စိုးရိမ်တာတွေ ခေတ်စားနေတယ်

Monday, October 28, 2013

~


 

စိုးရိမ်တာတွေ ခေတ်စားနေချိန်မှာ အခုနောက်ဆုံး စိုးရိမ်တယ်လို့ ပြောလာသူကတော့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) က အဖွဲ့ဝင်တချို့ ဖြစ်ပါတယ် တဲ့။


ထောက်လှမ်းရေးတွေက ပါတီကော်မတီဝင်စာရင်းတွေကိုတောင်းလာမှုတချို့ ရှိလို့ စိုးရိမ် စိတ်ပူနေကြခြင်း ဖြစ်ကြောင်း ပါတီခေါင်းဆောင်ကြီးတယောက် ဖြစ်တဲ့ ဦးဟန်ရွှေကို ကိုးကားပြီး စနေနေ့ထုတ် LADIES ဂျာနယ်မှာ ရေးထားပါတယ်။

အတောင်းခံရတဲ့ ပါတီဝင်တွေအတွက် "အခက်အခဲများစွာ ရှိနေပြီး ကြောက်လန့်ခြင်းများ ရှိနေကြောင်း" သူက ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည် တင်ပြခဲ့ပါတယ် တဲ့။

ကော်မရှင်လူကြီးမင်းကတော့ ဒီကိစ္စကို စစ်ဆေးပေးမယ်လို့ ပြောဆို နှစ်သိမ့်လိုက်ကြောင်း သိရပါတယ်။
ဒါဆိုရင် စိုးရိမ် စိတ်ပူတာတွေ လျော့ပါးလာဖွယ် ရှိပါတယ်။

တစညပါတီ ဆိုတာ တကယ်တော့ နှယ်နှယ်ရရ မဟုတ်ပါ။
ခေါင်းဆောင်ကြီး ဦးနေ၀င်း တည်ထောင်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို နာမည်ပြောင်းထားတဲ့ ပါတီကြီးပါ။

မဆလ ခေတ်ကောင်းစဉ်က ဆိုရင် ထောက်လှမ်းရေးဆိုတာတွေကို စိုးရိမ်စရာ မလိုခဲ့ပါဘူး။ မဆလ ဆိုတာ ပြိုင်ဘက်မရှိ တပါတီတည်း မဟုတ်လား အဲဒီခေတ်က။
လူဆိုးတွေ ဘာတွေကို သွားဖမ်းရင် ပါတီလူကြီးတွေ လိုက်ရသေးသဗျ။
"ဟေ့ကောင်တွေ လက်နက်ချလိုက်၊ မင်းတို့ကို ပြည်သူ့ရဲတွေ ၀ိုင်းထားပြီ၊ ပါတီနဲ့ ကောင်စီလည်း ပါတယ်" ဆိုတဲ့ ဒိုင်ယာလော့ကို ရုပ်ရှင်ထဲမှာတောင် ထည့်ရိုက်ရတဲ့အဖြစ်း)
ကလေးတွေလည်း သူခိုး၊ ပုလိပ် လုပ်တမ်း ကစားရင် အဲဒီ ဒိုင်ယာလော့ ထည့်ထည့်ပြောရတာ အမောပေါ့။

ပါတီ ဆိုတာက မဆလ။ ကောင်စီဆိုတာက ပြည်သူ့ကောင်စီအဖွဲ့ကို ဆိုလိုတာပါ၊ အဲဒီ ပြည်သူ့ကောင်စီဆိုတာကလည်း ကျေးဇူးရှင် ဦးနေ၀င်း ဖန်တီးခဲ့တဲ့ အုပ်ချုပ်ရေးအစီအစဉ်တခု ဖြစ်ပါလိမ့်မယ်၊ အဲဒီ "ပါတီကောင်စီခေတ်"က ကြာပြီ ဆိုတော့ သိပ်မမှတ်မိတော့ဘူး၊
ပိုပြီး အမှတ်သညာကောင်းသူများကို မေးမြန်းဖြစ်ရင်တော့ "ကောင်စီ" ဆိုတဲ့ သြဇာကြီးအဖွဲ့အကြောင်း ဒီဘလော့မှာ ရေးဖြစ်မယ် ထင်တာပဲ။

၁၉၈၈ လူထုအုံကြွမှုအပြီးမှာ နိုင်ငံရေးပါတီတွေ အများကြီး ပေါ်လာတယ်။ စောစောက ပြောတဲ့ အဲဒီ မဆလ ပါတီက တစည လို့ နာမည်ပြောင်းပြီး ဆက်ရပ်တည်တယ်။ ခပ်တည်တည်ပဲ။
နာမည်ပြောင်းတယ် ဆိုတော့ ဆိုင်းဘုတ် အသစ်ရေးချိတ်လိုက်တာပါ။ မဆလပိုင် ပစ္စည်းတွေ ရုံးတွေက တစညပိုင် ဖြစ်သွားကရော။

မဆလပိုင်ပစ္စည်းတွေက တကယ်တော့ ပြည်သူလူထုရဲ့ ပိုက်ဆံနဲ့ ၀ယ်ထားတာတွေပါ။
သို့သော်လည်း  မဆလတို့က မိုက်လုံးကြီး အနိုင်ကျင့်တာ အကျင့်ပါနေတယ်ဆိုတော့ ဘယ်ပြန်အပ်ပါ့မလဲ၊ ခပ်တည်တည်နဲ့ ပါတီကို နာမည် အပြောင်းအလဲလုပ်ပြီး ပစ္စည်းတွေ ရုံးတွေကို ဆက်သုံးတာပေါ့။
ဘဏ္ဍာငွေလည်း ဘယ်လောက်ရှိမယ် မသိဘူး။ အခုလောက်ဆို ကုန်ရောပေါ့။ ဒါမှမဟုတ် အနည်းအကျဉ်းကျန်နိုင်တယ်။
အင်း... တစည ဆိုတာ ပြည်သူ့ပိုက်ဆံတွေနဲ့ နှစ်ပေါင်းများစွာ လည်ပတ်ရပ်တည်နေတာ ဆိုတော့ ပြည်သူ့ပါတီ လို့ ပြောလာရင် မမှားပါဘူးလေ။

အဲဒီကိစ္စကို ၁၉၉၀ ၀န်းကျင်မှာ ထောက်ပြ ကန့်ကွက်တာတွေ ရှိသားပဲ။ သို့သော်လည်း ဗိုလ်ချုပ်ကြီးတွေက တစည ပါတီကို အကိုကြီးလိုလို ဘာလိုလို
သဘောထား ဆက်ဆံသလိုလိုမျိုး၊ သို့မဟုတ်  ဘေးမဲ့ပေးသလိုလို။ သို့မဟုတ် မဟာမိတ်လိုလို ဆိုတဲ့ လိုလိုတွေကြောင့် တစညဘက်က ရပ်တည်ခဲ့ပါတယ်။
အဲ...ထောက်ပြ ကန့်ကွက်သူတွေဟာ ဒီမိုကရေစီအော်တဲ့သူတွေဖြစ်လို့ ဗိုလ်ချုပ်ကြီးတွေမှာ ရွေးစရာမရှိ - မျက်စိမှိတ်ပြီး ဘက်လိုက် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ဘာကြောင့် အဲဒီလို ရပ်တည်ခဲ့သလဲ ဆိုတာကို  လောလောဆယ် ပြောမယ့်သူကတော့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ပဲ ဖြစ်ပါလိမ့်မယ်။ သူတယောက်တည်း အားလုံးသိလို့ မဟုတ်ပါဘူး၊ ခုချိန်မှာ သူတယောက်ပဲ မော်နီတာ/လျှပ်တစ်ပြက်ဂျာနယ်ကတဆင့် ရှေးဟောင်းနှောင်းဖြစ်တချို့ကို ပြောရဲဆိုရဲ ရှိနေတာ မဟုတ်လား။
ဗိုလ်ချုပ်ကြီး ခင်ညွန့် ပြန်ပြောပြတဲ့ သံလျင်ရေနံချက်စက်ရုံဗုံးကိစ္စအကြောင်း ဒီဘလော့မှာ ကောက်နုတ် ဖော်ပြပြီးပါပြီ။ http://blog.irrawaddy.org/2013/10/blog-post_5819.html မှာ ဖတ်နိုင်ပါတယ်။ လိုရင်းကို ဆက်ရရင်... တစည ပါတီက အဲဒီလို သမိုင်းနဲ့ချီပြီး ပြည်သူ့ပါတီ ဖြစ်လာတာပါ။
ပြည်သူ့ပါတီလို့ ဟစ်အော်တဲ့ NLD လို ငမွဲပါတီ မဟုတ်ပါဘူး။

(လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီလည်း ငမွဲပါတီ မဟုတ်ပါဘူး။ ဘဏ္ဍာရေး အင်အားတောင့်တဲ့ ကြံ့ခိုင်ရေးအသင်းကြီးကို ဟိုတလောကပဲ ပါတီအဖြစ် ပြောင်းလဲလိုက်တော့ မြန်မာပြည်မှာ အချမ်းသာဆုံး ပါတီ ဖြစ်သွားရော မဟုတ်လား။
ဒီအကြောင်းတော့ မရေးတာပဲ ကောင်းမယ် ထင်တယ်။ အာဏာရပါတီကို ဒီလိုရေးရကောင်းလား ဆိုပြီး တရားလာစွဲနေအုံးမယ်။ ကြောက်တာ အကျင့်ပါနေပြီမို့ ဆက်မရေး၊ ဒီတင် ဘရိတ်အုပ်တာ သင့်လျော်ပါတယ်လေ) ဧရာဝတီမှာ ဖော်ပြခဲ့ဖူးတဲ့ ကြံ့ဖွံ့ တစည ကို စတိုက်ပြီ  http://bur.irrawaddy.org/index.php/news/3991-2010-09-06-09-16-47 ဆိုတဲ့ သတင်း၊ ကြံ့ဖွံ့ပါတီကို တစည စိန်ခေါ်  http://bur.irrawaddy.org/index.php/news/4140-2010-09-24-14-50-27 ဆိုတဲ့ သတင်းတွေ အရ ဆိုရင် တအုံတူဆင်းညီအစ်ကိုတွေ သိပ်အစေးမကပ်ခဲ့ဘူး လို့ ယူဆနိုင်ပါတယ်။ အခုတော့ မဟာမိတ်ပြုကြပြီလို့လည်း ယူဆစရာရှိပါတယ်။ တစည အကြောင်း ပြန်ဆက်ရရင် ... ငမိုက်သားဦးနေ၀င်းရဲ့အရိပ် ထိုးခဲ့တဲ့ ပါတီ ဖြစ်တာကြောင့် ၁၉၉၀ ရွေးကောက်ပွဲမှာ မဲ မရခဲ့ဘူးလို့ မထင်ပါနဲ့။
ထောက်ခံမဲ တော်တော်များများ ရခဲ့ပါတယ်။
တစည ကိုယ်စားလှယ်လောင်းတွေ NLD ကို အပြတ်အသတ် ရှုံးတယ် ဆိုသော်လည်း  တနိုင်ငံလုံး သူတို့ ရခဲ့တဲ့ မဲတွေကို စုလိုက်ရင် တော်တော်များတယ်ဆိုတာ တွေ့ရပါတယ်။ အံ့အားသင့်စရာပါပဲ။
တစည ခေါင်းဆောင်တချို့က ဒီကိစ္စကို ထောက်ပြပြီး သူတို့မှာ ပြည်သူ့ထောက်ခံမှု မနည်းဘူးလို့ လက်မထောင်လေ့ရှိခဲ့ပါတယ်။

ဒါကတော့ မဆလ/တစညရဲ့ ရွှေထီး ငွေထီး ဆောင်းခဲ့တဲ့အကြောင်းတွေ ဖြစ်ပါတယ်။
အခုချိန်မှာ ဘာထီးမှ ဆောင်းထားပုံမရပါဘူး။
ပါတီဝင်တချို့က စိုးရိမ်တယ်လို့ ပြောနေရတဲ့ အခြေအနေ ရောက်နေပါပြီ။

ဒီမိုကရေစီဘက်တော်သား ပါတီတွေဆီကတော့ စိုးရိမ်တဲ့အသံ ထွက်မလာဘူး ထင်ပါရဲ့။
သူတို့က ထောင်ထဲ ၀င်လိုက် ထွက်လိုက် လုပ်ခဲ့ရ၊ အထုအနှက်ခံခဲ့ရသူတွေဖြစ်တာကြောင့် ကော်မတီဝင်စာရင်း တောင်းတာလောက်ကတော့ ရယ်တာပေါ့ လို့ ဆိုကြမယ် ထင်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved