အွန်လိုင်းက ဥပဒေ ဒီပလိုမာတွေ ယူလို့ရနေပြီ

Saturday, September 14, 2013



ပညာလိုလားသူတွေအတွက် သတင်းကောင်းတပုဒ်ပါ။ ခေတ်မီ ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာနဲ့ ရင်ဘောင်တန်း ကာ အွန်လိုင်းက ဒီပလိုမာတွေပေးနေပြီဖြစ်သလို ဒီဂရီတွေလည်း ပေးဖို့ ပြင် ဆင်နေ ပါပြီတဲ့။ 



မြန်မာနိုင်ငံမှာ အခုအခါ ပညာရေးကို ဦးစားပေး မြှင့်တင်နေ ချိန် ဖြစ်လို့ ရန်ကုန် အဝေးသင်တက္ကသိုလ် ဥပဒေရေးရာ ဌာနက အွန်လိုင်းကနေ ဥပဒေ ဒီပလိုမာ ယူလို့ရပါပြီလို့ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ ၀က် ဆိုက် မှာ မနေ့က သတင်းတပုဒ် က ဆိုပါတယ်။ 

ရန်ကုန်တက္ကသိုလ် ဥပဒေ ဌာနက ယမန်နှစ် ၂၀၁၂ ခုနှစ်ကတည်းက အွန်လိုင်း ဒီပလိုမာ သင်တန်း အစီအစဉ်ကို စတင်ခဲ့ တာဖြစ်တယ်လို့ ရန်ကုန် အဝေးသင် တက္ကသိုလ် ဥပဒေ ရေးရာ ဌာန ပါမောက္ခ 
ဒေါက်တာ ဒေါ်မမလေး ကို ကိုးကားပြီး ပြန်ကြားရေး သတင်းက ဆိုတာပါ။ 

“အဲ့ဒီ ဒီပလိုမာ သင်တန်းကို နှစ်ဝက် စာသင်ကာလ နှစ်ခု ခွဲထားပြီး တစ်ခုကို ငါးလ သတ်မှတ်ကာ ပထမ နှစ်ဝက်မှာ ဘာသာရပ် ငါး ခု သင်ကြားပြီး ဘာသာရပ် တစ်ခုလျှင် ဥပဒေပညာရပ်နှစ်ခု သင်ကြား ရန် ပြဋ္ဌာန်းထားပါတယ်။ ဒုတိယ နှစ်ဝက်မှာလည်း ဥပဒေပညာရပ်လေးခု ပြဋ္ဌာန်းသင်ကြားပေးပြီး အဲဒီ အနက် ဥပဒေဘာသာရပ်တစ်ခုကို စာတမ်းပြုစု တင် ပြ ရပါတယ်” လို့ သူက ပြောထားတာပါ။ 

စာမေးပွဲဖြေဆိုရာမှာ ရုံးချိန်ပြင်ပ ဖြေဆိုလိုသူတွေအတွက် နံနက် ၆ နာရီက ညနေ ၆ နာရီအထိ သတ်မှတ် ထားပါတယ်တဲ့။ 

ဒီနှစ် ဒုတိယ အသုတ် ဒီပလိုမာသင်တန်းမှာ ပထမ နှစ်ဝက်ဖြေဆိုသူ ၁၀၀ ကျော်ရှိပြီး ဒုတိယ နှစ်ဝက်ဖြေ ဆို သူ ၅၄ ဦး ရှိ တယ် လို့ ဆိုပါတယ်။ 

စာမေးပွဲ အောင်စာရင်း ရလဒ်တွေကတော့ ဖြေဆိုပြီး ရက်ပိုင်း အတွင်း အွန်လိုင်းမှာ ထုတ်ပြန်ပေးမှာ
ဖြစ်ပြီး လျှောက်ထား လိုသူတွေ အနေနဲ့ ဒီလိပ်စာ( www.yudeonline.com.mm ) ကနေ သွားရောက် 
လျှောက်ထားနိုင်တယ်လို့ သူက ဆက် ပြော ထားပါတယ်။ 

ရန်ကုန် အဝေးသင်တက္ကသိုလ်မှာရှိတဲ့ ကျန်တဲ့ ဘာသာရပ်တွေကိုလည်း အခု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက စပြီး အွန်လိုင်း က နေ ဒီဂရီ ပေးနိုင်ဖို့ ပြင်ဆင်မှုတွေလည်း ရှိတယ်လို့ ပြန်ကြားရေး ၀က်ဆိုက် သတင်းက ဆိုပါတယ်။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved