မွန်လုပ်ငန်းရှင်များ မဲဆောက်ကိုသွား

Tuesday, October 29, 2013

~



မွန်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်ကြီး ၁၅ ဦး ဒီမနက် ထိုင်းနိုင်ငံ  မဲဆောက်မြို့ကို ရောက်လာကြပါတယ်။

ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ဆောင်လုပ်ရေးပစ္စည်းလုပ်ငန်း၊ ငါးလုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်းတို့မှာ လုပ်ကိုင်နေသူများ ပါဝင်တယ်၊ သက်ဆိုင်ရာ  လုပ်ငန်းတူတဲ့ ထိုင်းလုပ်ငန်းရှင်များနဲ့  ချိတ်ဆက် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြမယ့် ခရီးစဉ်ပါ။

အနာဂတ်မှာ ဒေသတွင်း အကျိုးတူလုပ်ငန်းတွေ ဆက်လုပ်သွားဖွယ်ရှိတဲ့အကြောင်း လုပ်ငန်းရှင်များအဖွဲ့မှာ ပါဝင်တဲ့ မော်လမြိုင်မြို့အခြေစိုက် သီရိဟံသာခရီးသွားကုမ္ပဏီမှ ဒါရိုက်တာ ကိုကျော်စံဝင်းက ပြောပါတယ်။

"နောက်ပိုင်းမှာ လုပ်ငန်းတွေ အများကြီး လုပ်သွားဖို့ ရှိပါတယ်။ ထပ်ပြီးတော့ ပွင့်လာဖို့လည်း ရှိတာပေါ့၊ နိုင်ငံရေးလည်း ပြောင်းတယ်၊ စီးပွားရေးလည်း ပြောင်းတယ်" လို့ ကိုကျော်စံဝင်းက ဧရာဝတီကို ပြောပါတယ်။

မွန်ပြည်နယ်အတွင်း လည်ပတ်နိုင်တဲ့  နေရာဒေသများနဲ့  ပတ်သက်ပြီး ရှင်းလင်းပြောကြားခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း ပြုလုပ်ဖို့ အစီအစဉ် ရှိတယ်လို့ သူက ဆက်ပြောပါတယ်။ 

အခုလည်း ထိုင်းနိုင်ငံကို လာရောက်လေ့လာတဲ့ ခရီးစဉ်အတွက် မွန်ပြည်နယ်အတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို  ဖိတ်ကြားတယ်၊  ဒီပွဲကို လိုက်ချင်တဲ့သူတွေ လိုက်လို့ရအောင်   အကျိုးဆောင်ပေးခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

 နှစ်ဖက်ကုန်သည်များ အပြန်အလှန်ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့နဲ့ မနက်ဖြန် မဲဆောက်ရှိမြို့တော်ခန်းမမှာ ပြုလုပ်ပါမယ်။
ထိုင်းကုမ္ပဏီ ၃၀ က ပစ္စည်းနမူနာများ ပြသဖို့ စီစဉ်ထားပါတယ်။

သူတို့ ဒီလိုလာရောက်နိုင်ရေးအတွက်  စီစဉ်သူများထဲမှာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်စက်မှုလုပ်ငန်းရှင်များအသင်း ပါဝင်ပါတယ်။
တာ့ခ်ခရိုင်ဆိုတာ ကရင်ပြည်နယ်နဲ့ ကပ်လျက် တည်ရှိပါတယ်။

ဒီအတောအတွင်း ဒေသတွင်း နှစ်ဘက်ကုန်စည်စီးဆင်းမှုကတော့ ပုံမှန်အတိုင်း ရှိနေပါတယ်။
ကုန်သည်တွေ အပြန်အလှန် သွားရောက် လည်ပတ် လေ့လာမှုတွေ များများ ရှိလာပြီ ဆိုရင်တော့ ဒီဒေသရဲ့ ကုန်သွယ်ရေး၊ စီးပွားရေး ပိုမို အလုပ်ဖြစ်လာဖွယ် ရှိပါတယ်။

ပိုမို အလုပ်ဖြစ်ရေးကို အထောက်အကူ ပြုခဲ့တဲ့ အချက်တခုကတော့ မဲဆောက်မြို့နဲ့ မော်လမြိုင်မြို့ကို လေကြောင်းခရီးနဲ့ ဆက်သွယ်နိုင်ခဲ့ခြင်းပါပဲ။
ဒီအကြောင်း ဒီဘလော့မှာ ရေးသား ဖော်ပြခဲ့ပြီးပါပြီ - မော်လမြိုင်ကုန်သည်များ အချိန်ကို ၀ယ်ယူနိုင်တော့မည်  http://blog.irrawaddy.org/2013/05/blog-post_3.html ဆိုတဲ့ သတင်းပါ။

ဒီကနေ့ ရောက်လာတဲ့ စီးပွားရေးသမားများထဲမှာ စက်မှုလုပ်ငန်းရှင် မပါဝင်ဘူး၊ မွန်ပြည်နယ်မှာက စက်မှုလုပ်ငန်း များစွာ ဖြစ်ထွန်းခြင်း မရှိသေးဘူးလို့ သိရပါတယ်။

မြန်မာပြည်မှာ ပိုမို ပွ
င့်လင်းလာရင် မွန်ပြည်နယ်မှာ စက်မှုလုပ်ငန်း ဖြစ်ထွန်းလာဖို့က မခက်ခဲတော့ပါဘူးလို့ ဆိုနိုင်ပါတယ်။

ဒီမနက် တွေ့ရတဲ့ ကုန်စည်ပြပွဲမြင်ကွင်းနဲ့ မွန်ပြည်နယ်လုပ်ငန်းရှင်တွေ မဲဆောက်မြို့ရောက်လာတဲ့ မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဓာတ်ပုံတွေကို သတင်းထောက် မန်းမျိုးမြင့်က ရိုက်ကူးထားတာ ဖြစ်ပါတယ်။


























.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved