ချင်းမိုင်မှာ မြန်မာ အလုပ်သမားတစ်ဦး ၆ ထပ်တိုက်ပေါ်က ပြုတ်ကျ သေဆုံး

Wednesday, September 18, 2013




ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အဝေးပြေးကားဂိတ်အနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုမှာ ယမန်နေ့က အလုပ်လုပ်နေသော မြန်မာနိုင်ငံ သားတစ်ဦး ၆ ထပ်တိုက် အမြင့်ရှိ ငြမ်းပေါ်ကနေ ပြုတ်ကျ သေဆုံးခဲ့ သည်။ 

မောင်ရဲထွန်းနိုင်၏ ရုပ်ကလပ်ကို လုပ်ဖော်ကိုင်ဖက်များက ဆေးရုံမှ ဝပ်ဆိုင်းမွန်း ဘုန်းကြီးကျောင်းဝင်းသို့ သယ်ယူလာစဉ်

ဖြစ်ပွားပုံမှာ မြန်မာနိုင်ငံသား မောင်ရဲထွန်းနိုင်သည် စက်တင်ဘာ ၁၇ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်မှာ အချိန်ပို ဆင်းနေချိန်အတွင်း ၆ ထပ်တိုက်ပေါ် ငြမ်းတပ်ဆင်နေစဉ် ခြေနင်း သံပြား ကျိုးကြရာမှ ပြုတ် ကျခဲ့ခြင်း ဖြစ်သည်ဟု ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ၏ ပြောပြချက်အရ သိရသည်။ 

သေဆုံးသူ မောင်ရဲထွန်းနိုင် အသက် (၂၃)နှစ်သည် မြန်မာနိုင်ငံ ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် တွင် နေထိုင်သူဖြစ်ပြီး ထိုင်း - မြန်မာ နှစ်နိုင်ငံ အစိုးရ နားလည်မှုစာ ချွန်လွှာ (MOU) ဖြင့်၂၀၁၂ ခုနှစ် အောက်တိုဘာလကစပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောက်လုပ်ရေး ကုမ္ပဏီ တခုဖြစ်သည့် ပါဝါလိုင်းကုမ္ပဏီမှာ လုပ်ကိုင်နေခြင်း ဖြစ်သည်။ 

 သေဆုံးမှုနှင့် ပတ်သက်ပြီး ပါဝါလိုင်းကုမ္ပဏီက သင်္ဂြိုဟ် စရိတ်ကူညီသွားမှာ ဖြစ်ပြီး နစ်နာ ကြေး အတွက် သေဆုံးသူ၏ မိဘများနှင့် ပြေလည်မူရယူပြီး ဆက်လက်ဆောင်ရွက်သွား မယ်လို့ ပါဝါလိုင်း ကုမ္ပဏီပိုင်ရှင်က ပြောသည်။ 

 မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ (MAP) ဖောင်ဒေးရှင်း နဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကတော့ နစ်နာကြေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန် ကူညီသွား မည်ဟု ဆိုသည်။ 

အခင်းဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကို ဆက်သွယ်ခဲ့သော်လည်း အခုအချိန် အထိ ဆက်သွယ်၍ မရဘဲဖြစ်နေသည်။ 

 ပါဝါလိုင်းကုမ္ပဏီပိုင်ရှင်က အမြန်ဆုံး သင်္ဂြိုဟ်ဖို့ ဆန္ဒရှိနေပြီး မည်သည့်အဖွဲ့အစည်းကိုမှ တိုင်းကြားတာ
တွေ မပြုလုပ်ရန် နှစ်ဘက်သဘောတူညီမှုယူပြီး ဖြေရှင်းသွားမည်ဖြစ်ကြောင်း အလုပ်သမား အရေးဆောင် ရွက်သူများကို ပြောဆိုလိုက်သည်။ 

မြန်မာအသိုင်းအဝိုင်းက သေဆုံးသူ၏ ဆွေးမျိုးသားချင်များနှင့် တွေ့ဆုံပြီးမှ သင်္ဂြိုဟ်နိုင်ဖို့ ဆုံးဖြတ်လိုက် သည့်အတွက် လာမည့် စက်တင်ဘာလ ၂၁ ရက် စနေနေ့တွင် သင်္ဂြိုဟ်မှာ ဖြစ်ပါသည်။ 


ငြိမ်းဇော် ~

 ပါဝါလိုင်းကုမ္ပဏီပိုင်ရှင်

  မောင်ရဲထွန်းနိုင် ပြုတ်ကျခဲ့သော ၆ ထပ်တိုက်မြင်ကွင်း

 ကျိုးကျသွားသော ခြေနင်းသံပြား


 ၆ ထပ်ပေါ်က မြေကြီးပေါ် ပြုတ်ကျသည့် မောင်ရဲထွန်းနိုင်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved