မုဒုံဒေသ ရှုခင်းများနဲ့ မုဒုံမြို့နယ် ပန်းချီပန်းပု ပြပွဲ

Saturday, September 7, 2013

 ~




မုဒုံမြို့နယ် ပန်းချီပန်းပု အစည်းအရုံး အဖွဲ့ဝင် ပန်းချီဆရာ ၁၄ ဦးတို့ စုပေါင်းပြသတဲ့ ပထမဆုံးသော မုဒုံမြို့နယ် ပန်းချီပြပွဲကို ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး အရှေ့ဘက်တန်း မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး (ဗဟို) ပြခန်းမှာ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၆ မှ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်ပါတယ်။


ပြပွဲမှာ ပြသထားတဲ့ ပန်းချီကား အများစုဟာ မုဒုံဒေသ ရှုခင်းများဖြစ်ပြီး၊ သခင်ကိုယ်တော်မှိုင်း၊ သခင်အောင်ဆန်း၊ ဒဂုန်တာရာ အပါအ၀င် သမိုင်းအစဉ်အလာ ကြီးမားခဲ့သည့် ပုဂ္ဂိုလ်များ၏ Portrait ပန်းချီကားများလည်း ပါဝင်ပါတယ်။

စုစုပေါင်း ပန်းချီကား ၅၀ နဲ့ ပန်းပုလက်ရာ တခု ပါဝင်ပါတယ်။ ပြီးတော့ ကျေးလက်ဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသားပုံများ၊ ဘ၀ ဖြတ်သန်းမှုများ၊ ဒဏ္ဍာရီလာ ကိန္နရီကိန္နရာ ပန်းချီ ကားများ လည်း ပါဝင်ပါတယ်။


ပန်းချီဆရာ ကိုနွယ်ရဲ့ ကျိုက်ထီးရိုး ပန်းချီကားမှာတော့ တွေ့မြင်ရမလွယ်ကူတဲ့ ရှုထောင့်ကနေ အရောင်စုံလင်စွာ ရေးဆွဲထားတာ တွေ့ရပါတယ်။

ပန်းချီမောင်လှဦးရဲ့ ကိန္နရီ ကိန္နရာ ပန်းချီကား၊ ပန်းချီ ဇော်ထွေးရဲ့ ရေတံခွန် ရှုခင်း၊ ပန်းချီထွန်းမင်းအောင်ရဲ့ ကျေးလက် ကလေးငယ် ပန်းချီကား၊ ၀င်းမြင့်ရဲ့ လက်မှုပစ္စည်း ရောင်းချနေပုံ ပန်းချီကား၊ ပန်းချီမောင်မောင်အောင်ရဲ့ ကျေးလက် ကလေးငယ် နှစ်ယောက်ပုံ ပန်းချီကား၊ ထူးအိမ်လင်းရဲ့ နေကြာပန်းနဲ့ ပုဇဉ်းငယ် ပန်းချီကားတွေဟာ လက်ရာကောင်းပန်းချီကားတွေ ဖြစ်ပါတယ်။


မောင်အောင်မင်းရဲ့ ရေခပ်ဆင်းနေပုံ ပန်းချီကားကလည်း Atmosphere ပါအောင် ရေးဆွဲ တင်ပြနိုင်တာ တွေ့ရပါတယ်။

ထူးခြားတာက ရှေးခေတ် မြန်မာကျေးလက် လူငယ်တွေရဲ့ ဆံရစ်ဝိုင်း ဆံပင်ပုံတွေကို ရေးဆွဲတင်ပြထားတဲ့ မင်းစံရှားရဲ့ လက်ရာပါ။

တရားဦးဟောတဲ့ ပန်းပုလက်ရာ တခုကလည်း အနုစိတ်လက်ရာ မြောက်ပါတယ်။
ပြပွဲမှာ ပါဝင်တဲ့ ပန်းချီဆရာများ
  • ကိုနွယ်၊ အောင်မြင့်၊ ဇော်ထွေး၊
  • ထွန်းမင်းအောင်၊ မြင့်အောင်၊ အောင်ဆန်း၊
  • ထူးအိမ်လင်း၊ ကျော်ဇေယျာဦး၊ မောင်လှဦး၊
  • ၀င်းမြင့်၊ မင်းစံရှား၊ မောင်မောင်၊ မောင်အောင်မင်းနှင့် စံသိန်း 


မုဒုံမြို့နယ်ဟာ မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး ပြန်လည်ဖွဲ့စည်းရာမှာ ပထမဆုံး တက်ကြွစွာ ပါဝင်ခဲ့ပြီး၊ ဥက္ကဋ္ဌ အဖြစ် ပန်းချီကိုနွယ်က တာဝန်ယူဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။

မုဒုံနယ်မှ ပန်းချီဆရာ အပါအ၀င် ထင်ရှားတဲ့ အနုပညာရှင်များစွာ ပေါ်ထွက်ခဲ့ပါတယ်။ အဲဒီထဲမှာ ပန်းချီဆရာကြီး ဦးလွန်းကြွယ်၊ ဦးသက်ညွန့်၊ ဦးအုန်းလွင်တို့ပါဝင်တယ်လို့ သိရပါတယ်။

တကယ်တော့ ပန်းချီပြပွဲ တခု လုပ်ဖို့ဆိုတာ မလွယ်ကူပါ။ အထူးသဖြင့် နယ်က ပန်းချီဆရာများ ရန်ကုန်ကို လာရောက်ပြီး ပန်းချီပြသနိုင်ဖို့က ပိုမိုအခက်အခဲ ရှိပါတယ်။ သွားလာရေး၊ သယ်ယူ ပို့ဆောင်ရေးနှင့် တည်းခိုနေထိုင် စားသောက်ရေး စရိတ်စက များစွာကုန်ကျပါတယ်။

အခုလို အနုပညာခံယူချက် ယုံကြည်ချက် အပြည့်နဲ့ လာရောက် ပြသခဲ့ကြတဲ့ မုဒုံမြို့နယ် ပန်းချီပန်းပုအစည်းအရုံးရဲ့ ပထမဆုံး အကြိမ်မှသည် နောက် အကြိမ်ပေါင်းများစွာ တင်ဆက် ပြသနိုင်ဖို့ မျှော်လင့်မိပါကြောင်း... ။            ။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved