အမေရိကန်အမတ်မင်း ဆွေးနွေးပွဲမှာစမတ်ဖုန်းသုံးပြီးဖဲရိုက်ခြင်း

Wednesday, September 4, 2013

 ~


စမတ်ဖုန်းသုံးပြီး ဟိုဟိုဒီဒီ ကလိတာဟာ ဒီကနေ့ခေတ်ပေါ် အပျင်းဖြေနည်းတခုပေါ့။
ဒီနည်းကို လွှတ်တော်အမတ်မင်းတချို့လည်း သုံးနေကြပါပြီ။
 -



ထိုင်းနိုင်ငံက အမတ်မင်းတပါးက စမတ်ဖုန်းကြီးကြီးနဲ့ ဖွယ်ဖွယ်ရာရာပုံကြီးတွေ ကြည့်မိတယ် ဆိုပဲ၊ ဟုတ်ပါတယ် - လွှတ်တော်အစည်းအဝေး ကျင်းပချိန်မှာပါ။
ဒီအကြောင်း ဧရာဝတီဘလော့မှာ လက်တို့ပြီးပါပြီ။ http://blog.irrawaddy.org/2013/08/ipad.html မှာ ပြန်ဖတ်နိုင်ပါတယ်။

ဒီကနေ့ စမတ်ဖုန်းကလိတဲ့ အမတ်မင်းကတော့ အထင်ကရနိုင်ငံရေးသမားကြီးပါပဲ။
သူကတော့ မြန်မာပြည်ကို တကြိမ်ထက်မနည်း ရောက်လာခဲ့ဖူးတဲ့   အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ဖြစ်ပါတယ်။

မနေ့က ဝါရှင်တန်က ဆွေးနွေးပွဲတခုမှာ မက်ကိန်းကြီးက စမတ်ဖုန်းသုံးပြီး ပိုကာဒေါင်း ဖဲရိုက်နေပါတယ် တဲ့။
ဒါကို ဝါရှင်တန်ပို့စ်သတင်းသမားတယောက်က ဓာတ်ပုံရိုက် မှတ်တမ်းတင်လိုက်ပါတယ်။
သတင်းစာတိုက်ကလည်း အဲဒီပုံကို အွန်လိုင်းတင်လိုက်ပါတယ်။ တင်လိုက်ပြီ ဆိုတော့ ပြီးပြီပေါ့။
တကမ္ဘာလုံးက ဆွေးနွေးပွဲအတွင်း မက်ကိန်းကြီးရဲ့ အရေးတကြီးလှုပ်ရှားမှုကို ရေးကြ သားကြပါလေရော။
စာဖတ်သူများကလည်း ကလော်ကြ ဆော်ကြတာ ရှိသလို ဆွေးနွေးပွဲက ၃ နာရီတောင် ကြာတာ ပျင်းစရာကြီး၊ နည်းနည်းပါးပါးတော့ ဂိမ်းဆော့မှာပေါ့လို့ လျှော့ပြောသူလည်း ရှိပါရဲ့။

အဲဒီဆွေးနွေးပွဲက အတော်ကြီးကို အရေးပါတယ် ဆိုပါစို့။
ဆီးရီးယားအစိုးရကို ဆော်ပလော်တီးရေးမှာ စစ်အင်အား အသုံးပြုဖို့ ဆိုတဲ့ အကြောင်းအရာကို ပြောနေကြတဲ့ပွဲပါ။
အဲဒီပွဲကို ကြားနာပွဲလို့လည်း ဆိုကြပါတယ်။

ကြားနာတဲ့အကြောင်းရင်းတွေအားလုံးကို မက်ကိန်းကြီး သိပြီးသားဖြစ်ပါလိမ့်မယ်။
သူက ဆီးရီးယားအစိုးရရဲ့ ရန်ဘက် ဆီးရီးယားသူပုန်တွေကို လက်နက် အထောက်အပံ့ပေးဖို့ စည်းရုံးရေးဆင်းနေတာ တနှစ်ခွဲ မကတော့ပါဘူး။
ဒါကြောင့် ဒီပွဲက သူ့အတွက် ပျင်းစရာကြီးဖြစ်နေမှာ အသေအချာပါပဲ။

သို့သော်လည်း အမတ်မင်း စမတ်ဖုန်းနဲ့ ဂိမ်းကစား ဖဲရိုက်နေတယ်ဆိုတော့လည်း ကြားလို့မှ မတော်ဘူးပေါ့လေ။


ဝါရှင်တန်ပို့စ်အွန်လိုင်းမှာ ဒီဓာတ်ပုံကို တင်လိုက်ပြီး တနာရီမပြည့်ခင်မှာပဲ ... သူ့အကြောင်း ကမ္ဘာသိ လူမိသွားပြီ ဆိုတာ မက်ကိန်းကြီးလည်း သဘောပေါက်သွားပါတယ်။

ဒါကြောင့် ချက်ချင်းပဲ သူ့ တွစ်တာမှာ သူ ရေးလိုက်ပါတယ်။
Scandal! Caught playing iPhone game at 3+ hour Senate hearing - worst of all I lost!  လို့။
အရှက်ကွဲပြီဟေ့၊ ၃ နာရီကြာလွှတ်တော်ကြားနာပွဲမှာ iPhone ဂိမ်းဆော့တာ လူမိသွားတယ်။ အဆိုးဆုံးကတော့ (ဖဲရိုက်တာ) ငါရှုံးသွားတာပဲ လို့ အကြမ်း ဘာသာပြန်နိုင်ပါလိမ့်မယ်။

သူ့ရဲ့ တွိချက်ကို ပြန်ပြီး မျှဝေသူ ငါးထောင်ကျော်ရှိ၊ သဘောကျကြောင်း သင်္ကေတပြသူ နှစ်ထောင်ကျော် ရှိတာ တွေ့ရပါတယ်။

5,484 Retweets
2,158 Favorites

သို့သော်ငြား ဆွေးနွေးခြင်းအကြောင်းအရာက တကမ္ဘာလုံး စိုက်ကြည့်နေတဲ့အရေးလည်းဖြစ်၊
အထက်လွှတ်တော်အမတ်ရဲ့ လစာငွေက တနှစ်တနှစ် မရဘူးဆိုရင် ဒေါ်လာ ၂ သိန်း နီးပါးရှိ ဆိုတဲ့ ဆိုတဲ့ အချက်တွေကြောင့် သူ့ အမေရိကန်လူထုက သဘောကျမယ် မဟုတ်ပါဘူး။
အမတ်မင်းလစာ သမ္မတလစာ ဆိုတာတွေက ပြည်သူတွေဆီက အခွန်ငွေတွေပဲ မဟုတ်လား။

မက်ကိန်းကြီး  iPhone ပိုကာဒေါင်းတာမျိုးကို ဆင်ခြင်တော့မယ်လို့ ယူဆရပါတယ်။

 

 
ဂျွန်မက်ကိန်းရဲ့ မြန်မာပြည်ခရီးစဉ် မြင်ကွင်းတခု
.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved