အာဇာနည်နေ့ အလေးပြု၊ ပန်းကြယ်ချလို့ တရားစွဲခံရသူရဲ့ ပေးစာ

Saturday, September 14, 2013

အာဇာနည်နေ့မှာ တရားစွဲဆိုခံခဲ့ရသူ ရဲ့ ကိုယ်တိုင်ရေးပို့လာတဲ့ ပေးစာတစောင်ပါ။ 

လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရာ နိုင်ငံတော် အထိမ်းအမှတ် နေ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က ပဲခူးတိုင်း ပြည်မြို့က ဗိုလ်ချုပ်ကြေးရုပ်မှာ အလေးပြု ခဲ့ပြီး ကြယ်သဏ္ဍန် ပန်းခွေချခဲ့တာက တရားစွဲဆိုခံခဲ့ရတဲ့အကြောင်း ပြောဆိုရင်ဖွင့်လာတဲ့ စာကို ပြန်လည် 
ဖော်ပြပေးလိုက်ပါတယ်။

ပြည်မြို့ ဗိုလ်ချုပ်အောင်ဆန်းကျောက်ရုပ်တွင် ပန်းကြယ်တင်ကာ အလေးပြုခဲ့သည့် ပုံ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ 
ရာဇာဝတ်တရားသူကြီး - ဒေါ်နွယ်နီဝင်း(အထူးအာဏာ) 
တရားရုံးတင်…..၃၁-၇-၂၀၁၃ ခုနှစ်၊
 ပြစ်မှုကြီးအမှုအမှတ် - ၄၆၈၆/၂၀၁၃ 
တရားလို - ဦးအောင်ဇော်ထက် (မြို့နယ်အုပ်ချုပ်ရေးမှူး) 
စွပ်စွဲခရံသူ - သိန်းမင်းထွန်း (HRDP) လူ့ အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ 

 ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ… ပြည်သူ့ ၀န်းထမ်းကနည်းလမ်းတကျ ထုတ်ပြန်ကြေညာသောအမိန့်ကို ဖီဆန်ခြင်း ပုဒ်မ (၁၈၈) အရ စွဲဆိုမှု 

(အမှုဖြစ်စဉ်) 

(၆၆)နှစ်မြောက် အာဇာနည်နေ့ (၁၉-၇-၂၀၁၃)ရက်နေ့တွင် ကျွန်တော်(သိန်းမင်းထွန်း)သည် လူ့ ဂုဏ် သိက္ခာနှင့်အညီ အသက်ရှင်လုံခြုံစွာ နေထိုင်နိုင်ရန် အသက်စွန့်၍ တိုင်းပြည်လွတ်လပ်ရေးကို ရအောင်ကြိုး စား ခဲ့သော တိုင်းသူပြည်သားများ၏ မွန်မြတ်လှသောကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသော အားဖြင့် ဗိုလ်ချုပ်အောင်ဆန်းကျောက်ရုပ်တွင် ပန်းကြယ် တင်ကာ ဂါရ၀အလေးပြုခဲ့ပါသည်။ 

ထိုနောက် ဗိုလ်ချုပ်အောင်ဆန်းကျောက်ရုပ်တွင် တင်ထားသောပန်းကြယ်ကို ယူကာ ဆက်လက်ပြီး သတ်မှတ်ထားသော မြို့သစ်အားကစားကွင်း၊ အာဇာနည်နေ့အခမ်းအနားသို့ ပန်းကြယ်ချရန် ဆက်လက် ထွက်ခွါ ခဲ့ပါသည်။ 

ထပ်မံ၍အစိုးရသတ်မှတ်ထားသော မြို့သစ်အားကစားကွင်းတွင် (၆၆)နှစ်မြောက်အာဇာနည်နေ့ အခမ်း အနား ကို ပန်းကြယ် ချကာ ဂါရ၀အလေးပြုခဲ့ပါသည်။ ပန်းကြယ်ကိုအပြီးတိုင် ချထားခဲ့ပြီး ကျွန်တော်တို့ မိမိအိမ်သို့ပြန်ခဲ့ပါသည်။ 

(၁၉-၇-၂၀၁၃)ရက်နေ့ နေ့လည်း(၂း၃၀)အချိန်ခန့်တွင် နယ်ထိန်း ဦးအောင်ကျော်ကျော်က ကျွန်တော်၏ ကိုယ်ရေးအချက် အလက်ကို လာရောက်ယူခဲ့ပါသည်။ 

(၂၇-၉-၂၀၁၃)ရက်နေ့တွင် ကျွန်တော်ထံ သို့ ပြည်မြို့နယ် တရားရုံးက (၃၁-၇-၂၀၁၃)မှာ တရားရုံးသို့ လာရောက်ရန် သမ္မာန်စာဆင့်ခေါ်စာ ရောက်လာခဲ့ပါသည်။ 

(၃၁-၇-၂၀၁၃)ရက်နေ့တွင် ကျွန်တော်ကို တရားရုံးတင်ခဲ့၍ အာမခံယူခဲ့ရပါသည်။

ကျွန်တော်၏ရှေ့နေအဖြစ် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆောင်ရွက်ပေးခဲ့ ပါသည်။ 

စွပ်စွဲခံရသူ သိန်းမင်းထွန်း(HRDP)  က 

“ အုပ်ချုပ်ရေးမှူးဦးအောင်ဇော်ထက်က ကျွန်တော်ကို ပုဒ်မ(၁၈၈)နဲ့ တရား စွဲတယ်။ ဒီပုဒ်မထုတ်ပြန်တာ ကျွန်တော် လုံးဝမသိခဲ့ပါဘူး။ ကျွန်တော်တို့က ဥပဒေကို လေးစား လိုက်နာသူတွေပါ။ ထိုဥပဒေက ဥပဒေနှင့်အညီ နည်းလမ်းတကျထုတ်ပြန်ရမယ့် ဥပဒေပါ။ ပြည်သူ့ အကျိုး အတွက်ထုတ်ပြန်ကြေညာရ တဲ့ ကြေညာချက်ပါ။ အများပြည်သူ့တွေ သိရှိကြားသိရမယ့် ကြေညာချက် မျိုး ဖြစ် ရမှာပါ။ 

တရားခံ က သိလျက်နဲ့မနာခံမှ အရေးယူရတာပါ။ ထိုနေ့ ညက ကြေညာတယ်တာပြောတယ်၊ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘာကြေညာသွား လဲဆိုတာ ဘာမှမသိခဲ့ပါဘူး။ ကျွန်တော်နေတဲ့ ရပ်ကွက်မှာ လည်း မကြေညာပါဘူး။ ကြေညာရင် ကျွန်တော်သိရမှပေါ့။ ကျွန်တော်နေတဲ့ ရပ်ကွက်မှာ မကြေညာဘူး။ 

တရားရုံးမှာ တရားလိုပြသက်သေဖြစ်တဲ့ ရဲ၊ ကျောင်းကြီးအိုးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အုပ်ချုပ်ရေးမှူး ရုံး က၀န်ထမ်းတွေက သူ့တို့ကြေညာတဲ့ရပ်ကွက်ထဲမှာ ကျွန်တော်တို့ ရပ်ကွက်မပါဘူးလို့ ထွက်ဆိုခဲ့တယ်။ 

အုပ်ချုပ်ရေးမှူးထုတ်ပြန်တဲ့ ကြေညာချက်အမှတ်(၈၄/၂၀၁၃) ပြည်မြို့နယ်အတွင်းမည်သည့်နေရာတွင်မဆို (က) အများပြည်သူ့စိတ်ငြိုငြင်စေမည့်လုပ်ငန်း၊ အနှောင့်အယှက်ဖြစ်စေမည့်လုပ်ငန်းများ လုပ်ဆောင်ခြင်း မပြုရတဲ့။ 

အာဇာနည်နေ့မှာ ဗိုလ်ချုပ်ကျောက်ရုပ်ကို ပန်းကြယ်တင်ပြီး ဂါရ၀အလေးပြုတာ အများပြည်သူကို အနှောင့် အယှက်ဖြစ်စေလား။ ပြည်သူ့တွေ ကိုယ်တိုင်အားပေးပြီး ၀ိုင်းဝန်းကြည့်နေ တာ၊ ပြည်သူတွေ ကိုယ်တိုင် အားပေးကြိုဆိုနေတာ။ 

ပြည်မြို့မှာ ပြည်သူ့လူထုကိုယ်တိုင် ဗိုလ်ချုပ် ကျောက်ရုပ်မှာ ပန်းခွေ၊ ပန်းခြင်းတွေချပြီးအလေးပြုခဲ့တဲ့ သမိုင်း ကို မသိခဲ့လို့လား။ ပြည်သူ့လူထုက အလေးပြုခွင့် အပိတ်ခံရလို့ အလေးပြုချင်လျှက်နဲ့ အလေး မပြုရတာပါ။ 

အလွန်နီးစပ်တဲ့ ဗိုလ်ချုပ် ကျောက်ရုပ်မှာ ပန်းခွေ၊ ပန်းခြင်းတွေ ချပြီးအလေးပြုခဲ့တဲ့သမိုင်းကိုတောင် မသိခဲ့ ဘူး ဆိုရင် အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျေးဇူးတရားရှိခဲ့တဲ့သမိုင်းဆိုရင်လည်း ပိုလို့ မသိလောက် ဘူး ထင်တယ်။ 

ကျေးဇူးတရားသိရင် ဗိုလ်ချုပ်ကျောက်ရုပ်မှာအလေးပြုတာဟာ အများပြည်သူတွေ အနှောင့် အယှက်ဖြစ် တာ၊မဖြစ်တာခွဲခြားတတ်မှာပါ။ 

(ခ) ပန်းခွေ၊ ပန်းခြင်း ချခြင်းမပြုလုပ်ရတဲ့။ ကျွန်တော်က ချတာလည်း မဟုတ်ဘူး။ ပန်းခွေ၊ ပန်းခြင်းလည်း မဟုတ်ဘူး။ ကျွန်တော်က ပန်းကြယ်တင်ပြီး အလေးပြုတာရှင်းနေတာပဲ။ ပန်းကြယ်က အခွေမဟုတ်ဘူး ဆိုတာ မြန်မာစာအဘိဓာန်မှာ လေ့လာကြည့်ပါ။ 

ရှေ့နေဦးမြင့်အေးက ပန်းစည်းချပြီးအလေးပြုသွားတယ်။ အဲဒီချထားတဲ့ပန်းစည်းကို အာဏာပိုင်တွေ ကိုယ်တိုင် သိမ်းသွားတယ်။ ရှေ့နေဦးမြင့်အေး ချထားခဲ့တာ ပန်းစည်း။ ပန်းခွေ၊ပန်းခြင်းလည်းမဟုတ်ဘူး။ 

ဒါကြောင့်ဦးမြင့်အေးကို တရားမစွဲတာ။ ကျွန်တော်က ပန်းကြယ်လေ။ ပန်းခွေပန်းခြင်းလည်းမဟုတ်ဘူး။ ကျွန်တော်က ရှေ့နေဦးမြင့်အေးလို ချလည်း မချဘူး၊ ချထားရင် အာဏာပိုင်တွေသိမ်းသွားမှာပေါ့။ မချလို့ မသိမ်းတာပေါ့။ 

ကျွန်တော့်ပန်းကြယ်ကို ဗိုလ်ချုပ်ကျောက်ရုပ်မှာ တင်ထားတာကို ပြန်ယူပြီး မြို့သစ်အားကစားကွင့်မှာ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားမှာ ပန်းကြယ်ချပြီးအလေးပြုခဲ့တာ။ ပန်းကြယ်ချထား တာ ကို ပြန်မယူခဲ့ပါဘူး။ 

ကျွန်တော်ပြောချင်တာက ပန်းခွေနှင့်ပန်းကြယ်တူလား။ ခွေဆိုတာ ကွေးသည်၊ အ၀န်းအ၀ိုင်းဖြစ်အောင် လုပ် သည်ဟု မြန်မာအဘိဓာန်မှာ ဒီလိုအဓိပ္ပါယ်ဖွင့်ဆိုထားတာ။ 

ပန်းကြယ်ဆိုတာ အချွန်အတက်။ ချတာနဲ့တင်တာတူလား။ ဗိုလ်ချုပ်အောင်ဆန်း ကျောက်ရုပ် အလေးပြု တာ အများပြည်သူကိုအနှောင့်အယှက်ပြုလား။ ဒီပုဒ်မကို ထုတ်ပြန်ကြေညာမယ်ဆိုရင် အများပြည်သူ သိအောင် အများပြည်သူ့အကျိုးရှိအောင်လုပ်ရမယ့်လုပ်ရပ်ဖြစ်ရမယ်။ ကျယ်ကျယ် ပြန့်ပြန့်သိအောင် ဥပဒေနှင့်အညီစနစ်တကျ ကြေညာရမှာဖြစ်တယ်။ ငြိမ်းချမ်းစွာ အလေးပြုတာကို ပိတ်ပင်တားဆီးတဲ့ ဥပဒေမျိုး မဖြစ်ဖို့လို့ပါတယ်။ 

ရုံးချိန်း(၆)ချိန်းရှိခဲ့ပြီ၊ တရားလိုမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်ထက်မလာလို့ပြန်ခဲ့ရတာ (၃)ချိန်းရှိ သွားပြီး ၊မြို့နယ်တရားသူကြီးက သမ္မန်စာနဲ့ဆင့်ခေါ်တာ မလာဘူး။ 

တရားဥပဒေကို မလေးစားတာကိုဖေါ်ပြတာပဲ၊ ကျွန်တော်တို့ကို အလုပ်ပျက်အောင်၊ အချိန်ကုန်အောင် လုပ်နေတာ ” ဟုပြောခဲ့ပါတယ်။ 

                                                                                  သိန်းမင်းထွန်း(HRDP) 

                                                      အမှတ်(၃၁၆) ရဲဌာနလမ်း၊ ရွှေလက်လှ၊ န၀င်းရပ် ပြည်မြို့။ 

 အစိုးရသတ်မှတ်ထားသာ မြို့သစ်အားကစားကွင်းတွင် ပန်းကြယ်ချကာ အလေးပြုခဲ့သည့် သိန်းမင်းထွန်း


 မြို့နယ်အုပ်ချုပ်ရေးမှူး၏ အမိန့်ကြေညာ 


  ပြည်မြို့နယ်တရားသူကြီး၏ သမ္မန်စာ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved