ရထားတွဲကြီး ခရီးတွင်စေရန်

Wednesday, October 2, 2013

 ~


 

သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း အစိုးရ ဝန်ကြီးဌာနတချို့ရဲ့ လုပ်ဆောင်မှု ကြိုးနီစနစ်များ လျော့ကျသွားသလို  အစိုးရ ဝန်ထမ်းများရဲ့ အမူအကျင့်များလည်း အပြုသဘောဘက်ကို တိုးတက်လာတာ တွေ့ရပါတယ်။


သမ္မတဦးသိန်းစိန်တွန်းသလောက် မရွေ့ဘဲ အကျင့်ဟောင်းတွေထဲ လည်နေတဲ့ ဝန်ကြီးဌာနများရှိသလို ပြုပြင်ပြောင်းလဲရေးကို အလိုက်သင့် ပါလာတဲ့ ဝန်ကြီးဌာနများလည်း တွေ့ရပါတယ်။

အလုပ်သဘောအရ ဆက်ဆံရတဲ့ အစိုးရဌာန တော်တော်များများမှာ အထက်ပိုင်းက ပြုပြင်ပြောင်းလဲသဘောက် အောက်ခြေပိုင်း ဝန်ထမ်းများက လိုက်မလာတာကို တွေ့မြင်ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အစည်းအဝေးတခုမှာ မီဒီယာတခုကို ဖိတ်ပြီးတော့ တခြားမီဒီယာ တခုကိုတော့ မဖိတ်ဘူးဆိုပြီး ညွှန်ကြားရေးမှူး အဆင့်က ရင့်ရင့်သီးသီး မောင်းထုတ်ပါတယ်။ ဒါပေမယ့် ဒု ဝန်ကြီးရောက်လာတဲ့အခါ အဲဒီလို မချေမငံ မောင်းထုတ်ကြောင်း တင်ပြတဲ့အခါ ဒု ဝန်ကြီးက ဗွေမယူဖို့ ပြေပြေလည်လည် ပြောဆိုတာကို ကြုံရပါတယ်။

ပြီးခဲ့တဲ့ ခရီးစဉ်မှာလည်း လေဆိပ်မှာ တွေ့ကြုံရတာ တခု ရှိပါသေးတယ်။ နိုင်ငံခြားသားတွေ တန်းစီတဲ့ လူဝင်မှု ကြီးကြပ်ရေး ကောင်တာမှာ တန်းစီတဲ့အခါ တာဝန်ကျ ဝန်ထမ်း အမျိုးသမီး နှစ်ဦးက ပတ်စ်ပို့စ် စိစစ်မှုထက် ကိုယ်ရေးကိုယ်တာတွေကို ပြောဆိုနေတာ တွေ့ရပါတယ်။ သူတို့စိတ်အထင် နိုင်ငံခြားသား ကောင်တာမို့ သူတို့ ဘာပြောပြော သိကြမှာ မဟုတ်ဘူးလို့ ထင်ပုံရပါတယ်။ ဝန်ထမ်းတဦးက ဗီဇာကိစ္စ သူ မရှင်းလို့ နောက်ဘက်မှာ ခြေပစ်လက်ပစ် ကျောပေးထိုင်နေတဲ့ အမျိုးသား ဝန်ထမ်းကို လှမ်းမေးပါတယ်။ ထိုသူက ထိုင်ရာမထ လှည့်မကြည့်ဘဲ ဒီလိုဗီဇာမျိုး ကြားတောင် မကြားဖူးဘူးလို့ အော်ကြီးဟစ်ကျယ်နဲ့ ပြောပါတယ်။ အံ့သြစရာကောင်းတာက ဒီလို ဝန်ကြီးဌာန ၃ ခုလောက်ရဲ့ သဘောတူညီချက်နဲ့ ထုတ်ပေးတဲ့ ဗီဇာနဲ့ အလုပ်သဘောအရ ဝင်ထွက်နေကြသူတွေ ရာနဲ့ ချီနေပြီး အခေါက်ပေါင်း မနည်းလှတော့ပါဘူး။ ကိုယ်တာဝန်ယူတဲ့ လုပ်ငန်းသဘောကို လေ့လာထားခြင်း မရှိဘူးလို့ ကောက်ချက် ချမိပါတယ်။ ဒါပေမယ့် နောက် အရာရှိတဦးကတော့ ဝန်ကြီးဌာနကိုယ်တိုင် ခွင့်ပြုပေးထားတဲ့အတွက် ပေးလို့ရတယ်လို့ ကောင်းကောင်းမွန်မွန် ပြောဆိုတာကို ကြုံရပါတယ်။

ပြီးခဲ့တဲ့တခေါက်က ဗီဇာ ရက်ကျော်နေတဲ့အတွက် ငွေပေးဆောင်တဲ့အခါ ဘယ်မှာ ဆောင်ရမှန်းမသိလို့ ရဲတဦးကို မေးတော့ သေချာ လိုက်ပို့ပါတယ်။ ဖော်ဖော်ရွေရွေပါပဲ။ ငွေပေးဆောင်ရမယ့် နေရာရောက်တော့ ဖောင်ဖြည့်ရမှန်း မသိလို့ မဖြည့်ခဲ့မိပေမယ့် အကောက်ခွန်အရာရှိက သူပဲ ဖြည့်ပေးပါမယ်ဆိုပြီး ပိုငွေကိုလည်း တိတိကျကျ ပြန်အမ်းပေးပါတယ်။  ဒီလို ကူညီတတ်လာတဲ့ အစိုးရဝန်ထမ်းတွေကိုလည်း ခုခေတ်မှာ ကြုံရပါတယ်။

အောက်ခြေ အစိုးရဝန်ထမ်းတချို့ အမူအကျင့် ပြောင်းလာရေးမှာ သူတို့ကိုယ်တိုင်က လုပ်ရကောင်းမှန်း မသိရင် ဝန်ကြီးဌာန၊ အစိုးရဌာနတွေမှာ မွမ်းမံသင်တန်းမျိုး ပေးသင့်တယ်လို့တောင် အကြံပေးချင်ပါတယ်။ ဒါမှ ရှေ့က သွားနေတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး ရထားခေါင်းတွဲကြီးနောက်မှာ ရထားတွဲတွေ ဟန်ချက်ညီညီပါနိုင်ပါလိမ့်မယ်။


ခက်ထန်

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved