သူငယ်တန်းကလေးလည်း ကျူရှင်ကို ပြေးနေရပြီ

Wednesday, September 18, 2013

 ~



 မျက်မှောက်ခေတ် မြို့ပြဒေသ ကလေးများသည် ကစားချိန်၊ နားချိန် နားပါးလာပြီး လေးလံသော ကျောပိုးအိတ်များကို လွယ်လျက် အိမ်၊ ကျောင်း နှင့် ကျူရှင်တို့ကို ကူးသန်းနေကြရသည်။


မူလတန်းပညာကို အခမဲ့ သင်ကြားပေးလျက်ရှိသော မြန်မာနိုင်ငံတွင်  သူငယ်တန်းကလေးများပင် ကျူရှင်နှင့် မလွတ်ကင်းကြပါ။
ကလေးများ စာမလိုက်နိုင်ခြင်း၊  မိဘများက  စာပိုတော်စေလိုခြင်းတို့ကြောင့် ကျူရှင်သို့သွားရ သို့မဟုတ် ကျူရှင်ဆရာ/ဆရာမကို အိမ်ခေါ်သင်ကြသည်။
တချို့မိဘတို့က ကလေးကို ကိုယ်တိုင် စာသင်ပြပေးလိုသော်လည်း အချိန်မပေးနိုင်သဖြင့် ကျူရှင်သို့ ပို့ရသည်။

"ကျွန်မတို့က အလုပ် ထွက်လုပ်ပါတယ်။ အိမ်အလုပ်က တစ်ဖက်နဲ့ ဆိုတော့ ကလေး စာလုပ်မလုပ်ကို သေချာ ဂရုမစိုက်နိုင်ပါဘူး။ ကျူရှင်မှာ ဆိုတော့ ပိုအဆင်ပြေတာပေါ့" ဟု ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ မိခင်တစ်ဦးက ပြောပြသည်။

ပင်စင်ယူပြီးနောက်ပိုင်း ၀ါသနာအလျောက် ကျူရှင်ပြနေသော ဆရာမကြီးတစ်ဦးကလည်း "မနက်ပိုင်းဆို မူကြိုတွေကို သင်ပါတယ်။ ညနေ ဆိုရင် မူလတန်းတွေကို စာသင်ပါတယ်။ သူငယ်တန်းတွေလည်း ပါပါတယ်။ ကလေးတွေက တချို့ စာတွေကို သိပ်မလိုက်နိုင်ကြဘူး။
ကျောင်းကလည်း သင်ခန်းစာတွေကို အချိန်မီ ပြီးအောင် သင်ရတာ ဆိုတော့ ကြားထဲမှာ ကွာဟမှုလေးတွေ ရှိတာပေါ့။ ဒီတော့ ကျူရှင်က လိုအပ်လာတာပေါ့" ဟု ရှင်းပြသည်။

သူငယ်တန်းမှ ဆယ်တန်းအထိ ကျူရှင်ပေးသည်၊ ဂိုက်လုပ်ပေးသည် ဟူသော ကြော်ငြာများကို ပုံနှိပ်မီဒီယာများတွင် မကြာခဏ တွေ့နေရသည်။ ရန်ကုန်မြို့ ကျူရှင်ဆရာများ ဂိုက်များ၏ ကြော်ငြာများ ဖြစ်ပြီး နယ်ဘက်တွင် မည်သို့ အခြေအနေ ရှိမည်ကို မသိရသေးပေ။

သူငယ်တန်းကလေးအတွက် ကျူရှင်/ဂိုက် လိုအပ်မည် ဆိုသည်ကို လွန်ခဲ့သော ဆယ်နှစ်ကျော်က မည်သူကမျှ စဉ်းစားစိတ်ကူးမိကြမည်မဟုတ်ပေ။
မြန်မာပြည်၏ ပညာရေးအခြေအနေ အပြောင်းအလဲတွင်   ဂိုက် ဟု ခေါ်သော စာကူကျက်ပေး ရှင်းပြပေးသူ၊ ကျူရှင် စသည်တို့က အရေးပါသည့်နေရာသို့ ရောက်ရှိနေသည်။

ကျူရှင်သို့သွားရသည့် သူငယ်တန်းကလေးသည် ကျူရှင်ခ တလ ကျပ်တသောင်းဝန်းကျင် ကျသင့်မည်ဖြစ်သည်ဟု ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်မှ စာသင်ပြပေးသူတဦးက ပြောပြသည်။
မိမိအိမ်သို့ ဆရာ/ဆရာမ ခေါ်သင်ပါက ကျပ် သုံးသောင်းဝန်းကျင် ကုန်ကျမည်ဟု သိရသည်။

မြို့ပြဒေသ ရန်ကုန်တွင် ကျူရှင်ပေးခြင်း၊ ဂိုက်လုပ်ပေးခြင်းတို့က ၀င်ငွေသင့်တင့်သော ကောင်းမွန်သော လုပ်ငန်းတခု ဖြစ်နေသည်။
မိဘ အများအပြားကလည်း ငွေအကုန်အကျခံပြီး ကျူရှင်/ဂိုက်တို့ကို အားကိုးအားထား ပြုနေကြသည်။
မိဘတချို့၊ ဆရာ ဆရာမတချို့ကြောင့် မြို့ပြဒေသ သူငယ်တန်းကလေး ကျူရှင်မတက်ရလျှင်မဖြစ်သော အနေအထားတခုကို ရောက်ရှိနေသည်။

မြန်မာပြည်၏ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် ကြိုးစားနေသူတို့က အစိုးရကိုသာ ပစ်မှတ်ထား စဉ်းစားနေကြပြီး မိဘ၊ ဆရာတို့၏ အနေအထားကို ထည့်သွင်း ပြောဆိုမှု မရှိကြောင်း တွေ့ရသည်။

(မိုးမခစာမျက်နှာ  http://moemaka.com/archives/38125 မှာ ဝင်းဝါ ရေးသားတဲ့ သတင်းကို ခွင့်ပြုချက်တောင်းပြီး ကူးယူ ဖော်ပြပါတယ်)

 



.

1 comments :

  1. Anonymous said... :

    စင်ကာနိုင်ငံမှာ ကလေးများရဲ့ ကျောင်းပညာရေးဟာ ကျောင်းမှာသာ သင်ကြားပါတယ် ကျူရှင်မရှိပါ စာအလွတ်ကျက်ရချင်းမျိုး မဟုတ်ပါ ကလေးများရဲ့ နားနေချိန်လုံလောက်စွာ ရရှိပါတယ် ကျနော်တို့မြန်မာနိုင်ငံလည်း သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားရေးစနစ်ကိုသာ ပြောင်းလဲစေချင်ပါတယ် ကျူရှင်ပြစားချင်း များကိုထိရောက်စွာအရေးယူပြီး ကျောင်းမှာသာ အလေးထားသင်ကြားစေလိုပါတယ် ကလေးမျာျးရဲ့ နားနေချိန်လုံလောက်စွာပေးပြီး ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်ညဏ်ရည်ညဏ်သွေရှိလာစေရန် တိုးတက်စေရန်ရည်ရွယ်လျက်

    ပြည်သူတဦးအနေဖြင့် ရေးသားချင်းဖြစ်ပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved