ကမ္ဘာ့ထိပ်တန်း ဂျာနယ်လစ် ၁၀ ဦး

Thursday, October 3, 2013

 ~





စာနယ်ဇင်း သတင်းသမား အလုပ် ဆိုတာ စိတ်နှလုံး မခိုင်ကျည်သူတွေ၊ ငွေကြေးရလိုသူတွေအတွက် ကောင်းမွန် ပြည့်စုံတဲ့ လုပ်ငန်းတခု မဟုတ်ဘူး ဆိုတဲ့ စကားမျိုးကို စာနယ်ဇင်း သတင်းသမားတိုင်း ပြောပြောနေကျပါပဲ။  

 


သို့ပေမယ့် တကယ့်တကယ် သတ္တိ ဗျတ္တိနဲ့ ပြည့်စုံပြီး စာနယ်ဇင်း သတင်း သမားဘ၀ကို ချစ်မြတ်နိုး တန်ဖိုးထားတဲ့ သူတွေကိုတော့ အတွေ့ရ အင်မတန် နည်းပါတယ်။ သူတို့ဟာ ဘ၀တခုလုံး ပေးအပ်မြှုပ်နှံပြီး အကျင့်ပျက် ခြစားမှု သတင်းတွေ၊ စစ်ပွဲသတင်းတွေ၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာတွေမှာ မဆီမလျော် မဖွယ်မရာ သတင်းတွေကို အချိန်နဲ့အမျှ လိုက်လံ ထောက်လှမ်း မေးမြန်းစုံစမ်းပြီး ပြည်သူအများကို ဖော်ထုတ် ချပြသူတွေပါ။

ဒီနေရာမှာ ကမ္ဘာ့အကောင်းဆုံး ဂျာနယ်လစ်ဆိုပြီး သတ်မှတ်ဖို့ဆိုတာ တကယ့်ကို မလွယ်ကူပါ။ အခု ဖော်ပြမယ့် ကမ္ဘာ့ အကောင်းဆုံး ဂျာနယ်လစ် ၁၀ ဦး ဆိုတာကတော့ သူတို့ဟာ ကမ္ဘာကြီးကို သူတို့ရဲ့ သတင်းတင်ပြမှုတွေနဲ့ ပြုပြင် ပြောင်းလဲ ပေးနိုင်ခဲ့သူတွေ ဖြစ်ပြီး၊ သူတို့ရဲ့ အလုပ်အပေါ်မှာ အခိုင်အမာ ရပ်တည် လုပ်ကိုင်နေကြသူတွေပါပဲ။ သြဂုတ်လ ၂၂ ရက်နေ့က http://gulfbusiness.com မှ တင်ပြထားတဲ့ Aarti Nagraj  ရဲ့ ဆောင်းပါးကို ဘာသာပြန် တင်ပြလိုက်ပါတယ်။

Walter Cronkite
ဝေါလ်တာ ခရွန်ကိုက်



“အမေရိကရဲ့ အယုံကြည်ရဆုံးပုဂ္ဂိုလ်” လို့ အညွှန်းခံလောက်အောင် ထင်ရှားတဲ့ ဝေါလ်တာ ခရွန်ကိုက်ဟာ ဒုတိယ ကမ္ဘာစစ် အတွင်းက သူဟာ ဂျာမနီမှ နျူရင်ဘာ့ဂ် စစ်ခုံရုံးနဲ့ ပတ်သက်တဲ့ သတင်းတွေ စုံစမ်းပြီး United Press ကို ပေးပို့တင်ပြနိုင်ခဲ့လို့ ထင်ရှားသူပါ။ သူဟာ CBS ညနေပိုင်း သတင်း ထုတ်လွှင့်မှုကို စတင်ခဲ့တဲ့ စီမံခန့်ခွဲမှု အယ်ဒီတာ တဦး ဖြစ်ပြီး၊ သူဟာ CBS နဲ့ ဆက်သွယ်လုပ်ကိုင်တဲ့ အချိန်မှာတော့ အမေရိကန် သမ္မတ ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံ ခံရမှု သတင်း၊ နိုင်ငံသား အခွင့်အရေးဆိုင်ရာ သတင်းများ၊ ဗီယက်နမ်စစ်ပွဲ သတင်းများ၊ လကမ္ဘာပေါ် ဆင်းမယ့် အပိုလို ၁၁ အာကာသယာဉ် ဆိုင်ရာ ထူးခြားတဲ့ သတင်းများ၊ ကမ္ဘာကျော် ဂီတသမား ဂျွန်လင်နွန် လုပ်ကြံခံရမှု သတင်းများနဲ့ ၀ါးတားဂိတ် အရှုပ်တော်ပုံ စတဲ့ သတင်းဖြစ်ရပ်တွေကို သတင်းယူ တင်ပြနိုင်ခဲ့ပါတယ်။
သူ့ကို သတင်းထုတ်လွှင့်မှုမှာ ပထမဆုံး နည်းလမ်းထွင် လုပ်ဆောင်သူလို့ သတ်မှတ်ကြပါတယ်။ သူရဲ့ ကျော်ကြား ထင်ရှားတဲ့ အထဲမှာ သတင်းထုတ်ပြန်ချက် အပြီးမှာ “ဤသို့လည်း ရှိလေသည် (And that's the way it is)” ဆိုတဲ့ စကားပါ။ သူဟာ ဆုပေါင်းများစွာ ရရှိခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ ထုတ်ဝေတဲ့ သူ့ရဲ့ အထုပ္ပတ္တိ၊ သတင်းသမားတဦးရဲ့ ဘ၀ စတဲ့ စာအုပ်တွေဟာ ရောင်းအားအကောင်းဆုံး စာအုပ်တွေပါပဲ။ သူဟာ အသက် ၉၂ နှစ် အရွယ်၂၀၀၉ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

----------------------------------------------------------

Veronica Guerin
ဗာရွန်နီကာ ဂိုရင်




ဗာရွန်နီကာ ဂိုရင် ကတော့ “ကြောက်စိတ်ကင်းတဲ့ အိုင်းရစ်သတင်းသမား” အမျိုးသမီး တဦးပါ။ သူမ အသက် ၃၆ နှစ်အရွယ် ၁၉၉၆ ခုနှစ်မှာ မူးယစ်ရာဇာတွေရဲ့ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရပါတယ်။

Sunday Independent သတင်းစာမှာ သူမ ထုတ်ဖော်ရေးသား တင်ပြမှုတွေထဲမှာ ဒပ်ဘလင်မှ ပြစ်မှုကျူးလွန်သူများ သတင်းဟာ ကျော်ကြားထင်ရှားပါတယ်။ ဒီလို ရေးသားမှုကြောင့် သူမကို ခြိမ်းခြောက်တဲ့စာတွေ အများကြီး ရရှိခဲ့ပြီး သူမရဲ့ ပေါင်ကို သေနတ်နဲ့ အပစ်ခံရတဲ့ အထိ ရှိခဲ့ပါတယ်။ သို့ပေမယ့် သူမဟာ နောက်မတွန့် နောက်မဆုတ်ဘဲ ဆက်လက်စုံစမ်းတင်ပြခဲ့သူပါ။

သူမ ရုတ်တရက် လုပ်ကြံခံရပြီး သေဆုံးမှုက တနိုင်ငံလုံးကို ထိတ်လန့်တုန်လှုပ်သွားစေပါတယ်။ ဒီလို လုပ်ကြံခံ သေဆုံးမှုက အိုင်ရစ်အာဏာပိုင်တွေအနေနဲ့ ပြစ်မှုစုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူရေး ဗျူရို (အဖွဲ့) ပေါ်ပေါက်လာ စေတာလည်း ဖြစ်ပါတယ်။

သူမရဲ့ ခင်ပွန်းနဲ့ သားကတော့ လွတ်မြောက်သွားပါတယ်။ သူမကွယ်လွန်ပြီးမှ ကမ္ဘာ့ ပုံနှိပ်ထုတ်ဝေမှု လွတ်လပ်ရေး သူရဲကောင်း အဖြစ် နိုင်ငံတကာ ပုံနှိပ်ထုတ်ဝေရေး ၅၀ က သတ်မှတ် ဂုဏ်ပြုပါတယ်။
----------------------------------------------------------

Peter Jennings
ပီတာ ဂျင်နင်း


ပီတာဂျင်နင်း ကို အမေရိကားရဲ့ အထူးချွန်ဆုံး ဂျာနယ်လစ် တဦးလို့ သတ်မှတ်ခံရသူပါ။ အထူးသဖြင့် အထူးသတင်း တင်ဆက်ရာမှာ ထူးချွန်ပါတယ်။

ဘာလင် တံတိုင်း စတင်ဆောက်လုပ်ချိန်ရော အဖြိုခံရတဲ့ အချိန်တွေမှာ သူဟာ ဘာလင်မှာ ရှိနေခဲ့ပါတယ်။ သူဟာ အမေရိကန်နဲ့ တောင်အာဖရိက နိုင်ငံတွေမှာ လူ့အခွင့်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး သတင်းယူ တင်ပြခဲ့သလို ၁၉၆၀ ခုနှစ် အမေရိကန် - ဗီယက်နမ် စစ်ပွဲမှာ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ပထမဆုံး သတင်းထောက်ပါပဲ။ ပြီးတော့ ရုရှားဖက်ဒရေးရှင်း နိုင်ငံများမှ သတင်းများကို ကျယ်ကျယ်ပြန့်ပြန့် သတင်းယူ တင်ပြနိုင်ခဲ့ပါတယ်။

၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာ ၃၁ မှာတော့ ဂျင်နင်းဟာ ABC ရုပ်/သံဌာနမှာ (၂၀၀၀ ပြည့်နှစ်) ထောင်စုနှစ် ကြိုဆိုပွဲကို ၂၅ နာရီကြာ တင်ထုတ်လွှင့်တင်ဆက်နိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီကြိုဆိုပွဲကို ကမ္ဘာတ၀ှမ်း လူ ၁၇၅ သန်းက စောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ ဂျင်နင်းဟာ The Century နဲ့  In Search of America ဆိုတဲ့ စာအုပ် နှစ်အုပ်ကိုလည်း ပူးတွဲရေးသားခဲ့ပါတယ်။
သူဟာ ၂၀၀၅ ခုနှစ် သြဂုတ်လမှာ အဆုတ်ကင်ဆာ ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိပါပြီ။


----------------------------------------------------------

Kate Adie
ကိတ် အက်ဒီး




BBC ၏ အကြီးတန်း သတင်းထောက်ချုပ်ဖြစ်တဲ့ ကိတ်အက်ဒီးဟာ ဂတ်ဖ်ရေလက်ကြား စစ်ပွဲ၊ ယခင် ယူဂိုဆလားဗီးယား စစ်ပွဲ၊ အယ်လ်ဘေးနီးယား စစ်ပွဲ၊ ရ၀မ်ဒါ၊ တရုတ်၊ ဆီယာရာလီယွန်း စတဲ့ စစ်ပွဲသတင်း တွေကို ထောက်လှမ်းစုံစမ်းပြီး ရုပ်သံအစီအစဉ်က တင်ဆက်လာနိုင်တာကြောင့် လူသိများ ထင်ရှားသူပါ။

သူမဟာ ၁၉၆၈ ခုနှစ်မှာ ဘီဘီစီ ရေဒီယို ထုတ်လွှင့်အစီအစဉ် တခုရဲ့ ထုတ်လွှင့်ရေး ပညာရှင် အဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး၊ ၁၉၈၀ ခုနှစ်မှာ လန်ဒန်ရှိ အီရန်သံရုံးကို ၀န်းရံပိတ်ဆို့မှု သတင်းကို အချိန်နဲ့ တပြေးညီ ရိုက်ကူးတင် ဆက်နိုင်ခဲ့ပါတယ်။

“ကျမက စစ်ဖြစ်နေတဲ့ နယ်မြေတွေကို မသွားချင်ပါဘူး။ သွားဖို့လည်း စိတ်မကူးမိဖူးဘူး။ ဒီ အဖြစ်အပျက်ကို အခုလို တင်ဆက်နိုင်တာက ကျမ လုပ်ကိုင်ဆောင်ရွက်ရမယ့် အလုပ် တစိတ်တပိုင်းကို ဆောင်ရွက်တာပါ” လို့ သူမက ပြောပါတယ်။
လက်ရှိမှာတော့ သူမဟာ ဘီဘီစီ ရေဒီယို ၄ ရဲ့ From Our Own Correspondent Show ရဲ့ တင်ဆက်သူ အဖြစ် တာဝန်ယူ ဆောင်ရွက်နေသလို The Kindness of Strangers, Corsets to Camouflage, Nobody's Child; The Lives of Abandoned Children and Into Danger အပါအ၀င် စာအုပ်အများအပြားကိုလည်း ရေးသားနိုင်ခဲ့ပါတယ်။
----------------------------------------------------------

Hu Shuli
ဟူရှူလီ




၂၀၁၁ ခုနှစ် အတွက် ကမ္ဘာကျော် တိုင်းမဂ္ဂဇင်းရဲ့ အလွှမ်းမိုးဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်း ဖြစ်တဲ့ တရုတ်ဂျာနယ်လစ် ဟူရှူလီဟာ စာနယ်ဇင်း တင်းကြပ်မှု ကြီးမားတဲ့ နိုင်ငံမှ သတင်းယူ တင်ဆက်မှုမှာ အကောင်းဆုံး သတင်းသမားလို့ ဆိုရမှာပါပဲ။

သူမဟာ Workers' Daily သတင်းစာမှာ သတင်းထောက်အဖြစ် ၁၉၈၂ ခုနှစ်မှာ စတင် တာဝန်ထမ်းဆောင်ခဲ့တာပါ။ အဲဒီနောက်မှာတော့ သူမဟာ China Business Times မှာ နိုင်ငံတကာ ရေးရာအယ်ဒီတာနှင့် သတင်းထောက်ချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အကျင့်ပျက် ခြစားမှု သတင်း၊ လိမ်လည်လှည်ဖြားမှု သတင်းတွေနဲ့ ပတ်သက်ပြီး သူမရဲ့ စုံစမ်းထောက်လှမ်း ရေးသားတင်ပြမှုတွေကြောင့် သူမကို ကမ္ဘာတ၀ှမ်းက အသိအမှတ်ပြုလာရပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ Caixin မီဒီယာအုပ်စုကို ထူထောင်ပြီး အယ်ဒီတာချုပ်အဖြစ် တာဝန်ယူ လုပ်ဆောင်နေပါတယ်။

သူမဟာ နိုင်ငံတကာ အသိအမှတ်ပြု ဆုတံဆိပ်ပေါင်း များစွာ ရရှိခဲ့ပြီး၊ လက်ရှိမှာလည်း နိုင်ငံတကာ အမျိုးသမီးများ မီဒီယာဖောင်ဒေးရှင်းမှာ အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ရိုက်တာ အယ်ဒီတိုရီယယ် ဆိုင်ရာ အကြံပေးအဖွဲ့ဝင် အဖြစ်လည်းကောင်း၊ နိုင်ငံတကာ ဂျာနယ်လစ် စင်တာ၏ ဒေသဆိုင်ရာ အကြံပေး အဖြစ်လည်းကောင်း ပါဝင်လုပ်ကိုင်လျက် ရှိပါတယ်။
----------------------------------------------------------

Christiane Amanpour
ခရစ်စတိန်း အမန်ပူးရ်


ခရစ်စတိန်း အမန်ပူးရ် ဟာ အမေရိကန် ရုပ်သံသတင်း အစီအစဉ်တွေမှာ အတိုက်အခံ မေးခွန်းတွေ မေးမြန်း တတ်သူ ဖြစ်လို့ အထူးထင်ပေါ် သူဖြစ်ပါတယ်။ သူမဟာ ကမ္ဘာ့ရေးရာများနဲ့ ပတ်သက်ပြီး တိုက်ရိုက်တွေ့ဆုံမေးမြန်း တင်ဆက် တဲ့နေရာမှာ အထူးကျော်ကြားပါတယ်။

သူမဟာ ၁၉၈၃ ခုနှစ်ကစပြီး လက်ထောက် အကူဂျာနယ်လစ် ဂျာနယ်လစ် တဦးအဖြစ် CNN မှာ စတင် ထမ်းဆောင်ခဲ့ပါတယ်။ အခုလို နိုင်ငံတကာ အကြောင်းပြောဆို မေးမြန်းခွင့် မရခင်က ပေါ့။ အဲဒီကတည်းက သူမဟာ အီရတ်၊ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယား၊ ပါလက်စတိုင်း ပိုင်နက်နယ်မြေ၊ အီရန်၊ ပါကစ္စတန်၊ ဆိုမာလီးယား၊ ရ၀မ်ဒါ၊ အီဂျစ်၊ လစ်ဗျား၊ ဥရောပနိုင်ငံတွေနဲ့ အမေရိကန် နိုင်ငံတွေ ကနေ သတင်းပေးပို့ခဲ့ပါတယ်။

သူမဟာ ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်တွေကို တွေ့ဆုံမေးမြန်းနိုင်ခဲ့ပါတယ်။ မကြာသေးခင်က ပေါ်ပေါက်လာတဲ့ အာရပ်နွေဦး ကာလ (အာရပ်ခေတ်ပြောင်း ဖြစ်ပေါ်ချိန်) မှာ လစ်ဗျားခေါင်းဆောင်၊ ကဒါဖီ၊ အီဂျစ်သမ္မတ ဟိုစနီမူဘာရက်၊ အီရန်ခေါင်းဆောင် အမာဒီနီဂျက် စတဲ့ ပုဂ္ဂိုလ်တွေကို တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။

သူမဟာ ဆုတံဆိပ်ပေါင်း များစွာ အချီးမြှင့်ခံရသူ ဖြစ်ပြီး၊ လက်ရှိမှာလည်း သတင်းသမား တာဝန်အပြင် ဂျာနယ်လစ်များ အကာအကွယ်ပေးရး ကော်မတီနှင့် နိုင်ငံတကာ အမျိုးသမီးများ မီဒီယာ ဖောင်ဒေးရှင်းမှာ အဖွဲ့ဝင် အဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။

----------------------------------------------------------Anna Politkovskaya
အန်နာ ပိုလစ်ကော့ဗ်စ်ကာယ


ရုရှားနိုင်ငံက ချေချင်းညာ နယ်မြေအတွင်း လူ့အခွင့်အရေးဆိုင်ရာ ကျူးလွန်သည့် သတင်းဖြစ်ရပ်များ စုံစမ်း တင်ပြမှုကြောင့် ထင်ရှားလာတဲ့ ဂျာနယ်လစ် တဦးဖြစ်သူ အာနာ ပိုလစ်ကော့ဗ်စ်ကာယ ပါ။ သူမဟာ ၂၀၀၆ ခုနှစ်က မော်စကိုရှိ သူမရဲ့ အခန်းမှာ လုပ်ကြံခံလိုက်ရပါတယ်။

နယူးယောက်ဇာတိ ဖြစ်တဲ့ သူမဟာ သတင်းထောက်အဖြစ် စတင်လုပ်ကိုင်ခဲ့တာက Izvestiya သတင်းစာမှာ ဖြစ်ပြီး၊ ၁၉၉၉ မှာတော့ Novaya Gazeta ကိုပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက် ချေချင်းညာ ပြည်တွင်းစစ် စစ်သတင်းကို စုံစမ်းတင်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ ကြောက်ရွံ့စိုးထိတ်မှုကင်းတဲ့ သတင်းရေးသား တင်ပြချက်တွေကြောင့် သူမဟာ လုပ်ကြံသတ်ဖြတ်ခံခဲ့ ရတာ ဖြစ်ပြီး၊ သူမ သေဆုံးပြီး ၆ နှစ်ကျော် ကြာတဲ့တိုင် စုံစမ်းစစ်ဆေး ဖော်ထုတ်နေဆဲလို့ သိရတယ်။


----------------------------------------------------------


Robert Fisk
ရောဘတ် ဖစ်စ်ခ်




အင်္ဂလိပ်လူမျိုး ဂျာနယ်လစ် ရောဘတ်ဖစ်စ်ခ် ကတော့ ကမ္ဘာက အလိုရှိနေတဲ့ အိုစမာဘင်လာဒင်နဲ့ ၃ ကြိမ်တွေ့ဆုံပြီး အင်တာဗျူးမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့သူပါ။

အာရဗစ် ဘာသာစကားကို ပြောဆိုနိုင်တဲ့ ဖစ်စ်ခ်ဟာ အရှေ့အလယ်ပိုင်းဆိုင်ရာ သတင်းများကို The Independent သတင်းစာအတွက် လက်ဘနွန်မှ အခြေစိုက်ပြီး နှစ်ပေါင်း ၃၀ ကျော်ကြာ် စုံစမ်းတင်ပြ ပေးတဲ့ သတင်းသမား ဖြစ်ပါတယ်။

အီရန်-အီရတ် စစ်ပွဲသတင်းများ၊ လက်ဘနွန်နဲ့ အယ်လ်ဂျီးရီးယား ပြည်တွင်းစစ် သတင်းများ၊ ဂတ်လ်ဖ် ရေလက်ကြား ပထမနဲ့ ဒုတိယ စစ်ပွဲသတင်းများ စုံစမ်းတင်ပြနိုင်ခြင်းကြောင့် ဆုံများစွာ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ သူဟာ စာအုပ် အများအပြား ရေးသားနိုင်ခဲ့ပြီး၊ အရှေ့အလယ်ပိုင်းနဲ့ အိုင်ယာလန်တွေမှာ ထုတ်ဝေနိုင်ခဲ့တယ်လို့ သိရပါတယ်။
----------------------------------------------------------

Hunter S Thompson
ဟန်တား အက်စ် သော်မ်ပ်ဆင်


သူ့ကို “Gonzo Journalism” ကို စတင် မွေးဖွားပေးသူလို့ ယူဆကြပါတယ်။ “GJ” ဆိုတာက သတင်းဖြစ်ရပ်ထဲမှာ သတင်းရေးသားသူ သတင်းထောက် ကိုယ်တိုင်ပါဝင် ဆက်စပ်ပြီး ရေးသား တင်ပြပုံလို့ ဆိုပါတယ်။

သူဟာ Rolling Stone မဂ္ဂဇင်း အတွက် အဓိက လုပ်ကိုင်ဆောင်ရွက် ခဲ့ပြီး၊ အသက် ၆၇ နှစ်မှာတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။ သို့ပေမယ့် သူရဲ့ ဂျာနယ်လစ်ဇင်တင်ပြပုံ အသွင်သစ်ကတော့ ထာဝရ ရှင်သန်နေမှာပါပဲ။


----------------------------------------------------------


Sami Al Hajj
ဆာမီ အယ်လ် ဟာဂျေ




ဆူဒန်နိုင်ငံသား ကင်မရာမင်း ဆာမီ အယ်လ် ဟာဂျေ (Sami Al hajj) ဟာ အယ်လ်ဂျာဇီးရား တွင် လုပ်ကိုင်နေသူ ဖြစ်ပြီး ၂၀၀၁ ခုနှစ်က ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နယ်ခြားမှာ ဖမ်းဆီးခြင်း ခံခဲ့ရပြီး၊ အယ်ကေးဒါးအကြမ်းဖက် အဖွဲ့နှင့် ဆက်သွယ်သည် ဟူသည့် စွပ်စွဲချက်ဖြင့် အမေရိကန် ဂွမ်တာနာမို စစ်အကျဉ်းစခန်း မှာ ဖမ်းဆီးချုပ်နှောင် ခံခဲ့ရပါတယ်။
၂၀၀၈ ခုနှစ်မှာ ပြန်လည် လွတ်မြောက်လာပြီး၊ အယ်လ်ဂျာဇီးရား သတင်းဌာနမှာ ပြန်လည် လုပ်ကိုင်ပြီး၊ လူထုလွတ်လပ်ရေးနှင့် လူ့အခွင့်ရေးဆိုင်ရာ ရုပ်သံ လိုင်းမှာ ဦးစီးကွပ်ကဲနေပါတယ်။

 

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved