မုံရွာရဲစခန်းမှာ အချုပ်သားတဦး သေဆုံး

Monday, September 16, 2013

 ~



ဟန်းဆက်ခိုးသည်ဟု မသင်္ကာသဖြင့် မုံရွာမြို့ အလုံမြို့နယ်ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံရသည့် ကျပန်းအလုပ်သမားတဦး သောကြာနေ့က သေဆုံးသွားကြောင်း သိရသည်။


အလုံမြို့နယ် အောင်ဆိပ်သာရပ်ကွက်နေ အသက် ၂၉နှစ် အရွယ်ရှိ ကိုအောင်ဆန်းလင်းသည် ကြာသပတေးနေ့က အဖမ်းခံရပြီး  နောက်တနေ့တွင်  သေဆုံး သွားသည်ဟု သိရကြောင်း ဒေသခံတဦးဖြစ်သူ ကိုအောင်မြတ်က ဧရာဝတီသို့ပြောသည်။

“ဖုန်းပိုင်ရှင်က မသင်္ကာလို့တိုင်တော့ လာခေါ်သွားတာ။
 နောက်နေ့ကျတော့ သေတယ်လေ။
ရဲစခန်းကနေ ဆေးရုံကြီး ကို ပို့ပေးတော့ အသည်းရောဂါနဲ့ သေတယ်ဆိုတဲ့ ဆေးစာ ထွက်လာတယ်၊ သေတဲ့သူက ကျပန်းအလုပ်သမား၊ ကလေးက ၄ယောက်ရှိတယ်” ဟု ကိုအောင်မြတ်က ရှင်းပြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မုံရွာမြို့၊ အလုံမြို့နယ်ရဲစခန်းကို ဆက်သွယ် မေးမြန်းရာတွင် သေဆုံးသူ အချုပ်သား ကိုအောင်ဆန်းလင်းမှာ အရက်ပုံမှန်သောက်သုံးတတ်သူတဦးဖြစ်ကြောင်း၊
ဟန်းဆက်ခိုးသည်ဟု မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးခြင်းဖြစ်ကြောင်း၊
အချုပ်ခန်းထဲရောက်ပြီးမှ အရက်မသောက်ရသဖြင့် နာတာရှည် အသည်းရောင်ရောဂါနဲ့ သေဆုံးခြင်းသာဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ကျ ရဲအရာရှိတဦးက ဧရာဝတီကိုပြောသည်။

“ကျနော်တို့ရိုက်လို့သေတာ မဟုတ်ပါဘူး၊ အဲဒီလူက အရက်သောက်နေကျသူဆိုတော့ အရက်မသောက်ရတာနဲ့ နာတာရှည်အသည်းရောင်ရောဂါနဲ့သေသွားတာပါ၊ ဆေးစာထဲမှာလည်း ဆရာဝန်ကြီးက အဲဒီအတိုင်းပဲ မှတ်ချက်ပေးထားတာပါ” ဟု သူက ဆက်လက် ရှင်းပြသည်။

ယခု သတင်းနှင့်  ဆက်စပ် ဖတ်သင့်သည်မှာ မုံရွာ ရဲစခန်းအတွင်း အရပ်သားတဦး သေဆုံးမှုနဲ့ ရဲများ ပြန်အစစ်ခံနေရ http://burma.irrawaddy.org/archives/48103 ဟူသော သတင်း ဖြစ်သည်။ ဧရာဝတီပင်မစာမျက်နှာ တွင် ယခု ညနေပိုင်းက ဖော်ပြလိုက်သောသတင်း ဖြစ်သည်။
  

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved