ဦးသိန်းစိန် ကျန်းမာရေးအထူးကောင်းမွန်

Tuesday, October 29, 2013

~


 

သမ္မတဦးသိန်းစိန် ကျန်းမာရေးအထူးကောင်းမွန်ပါတယ် တဲ့။

ကျန်းမာစွာရှိကြောင်း ဆိုတာက ကာတွန်း စိုင်းစိုးကြည်ရဲ့ လက်ဝှေ့ကြိုးဝိုင်း သရုပ်ဖော်ပုံကိုကြည့်ပြီး ခန့်မှန်းလိုက်တာ မဟုတ်ပါဘူး။ ဧရာဝတီသတင်းတပုဒ်မှာ တွေ့ရတဲ့ ကိုးကားချက်တွေကို ကြည့်ပြီး ပြန်ပြောပြတာပါ။

 
 ဦးသိန်းစိန် ကျန်းမာရေးအထူးကောင်းမွန်ပါတယ် ဆိုတော့ တိုင်းပြည်တာဝန်ကြီးများကို ဆက်လက်ထမ်းဆောင်ရန် အသင့်ရှိနေပါကြောင်း အများသိစေရန် အကြောင်းကြားအပ်ပါသည် လို့ ဆိုလိုချင်ပုံရပါတယ်။

ဦးသိန်းစိန် ဆိုတာ နှလုံးမှာ စက် တပ်ဆင်ထားရသူပါ။ စက်တပ်ထားသူက ၂ဝ၁၅ ရွေးကောက်ပွဲပြီးရင် သမ္မတတာဝန် ဆက်ယူမယ် မယူဘူး စသဖြင့် အသံတွေ စုံစုံလင်လင် ထွက်နေချိန်မှာ ကျန်းမာရေးသတင်း တက်လာခြင်းပါ။

ဦးသိန်းစိန် ကျန်းမာရေးကောင်းကြောင်း ပြောလာသူနှစ်ဦးကတော့ ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းက ဖြစ်ပါတယ်။

 ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေက ...

“စက်ကို နှလုံးမှာ ထည့်တယ်ဆိုတာ ဘာပြဿနာမှ မရှိပါဘူး။ ဦးသိန်းစိန် ဂေါက်ရိုက်တာ ကျနော်မြင်ဘူးတယ်။ သူရိုက်လိုက်တာ Drive က  တော်တော်ကောင်းတော့ အားလုံးက လက်ခုပ်တွေတီးကြတယ်”
လို့ ဧရာဝတီကို ရှင်းပြပါတယ်။

ဂေါက်သီးကို တော်တော်လေး ခပ်ဝေးဝေး ရိုက်ထည့်လိုက်နိုင်တယ် ဆိုတော့ အင်း.... ကျန်းမာရေး ဒေါင်ဒေါင်မြည်တဲ့သဘောပေါ့။

 ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးရဲ့ အာမခံချက်က ဒီလိုပါ....

“သူ့ကျန်းမာရေးအခြေအနေကတော့ အခုကောင်းနေတာပဲ။ သမ္မတကြီး ဖြစ်တဲ့အတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုက အချိန်ပြည့်နီးပါးရှိမှာပေါ့။ ကျနော်တို့ထက်တောင် ကျန်းမာရေး ကောင်းနေတယ်”

ဒါဆိုရင်တော့ သေချာနေပါပြီ ... ဦးသိန်းစိန်က တိုင်းပြည်တာဝန်ကြီးများကို နောက်ထပ်ငါးနှစ် ဆက်ယူဖို့ အသင့်ရှိပါ၏ လို့ မှတ်ယူရပါမယ်။

သူရဦးရွှေမန်းကလည်း သမ္မတတာဝန်ထမ်းလိုကြောင်း ပြောထားတာ အားလုံး အသိပါ။

ဒါဆို ကြံ့ခိုင်ရေးပါတီက ၂၀၁၅ အတွက် သမ္မတလောင်း ဘယ်သူ့ကို ရွေးထားပါသလဲ ဆိုတဲ့ မေးခွန်း ပေါ်လာပါတယ်။
ပါတီက ရွေးမယ်ဆို တယောက်ပဲ ရွေးခွင့်ရှိမယ်မဟုတ်လား။

“ကျနော်တို့ ပါတီမှာတော့ ဘယ်သူကို သမ္မတဆိုတာတော့ မသတ်မှတ်သေးဘူး။ မဆွေးနွေးကြသေးဘူး။ လောလောဆယ် စောသေးတယ်” လို့  ဦးဌေးဦးက ဆိုပါတယ်။

ဒါကတော့ ကြံ့ခိုင်ရေးပါတီ နှစ်ခြမ်းကွဲပြီလား http://burma.irrawaddy.org/news/2013/10/29/50204.html ဆိုတဲ့ ဧရာဝတီ ပင်မစာမျက်နှာက သတင်းထဲက ဖြစ်ပါတယ်။
အဲဒီသတင်းမှာ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေအပြင် တခြား နိုင်ငံရေးသမား၊ အကဲခတ်တို့ရဲ့အသံတချို့ကိုလည်း ဖော်ပြထားပါတယ်။

သူရဦးရွှေမန်းရော၊ ဦးသိန်းစိန်ပါ ပါတီမှာ ထိပ်တန်းခေါင်းဆောင်တွေပါပဲ။
ဘယ်သူ့ကို ရွေးကြမလဲ။
ရွေးတဲ့နေရာမှာရော ပါတီထဲ ဂယက် ဘယ်လောက်အထိ ကြီးနိုင်မလဲ။ ဒါကတော့ ရွေးချယ်ကြတဲ့ကာလ နီးလာရင် ခန့်မှန်းလို့ ပိုအဆင်ပြေပါလိမ့်မယ်လို့ ယူဆရပါတယ်။

  • ဆက်စပ် -
ကြံ့ခိုင်ရေးပါတီ နှစ်ခြမ်းကွဲပြီလား
http://burma.irrawaddy.org/news/2013/10/29/50204.html
 



.

1 comments :

  1. Anonymous said... :

    President's is in good shape...because he didn't use his brain....he didn't do anything.......he just listened the order.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved