ခဝါချဖို့ လွယ်ကူတဲ့ ပလပ်စတစ်ပိုက်ဆံ

Tuesday, October 1, 2013


~


  ရန်ကုန် လမ်းဘေးတနေရာမှာ မနှစ်က သရုပ်ဖော် ရေးဆွဲထားမှု ဖြစ်ပါတယ်

လမ်းဘေးပုံ ဆိုတော့ ဘယ်သူဆွဲထားမှန်း မသိရပါ။
 


(ဓာတ်ပုံ – Soe Zaya Tun/Reuters)

 ငွေကြေးလျှော်ဖွတ်မှု MONEY LAUNDRY ဆိုတဲ့ စကားလုံးကို အ၀တ်လျှော်စက်ပုံဘေးမှာ ရေးပါတယ်။
တခြားတဘက်မှာတော့ မြန်မာပြည်က ဘဏ် ၃ ခု ရဲ့ အမည်ကို တွေ့ရပါလိမ့်မယ်။

Reuters သတင်းဌာနရဲ့ မူရင်းပုံစာကတော့ ...  A worker and her son walk past graffiti, seemingly about money laundering, on a wall at Gabaraye Pagoda road in Yangon on March 14, 2012.

တနေ့က ဧရာဝတီ မြန်မာပိုင်းစာမျက်နှာရဲ့ သတင်းတပုဒ် - ဒေါ်လာ ၇ ဘီလျံကျော် နိုင်ငံခြားတွင် အပ်နှံထားဟု အစိုးရ ထုတ်ပြန် http://burma.irrawaddy.org/archives/48376 မှာ ၀ယ်သုံးထားတဲ့ပုံ ဖြစ်ပါတယ်။

ငွေကြေးလျှော်ဖွတ်မှု ဆိုတော့ ပုံထဲက အ၀တ်လျှော်စက်ထဲ ထည့်လျှော်လို့တော့ ဘယ်ရမလဲ။
ငွေမည်းကို ငွေဖြူဖြစ်အောင် လုပ်တယ် ဆိုတာကို လျှော်ဖွတ်တယ် ခ၀ါချတယ် စသဖြင့် ပြောဆိုကြတာပါ။
ငွေစက္ကူကို စက်ထဲ တကယ်ထည့်လျှော်လို့ကတော့ အင်း...ပျော့ဖတ်တွေဖြစ်သွားမှာပဲ။ ပိုက်ဆံ ဆိုတာမျိုးက  ရေနဲ့ သိပ်ထိလို့မရတဲ့အမျိုးအစား မဟုတ်လား။

ရေနဲ့ ထိလို့ရတဲ့ ပိုက်ဆံလည်း နိုင်ငံတချို့မှာ ရှိနေပါပြီ။



(ထိုင်းနိုင်ငံသုံး ဘတ် ၅၀ တန် မျက်နှာစာ နဲ့ ကျောဘက်)

ထိုင်းမှာ တွေ့ရမယ့် ပိုက်ဆံများကတော့ ၂၀၊ ၅၀၊ ၁၀၀၊ ၅၀၀၊ ၁,၀၀၀ တန်များနဲ့ အကြွေစေ့တွေပါပဲ။

အဲဒီထဲမှာ ၅၀ တန်က ပလပ်စတစ်ပိုက်ဆံလို့ ဆိုရပါမယ်။

  ပလပ်စတစ်နဲ့လုပ်ထားတဲ့အတွက် စိုထိုင်းမှုခံနိုင်ရည်ရှိ မှိုတက်မှုကင်းဝေးပါလိမ့်မယ်။

 စုတ်ပြဲ၊ တွန့်ကြေ၊  ရေစိုတာမျိုးကို စက္ကူနဲ့လုပ်ထားတဲ့ငွေထက်ပိုပြီး ခံနိုင်ရည်ရှိပါလိမ့်မယ်။ ရေစိုတာခံနိုင်တယ် ဆိုတာထက် ရေစိမ်ထားလို့တောင် ရမှာပါ။
အတုလုပ်မယ့်သူတွေလည်း ခေါင်းကိုက်နိုင်ပါတယ်။ ပေါ်လီမာကနေလုပ်ထားတဲ့ ပလပ်စတစ်ပိုက်ဆံကို အတုလုပ်မယ့်သူတွေ ရှောင်ကြမှာ သေချာပါတယ်။

ထိုင်းမှာ စုတ်ပြဲတဲ့ ၅၀ တန် မကိုင်ဖူးပါဘူး။
အဲ ... မီးဟပ်လို့ နည်းနည်းတွန့်နေတာကိုတော့ ကိုင်ဖူးပါတယ်။ အားနည်းချက်ကတော့ မီးဟပ်ရင် တွန့်သွားတာဖြစ်ပါလိမ့်မယ်။

ဗြိတိန်မှာတော့ The Bank of England  က ငါးပေါင်တန် ဆယ်ပေါင်တန်တွေကို ပလပ်စတစ်ငွေစက္ကူဖြစ်အောင် လုပ်လိုကြောင်း ပြီးခဲ့တဲ့
စက်တင်ဘာ ၁၀ ရက်နေ့မှာ ကြေညာပါတယ်။
အစီအစဉ် အထမြောက်ပြီ ဆိုရင်တော့ ၂၀၁၆ မှာ  ပလပ်စတစ်ငွေစက္ကူတွေ ဗြိတိန်မှာ ပေါ်လာပါလိမ့်မယ်။
ထိုင်း၊ သြစတေးလျ၊ မက္ကဆီကို၊ ကနေဒါတို့မှာ သုံးနေကြပါပြီ။
ပိုသန့်ရှင်း၊ ပိုပြီး ခံနိုင်ရည်ရှိ/ခိုင်မာ၊ ပိုပြီး လုံခြုံစိတ်ချရလို့ပါ တဲ့။

လျှော်တဲ့အဝတ်အစားထဲမှာ ပိုက်ဆံ ပါသွားတာမျိုး ကြုံဖူးကြမှာပါ။
ပလပ်စတစ်ပိုက်ဆံ ဆိုရင်တော့ လျှော်တာကို ခံနိုင်ရည်ရှိမှာ သေချာပါတယ်။
လျှော်တဲ့အဝတ်အစားထဲ ပလပ်စတစ်ပိုက်ဆံ ပါသွားရင်လည်း စိတ်ညစ်စရာ မလိုပါ။

 မြန်မာပြည်မှာ နှစ်ရာတန်၊ ငါးရာတန်၊ တထောင်တန်တွေကို ပလပ်စတစ်ပိုက်ဆံအဖြစ် မြင်ရဖို့အလားအလာ မရှိပါ။

အလားအလာ ကောင်းတာကတော့ ဘဏ်လုပ်ငန်း ပိုမို ဖွံ့ဖြိုးပြီး ချက်လက်မှတ်၊ ဘဏ်ကတ်အသုံးများတာပဲ ဖြစ်မယ်လို့ ယူဆပါတယ်။



.

2 comments :

  1. Anonymous said... :

    မလေးရှားမှာ ပိုလီမာငွေစက္ကူ သုံးနေတာ ကြာလှပြီ။ တစ်ကျပ်တန်ကနေ တစ်ထောင်တန်အထိ အားလုံး polymer.

  1. Unknown said... :

    အဲ့ပုံက ရွှေဂုံတိုင်နှင်းဆီကုန်းဘိုးဘွားရိပ်သာဘေးက ခြံရှေ့မှာဆွဲထားတာပါး)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved