ရွှေရောင်အလင်းတို့ လှလှပပ ယိမ်းနွဲ့ ရောင်ပြန်ဟပ်မှုတွေ

Tuesday, September 3, 2013

 ~


“Light & Gold” လို့ အမည်ပေးထားတဲ့ Artist ဝင်းတင့်ရဲ့ စတုတ္ထအကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်မြို့ လောကနတ် ပန်းချီပြခန်းမှာ စက်တင်ဘာ ၂ ကနေ ၇ ရက်နေ့အထိ ပြုလုပ်ပါတယ်။ ပြပွဲမှာ အခရိုင်းလစ် မီဒီယမ် သုံးစွဲပြီးရေးဆွဲထားတဲ့ ပန်းချီကား ၁၂ ကား ပါဝင် ပြသထားပါတယ်။ 

Artist ဝင်းတင့် နှင့် သူ၏ ပန်းချီကားပန်းချီကားတွေကို တချက် ဝင့်ကြည့်လိုက်တာနဲ့ ရွှေရောင် အလင်းတန်းတွေ ဖိတ်လျှံကျနေတာကို ချက်ချင်း သတိပြုမိလိုက်သလို၊ Tone အားကောင်းတဲ့ Object တွေရဲ့ ခိုင်မာဝင့်ထည်မှုကိုလည်း တဆက်တည်း မြင်တွေ့ ခံစားရပါတယ်။ နေ့ခင်းလို့လည်း ယူဆနိုင်သလို ည လို့လည်း ယူဆနိုင်တဲ့ တင်ပြမှုက ထူးခြားမှုတခုပါပဲ။ ပြီးတော့ အိပ်မက်ဆန်ဆန် အလင်းရောင်ပြန်အားနဲ့ အရာဝတ္ထုတွေကို ယှဉ်တွဲ တင်ပြမှုက စိတ်ဝင်စားစရာ ဖြစ်နေတဲ့ အပြင် ဓာတ်ပုံရိုက်ယူမှသာ မြင်တွေ့ရနိုင်တဲ့ ရောင်ပြန်အရိပ်တွေလည်း ပန်းချီကားတွေထဲမှာ တွေ့ရပါတယ်။ Artist ဝင်းတင့်က သူ့ရဲ့ အနုပညာ ဖန်တီးတင်ပြမှုထဲမှာ သူတွေ့ကြုံဖြတ်သန်းခဲ့ရတာကို ပြန်လည် တွေးမြင်ခံစားပြီး၊ ထင်ဟပ်ပြခြင်းလို့ ဆိုရမှာပါ။

ပန်းချီကားတွေ အားလုံးဟာ ရွှေတိဂုံရင်ပြင်တော် ပုံတွေချည့်ပါ။ သို့ပေမယ့် လူပုံထည့်သွင်း ရေးဆွဲထားခြင်း ရှိပါဘူး။ ဘာကြောင့်ပါလိမ့်။

“ဘုရား ကျောင်းကန်တွေဟာ ကျနော်တို့ နိုင်ငံရဲ့ သင်္ကေတတွေပါပဲ။ မြန်မာနိုင်ငံရဲ့ Landmark ဖြစ်တဲ့ ရွှေတိဂုံ ရင်ပြင်တော်ကို ရေးဆွဲတာပါ” လို့ ပြောပါတယ်။ 

ပန်းချီကား တခုကို ရေးဆွဲဖို့ ဘယ်လို ပြင်ဆင်ပါသလဲ လို့ ဆက်လက် မေးမြန်းတဲ့ အခါ သူက - “ကျနော်က အချိန်ရရင် ရသလို Sketch (ပုံကြမ်း) တွေ ရေးဆွဲနေလေ့ ရှိပါတယ်။ အဲဒီထဲမှာ လိုင်းလေးတွေပါမယ်၊ ဒါမှာမဟုတ် လေးထောင့်ကွက် (Square) တွေပါမယ်၊ ဒါမှမဟုတ် Circle (စက်ဝိုင်း) တွေလည်း ဖြစ်ချင် ဖြစ်မယ်ပေါ့။ အဲဒီ Element တွေကို ပုံစံချကြည့်ပါတယ်။ ဒါတွေက သင်ရိုးထဲမှာလည်း ပါပါတယ်။ လိုင်းတွေက သစ်ပင်တောတန်းတွေ တောင်တန်းတွေ အဖြစ် ပြောင်းယူ ဖန်တီးဖို့ ဖြစ်လာတတ်သလို၊ လေးထောင့်ကွက်တွေ၊ စက်ဝိုင်းတွေက Object (အရာဝတ္ထု) တွေ၊ လူတွေ အဖြစ်လည်း ဖန်တီးဖို့ ဖြစ်လာပါတယ်။ အဲဒီမှာ စိတ်တိုင်းကျတဲ့ Format ရပြီဆိုရင်တော့ ဓာတ်ပုံတချို့နဲ့ အခြေခံယူ ပေါင်းဆင့်ဖန်တီးပါတယ်။ အဓိကကတော့ Time & Space ကို လျာထား ပုံစံချကြည့်ပြီး၊ အပြင်မှာရှိတဲ့ အနေအထားနဲ့ ပေါင်းစပ်ယူတာပါ” လို့ ပြောပြပါတယ်။

ပြပွဲမှာ ပြသထားတဲ့ ပန်းချီကားတွေကို ပြပွဲလာကြည့်တဲ့ ပန်းချီဆရာ တဦးက Impression ဆန်တဲ့ ပန်းချီကားတွေလို့ မှတ်ချက်ချပါတယ်။ ဒီလို မှတ်ချက်စကား နဲ့ ပတ်သက်ပြီး Artist ဝင်းတင့် ပြန်ပြောပြတာက - “မဟုတ်ပါဘူး၊ Impression ပန်းချီကားကို ရေးဖို့အတွက် ကိုယ်တိုင် outdoor ထွက်ပြီး အလင်းနဲ့ အလင်းပြန်မှုတွေကို သေချာကြည့် ပြီးရေးတာ။ Plein Air Artist ပေါ့။ ကျနော် ရေးတာက ကျနော့် Sketch တွေကို ဓာတ်ပုံနဲ့ ပေါင်းဆင့် ဖန်တီးတာ။ အလင်းကို အားပြုတာတော့ မှန်ပါတယ်။ အင်ပရက်ရှင်း ပန်းချီကား အများစုက ဖြစ်နေတဲ့ အချိန်ကာလနဲ့ အလင်းကို အမြန်ရေးဆွဲတာမျိုးဆိုတော့ ပန်းချီကား ကြီးကြီးမားမားက တွေ့ရနည်းပါတယ်” လို့ ပြောပါတယ်။

Artist တဦးဟာ Artwork တခု ဖန်တီးဖို့ အတွက် Beauty (အလှအပ) သို့မဟုတ် Emotion (စိတ်ခံစားမှု) သို့မဟုတ် Concept (နွယ်ဆက်အတွေး) စသည်ဖြင့် တခုခုအပေါ် အခြေပြု (Base on) ဖန်တီးတင်ပြကြပါတယ်။ Artist ဝင်းတင့်ကတော့ ဘယ်အပေါ်မှာ အခြေပြု ဖန်တီး တင်ပြတယ် ဆိုတဲ့ အကြောင်း အခုလို ပြောပြပါတယ်။

“ပန်းချီကား တခုမှာ Beauty ဆိုတာက ကြည့်ရှုသူ အတွက်၊ Emotion က ပန်းချီဆရာအတွက်၊ Concept က ပန်းချီဆရာနဲ့ ကြည့်ရှုသူတို့ရဲ့ ရွေးချယ်မှုအတွက် ဒါမဟုတ် ပေါင်းစည်းမှုအတွက်လို့ ဆိုနိုင်တယ်။ Emotion များသွားရင်တော့ ပုဂ္ဂလဆန်တဲ့ ဖန်တီးမှု ဖြစ်သွားနိုင်ပါတယ်။ ဝန်းကျင်နဲ့ မသက်ဆိုင်သလို ဖြစ်သွားနိုင်ပါတယ်။ ကျနော်ကတော့ ဒီ သုံးမျိုးကို မျှမျှတတ ပေါင်းစပ်တင်ပြတာလို့ ယူဆပါတယ်”

 Artist ဝင်းတင့် ၏ Light & Gold ပန်းချီကား
၁၉၆၆ ခုနှစ်ဖွား၊ ပျဉ်းမနား ဇာတိသား Artsit ဟာ လက်ရှိမှာ ရန်ကုန် ပန်းချီပန်းပုကျောင်းမှာ ပန်းချီနည်းပြတဦးအဖြစ် တာဝန်ယူ သင်ကြားပေးနေသူ ဖြစ်သလို ပန်းချီကို တစိုက်မတ်မတ် ရေးဆွဲနေသူပါ။ ပြီးတော့ သူဟာ စာနယ်ဇင်း သရုပ်ဖော် ပန်းချီလည်း ရေးဆွဲရာမှာလည်း ထင်ရှားသူပါ။ သူဟာ Myanmar Contemporary Art Award 2004 (Finalist) မှာ ပါဝင်ခဲ့ပြီး၊ သူ့ရဲ့ လက်ရာတချို့ကို အမျိုးသားပြတိုက်မှာ စုဆောင်းပြသထား ပါတယ်။ ၁၉၈၅ ကနေပြီး လက်ရှိ ၂ဝ၁၃ အတွင်း အုပ်စုပြပွဲပေါင်းများစွာမှာ ပါဝင်ပြသခဲ့သလို တကိုယ်တော်ပြပွဲအဖြစ် ၄ ကြိမ်ပြသနိုင်ခဲ့ပါတယ်။

သူ့ဘဝ သူ့ဖြတ်သန်းမှုမှာ တွေ့ကြုံရတဲ့ နိုင်ငံရေး ဖြစ်စဉ်များကရော သူ့ဘဝ သူ့အနုပညာဖန်တီးမှုကို ရိုက်ခတ်မှုတွေ ရှိခဲ့ပါသလား။
ရိုက်ခတ်မှု စေ့ဆော်မှုတွေ ရှိခဲ့တယ် ဆိုရင် ဘယ်လိုပါလိမ့်။ သူ ရှင်းလင်းပြောပြတာက -

“ကျနော့်ရဲ့ ပန်းချီကားတွေထဲမှာ ဖြာကျနေတဲ့ အလင်းတန်းတွေက နေ့ခင်းလို ဖြစ်နေတယ်၊ တချိန်တည်းမှာပဲ တချို့ပန်းချီကားတွေဟာ တည်ငြိမ်တိတ်ဆိတ်တဲ့  ညဖြစ်နေတဲ့ ပန်းချီကားကိုလည်း တွေ့ရမှာပါ။
ဒါဟာ ကျနော့် ဘဝဖြတ်သန်း ခဲ့ရမှုနဲ့ လက်ရှိ ဘဝ ဖြစ်တည်နေတာကို ဆက်စပ်တင်ပြတာပါပဲ။
 ဒါဟာ ကျနော့်ကို ရိုက်ခတ်တဲ့ ခေတ်ကာလ အပါအဝင် လောက အမြင်လို့လည်း ပြောရင်ရပါတယ်” 

ရွှေရောင်အလင်းတို့ လှလှပပ ယိမ်းနွဲ့ ရောင်ပြန်ဟပ်မှုတွေကို တင်ပြရေးဆွဲထားတဲ့ Artist ဝင်းတင့်ရဲ့ ပန်းချီကားတွေ ထဲမှာ ခေတ်ပြိုင်ခံစားမှုနဲ့ အတူ Narrative Story တွေ ပြောပြနေပါတော့တယ်။    ။ 

 



နိုင်စွမ်း


(ကျော်ဖြိုးသာကလည်း ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာ http://www.irrawaddy.org/archives/43352 မှာ A Vision of Gold and Light ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားပါတယ်)





.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved