အနုပညာက လူ့အဖွဲ့အစည်းကို အားပေးမြှင့်တင်နိုင်ပါသလား

Tuesday, October 1, 2013

~



တိုးတက်တဲ့ နိုင်ငံတွေမှာတော့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အလေးထားသလို စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုလည်း ဂရုတစိုက်နဲ့ အားပေး မြှင့်တင်နေတာ တွေ့ရပါတယ်။ I.Q နဲ့ E.Q ကို မျှမျှတတ ဖွံ့ဖြိုးအောင် လုပ်ဆောင်တယ်လို့ ဆိုရမှာပါ။ တနည်းအားဖြင့် အသိပညာ အတတ်ပညာနဲ့ အနုပညာကို ဟန်ချက်ညီညီ ထိန်းမတ်တာပါပဲ။
 
မြန်မာ ခေတ်ပြိုင်ပန်းချီကား တခု 
 


 စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် အသိပညာ အတတ်ပညာက အရေးကြီးသလို ခံစားနားလည် ပေးနိုင်ဖို့ မျှဝေနိုင်ကြဖို့ အတွက် အနုပညာကလည်း အရေးကြီးပါတယ်။ အသိပညာ အတတ်ပညာတွေက ရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖို့ တွန်းအားပေး နေပြီး၊ အနုပညာကတော့ အဲဒီတိုးတက်မှုရဲ့ အလှအပကို ရှာဖွေတွေ့မြင်စေနိုင်ပါတယ်။ ပြီးတော့ ကွယ်လွန်သူ ပန်းချီဆရာကြီး တယောက်ကလည်း အလှအပဟာ ငြိမ်းချမ်းခြင်းရဲ့ သင်္ကေတ တခု ဖြစ်တယ်၊ ငြိမ်းချမ်းတဲ့ စိတ် ရှိမှသာ အလှအပကို မြင်နိုင်တယ်လို့ ပြောဖူးပါတယ်။

အဲဒီမှာ မေးခွန်း တခုက ထပ်ဆင့်ပြီး အရောက်လာပါတယ်။ အဲဒါကတော့ “အနုပညာက လူ့အဖွဲ့အစည်းကို အားပေးမြှင့်တင် ပေးနိုင်ပါသလား” ဆိုတဲ့ မေးခွန်းပါ။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး အနုပညာရှင်တွေ၊ အနုပညာနဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ သူတွေကို မေးမြန်းဖြစ်ပါတယ်။

လူငယ် Artist ဇော်ရန်နိုင်ကတော့ - “အနုပညာသမားဟာ အနုပညာကို အသုံးပြုပြီး လူ့အဖွဲ့အစည်းကို အားပေးမြှင့်တင် ပေးနိုင်တယ်လေ။ အဲဒါကြောင့် အနုပညာက လူ့အဖွဲ့အစည်းကို အားပေးမြှင့်တင် ပေးနိုင်တယ်” လို့ ပြောပါတယ်။

လူငယ် Artist လင်းသဏ်ညီ ကတော့ “အနုပညာဟာ လူ့အဖွဲ့စည်းကို သွယ်ဝိုက်သောနည်း တိုက်ရိုက်နည်း ၂ မျိုးစလုံးနဲ့ အားပေးမြှင့်တင်ပေးတယ်။ နောက် အားလျော့ချင်တဲ့ အခါ အားလျော့မှုကိုလည်း ဖြစ်စေတယ်” လို့ ပြောပါတယ်။ ဆိုလိုတာက အနုပညာက လူ့အဖွဲ့အစည်းကို သွယ်ဝိုက်သောနည်း၊ တိုက်ရိုက်နည်း ၂ မျိုးစလုံးနဲ့ အားပေမြှင့်တင် ပေးနိုင် သလို အားလျော့စေတာမျိုးတွေလည်း ဖြစ်စေနိုင်တယ်လို့ ဆိုလိုပါတယ်။
ပီကာဆို၏ ဂွာရာနီကာ ပန်းချီကား

ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်လူမျိုးတွေရဲ့ စွန့်လွှတ်နိုင်ခြင်းနဲ့ ရဲရင့်တဲ့ စိတ်ဓာတ် ခွန်အားကို ဂီတနဲ့ အားပေးခဲ့တယ် ဆိုတာ အဲဒီခေတ်က စစ်သီချင်းတွေက သက်သေခံနေပါတယ်။ အဲဒီလိုပဲ ပန်းချီနဲ့ ပတ်သက်ပြီး ပန်းချီကား တခု ရှိနေပါတယ်။ ပီကာဆို (Pablo Picaso) ရဲ့ ဂွာရာနီကာ (Guernica Painting)  ပန်းချီကားပါ။ ၁၉၃၇ ခုနှစ်မှ ဖြစ်ပွားခဲ့တဲ့ စပိန်ပြည်တွင်း စစ်ရဲ့ အနိဋ္ဌာရုံတွေကို အနုပညာခံစားမှုနဲ့ ပေါင်းစပ် တင်ဆက်ပြသတာ ဖြစ်တယ်။ ၁၃၇ ဒသမ ၄ လက်မ x ၃၀၅ ဒသမ ၅ လက်မ အရွယ် ဆီဆေးနဲ့ ရေးဆွဲထားတဲ့ ဒီပန်းချီကားကြီးကို စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ Museo Reina Sofia ပြတိုက်မှာ ပြသထားပါတယ်။

Artist Sandy ကတော့ “အနုပညာသမား (ချွင်းချက်- အစစ်) တိုင်းရဲ့ ဦးနှောက်စွမ်းရည်က သာမန်လူတွေနဲ့ မတူလို့ နှလုံးသားမှာ ပိုခံစားတတ်လို့ အနုပညာ သမားဖြစ်တာ။ သူတို့ရဲ့ အနုပညာကို လက်ခံတဲ့ လူတန်းစားနဲ့ နားလည်တဲ့ လူတန်းစားရဲ့ ဦးနှောက်နဲ့ နှလုံးသားတွေကလည်း ဒီလိုပဲ၊ ပိုခံစား ပိုနားလည်ပေးနိုင်လို့ ဖြစ်လာတာ။ ဒီတော့ လူ့အဖွဲ့အစည်းထဲမှာ ဦးနှောက်နဲ့ နှလုံးသားနဲ့ လူတွေများလာတာရယ်၊ စက်ရုပ်ဆန်တဲ့ လူတွေများတာရယ်၊ ဘယ်ဟာက ပိုမြင့်သွားသလဲ၊ ပိုနိမ့်သွားသလဲ ဆိုတာ တွေးယူကြပါကုန်လို့ ပြောမှာပါပဲ” လို့ ပြောပါတယ်။

Artist Khin May Kyi ကတော့ ," Art can cure all of our pains, feelings and also any psychological trauma. Is it sure? I think so. Becoz I'm an artist as well as a doctor." သူမ ပြောတာက “အနုပညာက ကျမတို့ ခံစားနေရတဲ့ နာကျင်မှုတွေ၊ ခံစားရမှုတွေနဲ့ ၀မ်းနည်းစိတ်ပျက်စရာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ အဲဒါ မှန်ပါ့မလားလို့ မေးမြန်းလာ မယ်ရင်လည်း ကျမကတော့ ဒီလိုပဲ ဖြေမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမက အနုပညာရှင် တဦးဖြစ်သလို ဆေးဝါးကုသ ပေးတဲ့ ဆရာဝန်ဖြစ်လို့ပါပဲ” တဲ့။

Artist အေးကတော့ ဒီလိုမြင်ပါတယ် တဲ့။ “ဒါ ရှင်းပါတယ်။ လူ့အဖွဲ့အစည်းကို တိုးတက်ဖို့ဆို စီးပွားရေးတခုနဲ့တင် မလုံလောက်ဘူး။ အနုပညာဖွံ့ဖြိုးတိုးတက်မှုလည်း လိုအပ်တယ်။ အနုပညာဖွံ့ဖြိုးတိုးတက်မှုမရှိတဲ့ တိုင်းပြည်ဟာ ဦးခေါင်းမရှိတဲ့ ခန္ဓာကိုယ်လိုပဲဖြစ်မှာပဲ။ ဒါကြောင့် ခေတ်တိုင်း ခေတ်တိုင်းမှာ တိုင်းပြည် တိုင်းပြည်တိုင်းမှာ၊ အနုပညာကို ဘယ်လိုထိန်းသိမ်းမလဲ၊ အနုပညာကို ဘယ်လို တိုးတက်အောင် လုပ်မလဲဆိုတာ စီမံကိန်းချပြီး ဆောင်ရွက်နေပြီ။ ကျနော်တို့ မလုပ်နိုင်သေးဘူး” လို့ ပြောပါတယ်။
Culture Bridge အနုပညာခန်းမ ပဲ့ကိုင်ရှင် ကိုရန်နောင်ဦး ပြောပြတာက “အနုပညာက လူ့အဖွဲ့အစည်းနဲ့ ဆက်စပ်နေ ပါတယ်။ ဒါကြောင့် အားပေးမြှင့်တင် ပေးနိုင်တယ်လို့ ယူပါတယ်။ စာပေ၊ ဂီတ၊ ပန်းချီ၊ ပန်းပု အပါအ၀င် အနုပညာတွေ ဟာ ယဉ်ကျေးမှုနဲ့လည်း ယှက်တွယ်နေတယ်။ ခံစားနိုင်မှု အိုင်ကြူ၊ အီးကြူကို မြင့်မားအောင် စေ့ဆော်ပေးပါတယ်” လို့ ပြောပါတယ်။

ဒီနေရာမှာ တွေ့လိုက်ရတာက အနုပညာက လူ့အဖွဲ့အစည်းကို အားပေးမြှင့်တင်နိုင်တယ်လို့ ဆိုတဲ့ တူညီတဲ့ ယူဆချက်ပါပဲ။ အဲဒီမှာ နောက်ထပ် မေးခွန်း တခု ထပ်ဆင့်ရောက်လာပြန်ပါတယ်။ အဲဒါကတော့ (အနုပညာက လူ့အဖွဲ့အစည်းကို အားပေးမြှင့်တင် ပေးနိုင်တယ်လို့ ယူဆကြရင်..) အနုပညာကို အားပေးမြှင့်တင်ဖို့ရော ဘယ်လို လုပ်မလဲ ဆိုတဲ့ မေးခွန်းပါ။

ဒီမေးခွန်းကို လေ့လာမိသလောက် တင်ပြရရင် ရန်ကုန်၊ မန္တလေး ယဉ်ကျေးမှုတက္ကသိုလ်များ၊ ပန်းချီပန်းပုကျောင်းများ၊ တက္ကသိုလ်များ ဟာ အနုပညာ မြှင့်တင်နိုင်ရေး အခြေခံကျတဲ့ လုပ်ဆောင်ရာ ဌာနတွေပါ။ နောက်ပြီး ပုဂ္ဂလိက သင်တန်းတွေ၊ ပြတိုက်၊ ပြခန်းနဲ့ ပြပွဲတွေဟာလည်း အနုပညာကို အားပေးမြှင့်တင်တဲ့ အလုပ်တွေ၊ အနုပညာနယ်ပယ် ကျယ်ပြန့်အောင် လုပ်ဆောင်တဲ့ အလုပ်တွေ လုပ်ဆောင်နေတာပါပဲ။ သို့ပေမယ့် အဲသလောက် အရေအတွက်နဲ့ ကျနော်တို့ အနုပညာကို အားပေးမြှင့်တင်နိုင်ပြီးလား။ အဲသလောက် လုပ်ကိုင်ဆောင်ရွက်ရုံနဲ့ အနုပညာကို ပြည့်ဝ အားကောင်းအောင် လုပ်ဆောင်နိုင်ပြီလား။ မြန်မာနိုင်ငံက ရန်ကုန်တိုင်းရဲ့ ဧရိယာအကျယ်အ၀န်းလောက်ပဲ ရှိတဲ့ စင်ကာပူ နိုင်ငံမှာ ရှိတဲ့ ပြတိုက်၊ ပြခန်း အရေအတွက်ကို လေ့လာရအောင်ပါ။

စင်ကာပူလို နိုင်ငံမှာတောင် အမျိုးသား ပြတိုက် အများအပြား  ရှိပါတယ်။
Asian Civilization Museum,
National Museum of Singapore နဲ့
Singapore Art Museum (SAM) တို့ ဖြစ်ပါတယ်။
အခြား ပြတိုက်တွေကို လေ့လာကြည့်ရအောင်ပါ။ အဲဒီထဲမှာ
Art Science Museum (Marina Bay Sands),
Baba House (National University of Singapore),
The Battle Box, Fort Siloso (Sentosa),
Fuk Tak Chi Museum,
Images of Singapore (Setosa),
Maritime Experiential Museum & Aquarium (Sentosa)
စသည်တို့ အပါအ၀င်  ပြတိုက် ၁၇ ခု ရှိပါတယ်။ ပြီးတော့ ရှေးဟောင်းအမွေ ဆိုင်ရာ ပြတိုက်နဲ့ ပြခန်းတွေလည်း ၁၃ ခု ရှိတယ်လို့ သိရပါတယ်။

စင်ကာပူမှာ အနုပညာ မြင့်မားရေး အတွက် ဘယ်လို အားပေးလုပ်ဆောင်နေတယ် ဆိုတာ အခုလို ပြတိုက်နဲ့ ပြန်ခန်းတွေကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။

မြန်မာနိုင်ငံမှာတော့ အပြေးအလွှား ရေတွက်ကြည့်မှ အမျိုးသား ပြတိုက်၊ စစ်သမိုင်း ပြတိုက်၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် ဆိုပြီး တွေ့ရမှာပါ။ အနုပညာနဲ့ ပတ်သက်တဲ့ ပြတိုက်၊ ပြခန်းတွေက အရမ်းနည်းပါးနေဆဲပါ။

နိုင်ငံတနိုင်ငံရဲ့ တိုးတက်မှုကို လေ့လာဆန်းစစ်ရင် အဲဒီနိုင်ငံမှာ အနုပညာ ထွန်းကား အားကောင်းမှု ဘယ်လောက်ရှိ သလဲ ဆိုတဲ့ အချက်နဲ့ တိုင်းတာ ဆန်းစစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ခေတ်အဆက်ဆက်တိုင်းမှာ အနုပညာ လွတ်လပ်စွာ ဖန်တီးမှုကို ပိတ်ပင်ခံခဲ့ရပါတယ်။ အခု ပြောင်းလဲလာပြီလို့ ဆိုနိုင်တဲ့ အချိန်မှာရော အနုပညာနဲ့ ပတ်သက်ပြီး ဘာတွေ အားပေးမြှင့်တင် လာနေပြီလဲ။ မသိရသေး၊ မတွေ့ရသေး၊ မမြင်ရသေး ပါ။ ဒါဆိုရင် အနုပညာသမားများ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများနဲ့ အဆင့်ဆင့်သော တာဝန်ရှိသူများ အားလုံး စုစည်းလုပ်ဆောင်ဖို့ အထူး လိုအပ်နေပြီ ဖြစ်ကြောင်း။    ။



.

1 comments :

  1. Anonymous said... :

    တေးရေးစရာ အဆိုကျော် ဒါရိုက်တာ သရုပ်ဆောင် တွေအစား ရှက်မိပါတယ်
    နန်းတော်ရှေ့ဆရာတင် ဆရာရွှေတိုင်ညွန့်
    ဆရာကြီးဦးသုခ ဦးဝင်းဦးတို့ကိုလွမ်းမိပါတယ်
    တိုင်ပြည်အတွက် ဒီအချိန်မှာ ဘယ်လိုရသကိုပေးတာအကောင်းဆုံးလဲ
    သူများအပြစ်ပဲ နှစ်ကိုဆယ်နှင့်ချီ ပြောခဲ့ကြတယ်
    ကိုယ်ရောအပြစ်တွေဘယ်လောက် ရှိနေလဲ
    လူကြီးလူကောင်ဆန်ဆန် ဝန်ခံဖို့ လိုအပ်လိမ့်မယ်
    အားလုံးကိုမဆိုလိုပါ
    အားလုံလေးစားလောက်တဲ့ အတုယူလောက်တဲ့ သီချင်း ဇာတ်ကား တွေများများ ကြားချင် မြင်ချင် လှပါပြီ
    အနာဂတ်သမိုင်း မရိုင်းရလေအောင်းးးးးးးအမှိုက်မပစ်ခဲ့ကြပါနဲ့းးးးးးး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved