ဆိုင်းဘုတ်အောက်တွင် နေကြသူများ

Saturday, September 28, 2013

 ~





            ယခုခေတ် ဆိုင်းဘုတ်တွေ တော်တော်များများပေါ်လာတာတွေ့ရတော့ ဆိုင်းဘုတ်တွေထက် ဆိုင်းဘုတ်အောက်ကလူတွေကို ပိုပြီးစိတ်ဝင်စားမိပါတယ်။



နိုင်ငံရေးပါတီများ၊ လူမှုအသင်းအဖွဲ့များ၊ သမဂ္ဂများ၊ လူမှုကွန်ယက်များ၊ ယခင်ကတည်းကရှိရှိနှင့်ပြီးဖြစ်တဲ့ ၀န်ကြီးဌာနများ၊ လွှတ်တော်ရုံးတော်များ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများက အစပြုလို့ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အထမ်းသည် အဆုံး ဆိုင်းဘုတ်လေးတွေ အတော်ပဲတွေ့ရပါတယ်။
 ဆိုင်းဘုတ်ပေါ်က အမည်နာမများကလည်း ခံတွင်းတွေ့စရာကောင်းလှတဲ့အတွက် သတင်းစာထဲမှာ ဗေဒင်ဆရာများရဲ့ အမည်ပေးပညာရပ်လည်း ကြော်ငြာစရာကိစ္စတစ်ရပ်ဖြစ်လာတာကလည်း စိတ်ဝင်စားဖွယ်။

          လူမှုလောကမှာ ကျင်လည်နေသရွေ့တော့ ဆိုင်းဘုတ်တစ်ခုခုအောက်မှာ နေရ၊ ရပ်တည်ရတာ သဘာဝပါ။
လူပန်းလို့ စိတ်နွမ်းလောက်အောင် ဆိုင်းဘုတ်တွေက ဒုက္ခပေးနေတာလည်း ကြုံရမှာပါပဲ။
ပထမဦးဆုံးတော့ ဆိုင်း ဘုတ်ကလေးတင်လိုက်တာနဲ့ စည်ပင်သာယာက ယူနီဖောင်းသမားတွေ ရောက်လာပြီး ဆိုင်းဘုတ်ခွန်က စတော့ တာပေါ့လေ။
တင်လိုက်တဲ့ ဆိုင်းဘုတ် အရွယ်အစားပေါ်မူတည်ပြီးကောက်ခံတော့ သိစေချင်လို့ ဆိုင်းဘုတ်တင်ကာမှ အခွန်နဲ့လာတိုးလို့ သေးငယ်ပစ်လိုက်ရတဲ့ ဆိုင်းဘုတ်ရှင်တွေလည်း ရှိကြမှာပေါ့။

          ကိုယ်ပိုင်ဆိုင်းဘုတ်လေး မရှိတဲ့လူကျပြန်တော့လည်း သူများဆိုင်းဘုတ်အောက်ကို ၀င်ဖို့ကြိုးစားရတာ မဆန်းပါဘူး။
 ဆိုင်းဘုတ်ဆိုတာကလည်း အမြင့်တစ်နေရာမှာ တင်ရစမြဲဆိုတော့ မနက်မိုးလင်းတာနဲ့ သူ့ကို ဦးညွှတ်ပြီး ၀င်လိုက်ရတာ ညနေခင်းတော့မှပဲ သူ့အောက်က လွတ်တော့တာပါပဲ။
သစ်သားပြားလေးနဲ့ပဲ ဖြစ်ဖြစ်၊ သံပြားလေးနဲ့ပဲဖြစ်ဖြစ် ဘယ်လိုအမည်တွေပဲ ပေးထားပေးထား ဆိုင်းဘုတ်တစ်ခုအောက်ကို ၀င်လိုက်ပြီဆိုရင် အခုခေတ်စကားနဲ့ဆို ခေါင်းစဉ်တစ်ခုရှိသွားပြီလို့ဆိုရမလားပဲ။

          ဆိုင်းဘုတ်အောက်ကလူက ဆိုင်းဘုတ်ကို ကိုယ်စားပြုတယ်။ တစ်ခါတစ်ခါ ဆိုင်းဘုတ်ကိုတော့ သိပါရဲ့။ ဆိုင်းဘုတ်ပိုင်ရှင်ကို မသိဘူး။
ဆိုင်းဘုတ်အောက်က လူတွေရဲ့ စရိုက်လက္ခဏာကိုတော့သိပါရဲ့။ ဆိုင်းဘုတ် ပိုင်ရှင်ရဲ့ စရိုက်လက္ခဏာကို မှန်းရခက်ပါတယ်။ ကိုယ့်ခေတ်နဲ့ကိုယ် သန်ရာဆိုင်းဘုတ်လေးတွေအောက် ၀င်ကြတဲ့ အခါ ဘယ်ဆိုင်းဘုတ်က ကိုယ်နဲ့လိုက်ဖက်မှန်းမသိလို့ စမ်းတ၀ါးဝါးနဲ့ ဟိုဆိုင်းဘုတ်အောက်ဝင်လိုက်၊ ဒီဆိုင်းဘုတ်အောက်ဝင်လိုက်နဲ့ လူငယ်လေးတွေ ဆိုင်းဘုတ်အရှာ ထွက်ကြတာ သဘာဝမို့ ပြစ်တင်စောကြော မထိုက်ပါဘူး။

          ဒါပေမယ့် လူအထင်ကြီးအောင် ဆိုင်းဘုတ်ထောင်မိကာမှ လူအထင်သေးစရာက ဖြစ်ပြီး သမိုင်းမလှတဲ့သူ များလည်း ရှိတော့ ဆိုင်းဘုတ်မထောင်မိတုန်းကမှ ဟုတ်တုတ်တုတ်ရယ်လို့ အောက်မေ့မိပါတယ်။
ကမ္ဘာ့တိုင်းပြည် အသီးသီးမှာ ဆိုင်းဘုတ်တွေအမျိုးမျိုးနဲ့ ရပ်တည်နေတဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးဟာ ဒုတိယကမ္ဘာစစ်ပြီး တဲ့နောက် တစ်ကမ္ဘာလုံး ကြီးနိုင်ငယ်ညှင်းကင်းစေဖို့၊ လက်နက်အင်အားနဲ့ ပြည်သူကို မနှိပ်စက်ဖို့၊ လူ့အခွင့်အရေး တွေဟာ အာဏာရှင်ရဲ့ လက်နက်အောက်မှာ ပြားပြားဝပ်ပျောက်ကွယ်မနေအောင်လို့၊ ဒုက္ခသည်တွေကို ကူညီဖို့၊ သဘာဝဘေးတွေကို ကာကွယ်ဖို့၊ ကျန်းမာရေးအသိတွေ၊ စားနပ်ရိက္ခာတွေနဲ့ ကမ္ဘာသူကမ္ဘာသားများ ပြည့်စုံဖို့ စတဲ့ အင်မတန်ကိုများပြားတဲ့ ဆိုင်းဘုတ်ခွဲတွေထောင်ပြီး လုပ်ခဲ့၊ လုပ်နေဆဲ။

          ဒါပေမယ့် ဘာကြောင့်များ လက်နက်တွေ ဆန်းသစ်တီထွင်တပ်ဆင်နေပါလိမ့်။ ဘာ့ကြောင့်များ အာဏာရှင်က ခုထိအနိုင်ကျင့်ချယ်လှယ်နေပါလိမ့်။
ပြည်သူတွေဟာ ဓာတုလက်နက်တွေရဲ့ ဆိုးကျိုးကိုခံနေရပါလိမ့်။ စစ်သွေးကြွအုပ်စုများက ဟိုတစ်ဒေါင့် ဒီတစ်ဒေါင့်ကနေ လူ့အသက်ကို ရန်စနေပါလိမ့်။
တောင်ကြိုအုံကြားမှာ နေထိုင်ပြီး ဘာကြောင့်များ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရအောင် လက်နက်ကြီးငယ်ကိုင်ဆောင်ပြီး တိုက်ပွဲတွေ ၀င်နေကြပါလိမ့်။
ဒီတော့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဆိုင်းဘုတ်တွေဟာ လက်နက်တွေ၊ အာဏာရှင်တွေ၊ စစ် သွေးကြွအုပ်စုတွေ၊ သောင်းကျန်းသူလို့ အမည်တပ်ခံထားရသူတွေရဲ့ သရော်ပြုံးကို ခံနေရပါရော့လား။
 ဘာကြောင့်လဲ။ ညီညွတ်မှုကို အာဏာနဲ့ ၀ါဒက ဖြိုခွင်းလိုက်လို့ပါ။

          စေတနာပဓာနဆိုတာ သိပေမယ့် စေတနာကို သိနားလည်တဲ့ လူတွေကြားမှာပဲ တန်ဖိုးရှိပြီး၊ နားမလည်တဲ့ လူတွေကြားမှာတော့ သတ္တိကြောင်တယ်လို့၊ ဆင်ခြင်ဥာဏ်မရှိတဲ့ ခတ်တုံးတုံးလူတစ်ယောက်လို့ အထင်ရောက် စေတာ အမှန်ပါပဲ။
 စေတနာပဲရှိပြီး အလုပ်မမြောက်ပြန်လည်း စေတနာဆိုင်းဘုတ်ကို ပြန်ပြီးသာ သိမ်းလိုက်ပါတော့လေ။
တစ်စုံတစ်ရာသော ဆိုင်းဘုတ်ဟာ ကိုယ့်သမိုင်းကို ရေးနေတာပါပဲ။

          ဆိုင်းဘုတ်တင်မှတော့ တာဝန်ရှိလာပြီပေါ့။ ဆိုင်းဘုတ်တိုင်းဟာ တစ်နည်းတစ်ဖုံတော့ အရာရောက်လို့ တင်ကျန်ရစ်တာပါ။
အရာမရောက်ရင်တော့ သိပ်မကြာတဲ့ကာလမှာ ဆိုင်းဘုတ်လေး အမှိုက်ပုံထဲရောက်ပြီပေါ့။
လူတစ်ယောက်က ဆိုင်းဘုတ်တစ်ခုအောက်ကို တိုးဝင်တာပဲဖြစ်ဖြစ်၊ သူကိုယ်တိုင်က ဆိုင်းဘုတ်ထောင်တာပဲဖြစ်ဖြစ် စဉ်းစားရမှာက ကိုယ်နဲ့ထိုက်တန်ရဲ့လား။
မုန့်ဟင်းခါးဆိုင်လို့ ဆိုင်းဘုတ်ထောင်ပြီး ချဲထီရောင်းနေရတာမျိုးက သမိုင်းမလှပါဘူး။

          ကိုယ့်ဆိုင်းဘုတ်လေးနဲ့ကိုယ် အလုပ်လုပ်တဲ့အခါ ကိုယ့်အလုပ်သာ အဓိကဖြစ်ဖို့လိုပါတယ်။
သူများတွေရဲ့ ဆိုင်းဘုတ်က ကိုယ့်ဆိုင်းဘုတ်လောက်အရေးမကြီးဘူးလို့အထင်ရောက်ပြီဆိုရင် ထမင်းဝိုင်းမှာ ထမင်းဖြူလေး အရေးပါသလို ငါးပိရည်နဲ့တို့စရာကလည်း တစ်နည်းတစ်ဖုံ အရေးပါပါတယ်။ ထမင်းဖြူချည်းမစားနိုင် သလို ငါးပိရည်ချည်းလည်း စားလို့ မရပါဘူး။
ထမင်းမနင်စေဖို့ ချဉ်ရည်လေးမတည်နိုင်ရင်တောင်မှ သောက်ရေတစ် ခွက်ကတော့ မပါမဖြစ်ပါဘူး။
ဒါပေမယ့်လည်း ကိုယ့်မစင် ကိုယ်တန်ဆာဆင်မနေဖို့တော့ အရေးကြီးသမှ။ နို့မို့ဆို တစ်ဘ၀လုံးဟာ မီးဖိုချောင်ဆိုင်းဘုတ်အောက်က လူတစ်ယောက်ပဲ ဖြစ်သွားမှာ အမှန်ပဲလေ။

          ကိုယ့်အကျင့်သိက္ခာနဲ့ တင်ထားတဲ့ ဆိုင်းဘုတ်က သင့်တင့်မျှတရဲ့လား။ သင့်တင့်မျှတမှုမရှိတဲ့အခါ ဆိုင်းဘုတ် တန်ဖိုးက ဟိုးအောက်ကို ၀ုန်းခနဲလျှောကျသွားမှာ အမှန်ပဲ။
ကိုယ့် ဆိုင်းဘုတ်အပေါ် ဘယ်လောက်များ တာဝန်ကျေကြပြီလဲ။ သက်ဆိုင်တဲ့ အလုပ်ကို မလုပ်ဘဲ ကျော်ကြားမှုကို လိုက်ပြီး အလုပ်တွေလုပ်နေရင် ခက် ခက်ရချည့်။
 မူလ အလုပ်က ဘယ်သူလုပ်မတုန်းပေါ့… စဉ်းစားစရာ။

          ဆိုင်းဘုတ်ကတော့ ခန့်ခန့်ထည်ထည်။ အမည်နာမကလည်း လေးစားလောက်စရာ။
 နုတ်ထွက်စကားက ကျွန်တော်နေမကောင်းလို့ ဆေးသောက်ထားလို့ အမတ်တွေ ဆွေးနွေးတဲ့အခါ တက်တက်ကြွကြွလေး ဆွေးနွေးပါ ဆိုတဲ့ စကားမျိုး။ ရောက်နေတဲ့ပတ်ဝန်းကျင်၊ ရှိနေတဲ့အနေအထား၊ ပြောရမယ့်စကားက လွဲနေသယောင်ယောင်။
လက်ဖက်ရည်ဆိုင်စကားဝိုင်းက စကားမျိုးက လက်ဖက်ရည်ဆိုင်ထဲမှာ ပြောရမှာလေ….. ခက်ရချည့်သေးရဲ့။ ဒီမြေတွေကိစ္စ လျော်ကြေးတွေပေးပြီးလည်း မပြေလည်၊ ဒီဌာနသွားတော့ ဟိုဌာနပုတ်လွှတ်လို့ ကျွန်တော့်မှာ ညအိပ်မပျော်လို့ အိပ်ဆေးသောက်အိပ်ရသတဲ့ ….. လွှတ်တော်အမတ် လုပ်ငန်းရှင်ကြီးရဲ့စကား။
သူအိပ်ပျော် အောင် ဥပဒေကို ပြဌာန်းလိုက်ရှာပေတော့လို့ ရေးရသားရ တင်ပြရတော့မလိုလို……။  အော် ဆိုင်းဘုတ်အောက် သူ့ ဒုက္ခ။

          တိုင်းပြည်နောက်ကျကျန်ရစ်တယ်လည်းဆိုရဲ့။ ကိုယ်တင်ထားတဲ့ အလုပ်တစ်ခုကိုမှ ထိထိရောက်ရောက် မရှိ။ သူများ ဆင်ခြေထောက်ကာကွယ်ဆေးကျွေးတော့ ကိုယ်လည်းလိုက်ပြီး ကာကွယ်ဆေးတစ်မျိုးကျွေးရတန် ကောင်းရဲ့။
ရပ်ကွက်ထဲ အော်လံနဲ့လှည့်၊ တစာစာခေါ် လုပ်တော့ လူသိရှင်သိ။ တစ်ခြားဆိုင်းဘုတ်ရှင်တွေ ပန်းခွေချတော့ ငါလည်း နောက်ကျသွားရင်ဆိုတဲ့ အတွေးနဲ့ ပန်းခွေများချလိုက်ရတော့ အစဉ်အလာနဲ့ ပန်းခွေချတဲ့ လူတွေကို စုတ်သတ်နေချိန်မှာ ကိုယ်ကတော့ မဆိုင်တာလုပ်တော့ ခံပေါ့ကွာ ဆိုတဲ့ ပြစ်တင်တဲ့စကားအပြင် ဘာမှ မကျန်ရစ်ပါဘူး။

          စာသင်တဲ့ဆရာမ .. .. အထက်တန်းကျောင်းဆိုင်းဘုတ်အောက်က တာဝန်တွေ တိုင်းပြည်တိုးတက်ဖို့ ကျေပြီလား။
သီချင်းတွေဆိုတဲ့ အဆိုတော်…. သီချင်းလေးနဲ့ ဒုက္ခသည်တွေအတွက် ရံပုံငွေရှာပြီးပြီလား။ လူမှုအသင်းအပင်းဆိုင်းဘုတ်အောက်ကလူတွေ လူမှုရေးအတွက် ဘာတွေလုပ်ပြီးပြီလဲ။
ဒါမှမဟုတ် လုပ်ရမှာက လူမှုရေးကိစ္စ၊ လုပ်နေတော့ အမြတ်ထုတ် နိုင်ငံရေးလား။ သစ်ပင်ပဲစိုက်တော့မလိုလို၊ ကာကွယ်ဆေးတွေပဲ တိုက်တော့မယောင်ယောင်၊ အမှိုက်တွေပဲ ကောက်တော့မယ့်ဟန် (ကောက်ပါရဲ့နဲ့ ခွင့်မပြုတာ လက်ဝါးကြီးအုပ်မှု) တရားစီရင်ရေးကိုပဲ ခုချက်ခြင်း အရောင်ပြောင်းတော့မယ့်ဟန်၊ စာပေလွတ်လပ်ခွင့်အတွက်ပဲ တိုက်ပွဲဝင်တဲ့သဘော ဖြစ်နေရင်တော့ ကိုယ့်ဆိုင်းဘုတ်က ယောင်တောင်တောင်ဆိုင်းဘုတ်ဖြစ်သွားမှာ အမှန်ပါပဲ။

          ကိုယ့်အလုပ်က ဘာလဲ ဆင်ခြင်လိုက်ကြပါစို့။ တိုက်သစ်ဆောက်ရတာ လွယ်ပါတယ်။ တိုက်ဟောင်းကို ပြိုလုနီးနီးဖြစ်နေတဲ့ တိုက်ဟောင်းကို ပြုပြင်ရတာခက်ပါတယ်။
အမိုးကိုပြင်ဖို့ပဲ အားထုတ်နေရင် ကြမ်းကျွံလို့ အိမ်ပြို ဒုက္ခ လှလှကြီးတွေ့မှာပေါ့။ နံရံကိုပဲ ပြင်ဖို့အားထုတ်ရင်လည်း အမိုးပြိုလို့ မတွေးရဲစရာ။
 ဒီတော့ အမိုး ပြင်တဲ့လူကပြင်၊ ကြမ်းကို တိုင်ထောက်တဲ့လူက ထောက် ဟန်ချက်ညီညီ ပြုပြင်ပါမှ တိုက်အိုတိုက်ဟောင်းလေး ပြန်လည် သစ်လွင်လာမှာပေါ့။

          ဒီတော့လည်း ………… ဆိုင်းဘုတ်အောက်ကလူများ ပင်ပန်းလှပါတယ်။

    ဘာရာဒွါဂျာ (မြန်မာပြည်)

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved