့ စည်းကမ်းချက် မရှိလေတော့ ဒီကားက ၂၄/၇ အဲဒီနေရာ ရှိနေဟန် တူပါရဲ့။
နေပြည်တော်မှာ သမ္မတသာ အပြောင်းအလဲဖြစ်မယ်၊ ရန်ကုန်က ဒီကားကတော့ အပြောင်းအလဲ ဖြစ်မယ်မဟုတ် ရွေ့မယ်မဟုတ် ဆိုပါစို့။

ဒီကားဓာတ်ပုံကို မြန်မာပြည်နဲ့ ဗေဒင်အကြောင်း ရေးထားတဲ့ ဧရာဝတီသတင်းတပုဒ်မှာ သုံးထားတာပါ။

စမ်းယမင်းအောင် ရေးသားတဲ့ Astrologists Tell the Future, Offer Hope in Burma ဆိုတဲ့ သတင်း ဖြစ်ပါတယ်။
http://www.irrawaddy.org/archives/44763 မှာ ဖတ်ပါ။ အဲဒီ ဂျစ်ကား ဗေဒင်ခန်းဟာ ဆူးလေဘုရားအောက်ထပ် ပတ်ပတ်လည်က ပြိုင်ဘက် ဗေဒင်ခန်းများထက်တော့ ထူးခြားနေပါတယ်။ ဟုတ်ပါတယ်၊ ဂျစ်ကားထဲမှာ ဗေဒင်ခန်းဖွင့်ထားလို့ပါပဲ။
ဗေဒင်ဟောဆရာက ကားဆရာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ကားမမောင်းတတ်လည်း အရေးမကြီးပါ၊ ဗေဒင် တတ်ကျွမ်းဖို့သာ လိုမယ် မဟုတ်လား။

ဒီဟောခန်းမှာ တယောက်မဟုတ်တယောက်တော့ လက်ဝါးဖြန့်ပြပြီး  အနာဂတ်အရေး မေးစမ်းနေတာကို တွေ့ရပါမယ်။
မေးစမ်းသူက ပြည်တွင်းပြည်ပခရီးသည်လည်းဖြစ်နိုင်သလို ရန်ကုန်သူရန်ကုန်သားလည်း ဖြစ်နိုင်ပါတယ်။

ဒါဆိုရင် ... အနာဂတ် သို့မဟုတ် လက်ရှိကာလအကြောင်း သိနိုင်ရေးအတွက် ဥာဏ်ပူဇော်ခ ဘယ်လောက် ပေးရပါသလဲ။
ကြမ်းခင်းဈေး ထောင့်ငါးရာ ( တဒေါ်လာခွဲ) လို့ ဒီကနေ့ တင်လိုက်တဲ့ ဧရာဝတီသတင်းမှာ ဖတ်ရပါလိမ့်မယ်။
စမ်းချောင်းမြို့နယ် ၉ ထပ်ကြီးဘုရားနားမှာ ဗေဒင်/လက္ခဏာကျွမ်းကျင်သူ ၂၀ ၀န်းကျင်၊ ရွှေတိဂုံနားက မဟာဝိဇယစေတီနားမှာတော့ ၃၀ ၀န်းကျင် ရှိပါတယ် တဲ့။ ယတြာအတွက် နောက်ဆက်တွဲကုန်ကျငွေလည်း ရှိကောင်း ရှိနိုင်တာပေါ့။

 ဗေဒင်၊ လက္ခဏာ၊ အကြားအမြင် စသဖြင့် စသဖြင့်တို့နဲ့ ပတ်သက်ပြီး လုပ်ကိုင်နေသူတွေကို မြန်မာပြည်ရဲ့ မြို့တိုင်းလိုလိုမှာ တွေ့ရပါလိမ့်မယ်။
ဒီအလုပ်အကိုင်ဟာ နိုင်ငံတကာမှာလည်း ရှိကြတဲ့ အလုပ်အကိုင်ပါပဲ။

ကမ္ဘာ့သက်တမ်းအရင့်ဆုံး အလုပ်အကိုင်ထဲမှာတောင် ပါဝင်နိုင်ပါတယ်။

ကဲ ... အနာဂတ် သို့မဟုတ် လက်ရှိကာလအကြောင်း သိနိုင်ရေးအတွက် ဆိုရင် သူတို့ထဲက တယောက်ယောက်နဲ့ သွားတွေ့သင့်တာပေါ့။
ဆင်ခြင်ဖွယ်ရာ၊ ပြင်ဆင်ဖွယ်ရာတွေကို သူတို့က မပျက်မကွက် ပြောပြကြမှာပါ။

ပြောတဲ့ ဟောတဲ့အတိုင်း မှန် မမှန် ဆိုတာကိုတော့ အနာဂတ်မှာ သေချာပေါက် သိကြရမှာဖြစ်ပါတယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved