ပန်းချီဝဏ္ဏဇော်က သူပန်းချီဆရာဖြစ်လာတဲ့ နယ်စပ်ဒေသမှာ သူ့ရဲ့တကိုယ်တော်ပြပွဲတခုကို ဒီကနေ့ စတင်လိုက်ပြန်ပါပြီ။ ပြပွဲကို daylight exposure လို့ အမည်ပေးထားတာပါ။
-
(ပြပွဲတင်ပန်းချီကားတချပ်အနီး တွေ့ရတဲ့ ပန်းချီဝဏ္ဏဇော်)
နေရာကတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာပါ။ ဒီမြို့ဟာ ကရင်ပြည်နယ် မြ၀တီမြို့ရဲ့ တဘက်ကမ်းမှာ ရှိပြီး မြန်မာပြည်သားအများအပြား ရောက်နေတဲ့၊ နိုင်ငံခြားသားတချို့ ဝင်ထွက်သွားလာတဲ့နေရာလည်း ဖြစ်ပါတယ်။
ဒီမြို့က borderline gallery မှာ ပြသထားတဲ့ ဒီပွဲဟာ ဒီနေ့ကစပြီး ၂ ပတ်ကြာ ရှိနေပါလိမ့်မယ်။
(ရေချိုးဆိပ် နဲ့ ဆိုက်ကားဆရာ။ ရေချိုးဆိပ်ပန်းချီကားကို ပြပွဲဖိတ်စာမှာ သုံးဖို့ ပန်းချီဆွဲသူက ဆုံးဖြတ်ခဲ့ပါတယ်)
ပြပွဲမှာ ပန်းချီ ၁၅ ကား ဝန်းကျင် တွေ့ခဲ့ရပါတယ်။ ဆီဆေး၊ အခရိုင်းလစ်၊ ရေဆေးကားတွေပါ။
ရောင်းဈေးက မြန်မာငွေ တသိန်းဝန်းကျင် ရှိကြပါတယ်။
ပြပွဲကာလမှာ ဒီထဲက ကားတချို့ အရောင်းထွက်သွားနိုင်သလို ပြပွဲပြီးမှ ရောင်းရတာမျိုးလည်း ဖြစ်တတ်ပါတယ်လို့ ပန်းချီဆရာက သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။
ဒီနေရာမှာပဲ သူ့ရဲ့ တကိုယ်တော်ပွဲတွေလုပ်ခဲ့တာ ဒါ ၈ ကြိမ်မြောက် ရှိပါပြီ။
ဒီညနေပိုင်း လုပ်ခဲ့တဲ့ ပြပွဲဖွင့်လှစ်ခြင်း အစီအစဉ်မှာတော့ သူ့မိတ်ဆွေတချို့၊ မဲဆောက်မြို့ရောက် အနောက်တိုင်းသားတချို့ ရှိနေတာ တွေ့ခဲ့ရပါတယ်။
(သူ့ရဲ့ တကိုယ်တော်ပြပွဲ ၈ ပွဲဟာ ဒီ borderline gallery မှာ ပြသခဲ့တာ ဖြစ်ပါတယ်။)
ရန်ကုန်သား အသက် ၃ဝ ကျော် ပန်းချီဆရာက မဲဆောက်မှာပဲ နေထိုင်ပါတယ်။
၂၀၀၂ ခုနှစ်မှာ သူက ပန်းချီဆရာ နေသစ် (ယခု နော်ဝေနိုင်ငံရောက်နေသူ) နဲ့ တွေ့ပြီး ပညာယူခဲ့ပါတယ် တဲ့။
အခုတော့ ပန်းချီဝဏ္ဏဇော်ကို မဲဆောက်ဒေသ မြန်မာကလေးငယ်များကြားမှာ ပန်းချီပညာ အချိန်ပိုင်း သင်ကြားပေးနေတာ တွေ့နိုင်မှာ ဖြစ်ပါတယ်။
သူ့ရဲ့ အိပ်မက်တခုကတော့ ရန်ကုန်မြို့မှာလုပ်မယ့် ပြပွဲတချို့မှာ သူ့လက်ရာတွေ ပြသနိုင်ရေး ဖြစ်ပါတယ်။
.
0 comments :
Post a Comment