လူမြင်ကွင်းမှာ နှာခေါင်းမနှိုက်ဖို့ တရုတ်အစိုးရ သတိပေး

Thursday, October 3, 2013

 ~





လူမြင်ကွင်းမှာ နှာခေါင်းမနှိုက်နဲ့၊ ရေကူးကန်ထဲ သေးပေါက်မချနဲ့၊ လေယာဉ်စီးတဲ့အခါ ထိုင်ခုံအောက်က အသက်ကယ်အင်္ကျီကို မတိုခဲ့နဲ့။


မနေ့ညနေပိုင်းက ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့မှာ တွေ့ရတဲ့ အာရှသား ခရီးသွားများ (ဓာတ်ပုံ - ဧရာဝတီ)

စသဖြင့် စသဖြင့်သော စည်းကမ်းချက်တွေကို ခရီးသွားတဲ့အခါ လိုက်နာကြပါလို့ တရုတ်အစိုးရက ညွှန်ကြားချက် ထုတ်လိုက်ပါတယ် လို့ ဒီကနေ့ သတင်းတွေမှာ ရေးထားကြပါတယ်။

အစိုးရ ထုတ်ပြန်တဲ့ - နားလည်မှု၊ ယဉ်ကျေးမှုရှိစွာခရီးသွားခြင်းဆိုင်ရာ လမ်းညွှန်စာအုပ်က စာမျက်နှာ ၆၀ ကျော်ပါတယ် တဲ့။
စာမျက်နှာ ၆၀ ကျော် ဆိုတော့ တော်တော်လေး အသေးစိတ် တားမြစ်ချက်တွေ ပါပါလိမ့်မယ်။

အထက်မှာ ရေးခဲ့သလိုပဲ လူမြင်ကွင်းမှာ နှာခေါင်းကလော်တာမျိုးမလုပ်ဖို့ ဆိုတာမျိုး ပါဝင်သလို သွားကြားထိုးမယ်ဆိုရင် လက်ချောင်းနဲ့မထိုးနဲ့ ဆိုတာလည်း ပါပါတယ် တဲ့။

အများသုံးအိမ်သာတက်ရင် အချိန် အကြာကြီး မတက်နဲ့၊ ဘိုထိုင်အိမ်သာခုံမှာ ခြေရာ ဖိနပ်ရာမကျန်စေနဲ့ လို့လည်း အကြံပေးထားတယ်လို့ AFP သတင်းတပုဒ်မှာ ရေးထားပါတယ်။

ဘိုထိုင်အိမ်သာတက်တဲ့အခါ ခုံနဲ့ထိုင်သလို မထိုင်ဘဲ  ရှေးရိုးစွဲအိမ်သာတက်သလို ဆောင့်ကြောင့်ထိုင်တဲ့အတွက် ခြေရာ ဖိနပ်ရာ ကျန်ခဲ့ကြတာဖြစ်ပါလိမ့်မယ်။
လမ်းညွှန်စာအုပ်မှာ သရုပ်ဖော်ပုံတွေပါတယ် ဆိုတော့ အိမ်သာ စမတ်ကျကျတက်နည်းကို ရှင်းရှင်းလင်းလင်း ဖြစ်သွားကြမယ်လို့ ယူဆရပါတယ်။

ဟင်းရည်သောက်ရင် ပန်းကန်ကိုင်ပြီး မော့သောက်တာမျိုး မလုပ်နဲ့၊
ခေါက်ဆွဲစားတဲ့အခါ ပလပ် ပလပ် ရှလွှတ် ရှလွှတ် မြည်အောင် မစားနဲ့၊
စသဖြင့် စသဖြင့် အသေးစိတ်အချက်တွေ အများကြီး ညွှန်ကြားထားတယ် ဆိုတော့ ခရီးသည်တချို့အတွက် စိတ်ညစ်ရပါတယ် တဲ့။

ဒီလမ်းညွှန်ချက်က အောက်တိုဘာ ၁ ရက်နေ့ အများပြည်သူ အလုပ်နားကြတဲ့ အားလပ်ရက်ရှည်ကာလမှာ ကြိုထွက်လာတာပါ။
ဒီကာလမှ သန်းပေါင်းများစွာသော တရုတ်ပြည်သူတွေ ခရီးထွက်ကြပါတယ်။
ကိုယ့်တိုင်းပြည်ထဲမှာပဲ နေထိုင်သွားလာသည်ဖြစ်စေ တခြားနိုင်ငံတခုခုကို သွားကြသည်ဖြစ်စေ လိုက်နာကြသင့်တဲ့ စည်းကမ်းချက်များ ဆိုပါစို့။

အစိုးရက အများပြည်သူကို ဘယ်လို သွားလာပြုမူသင့်တယ် ဆိုတာတွေကို တိုက်တွန်ထားတာပါ။
တရုတ်ပြည်သူတွေကလည်း အစိုးရကို တိုက်တွန်းသင့်တာတွေ ရှိပါတယ်။
အဲဒီအကြောင်း http://www.irrawaddy.org/china/facebook-twitter-late-chinas-internet.html မှာ ဖော်ပြထားပါတယ် - အစိုးရက Facebook တို့ ဘာတို့ကို အများပြည်သူ သုံးလို့မရအောင် ပိတ်ပင်ထားတဲ့အချက် ဖြစ်ပါတယ်။ စာမျက်နှာ ၆၀ ကျော်ပါ စာအုပ်အကြောင်း ပြန်ဆက်ရရင်....ဒီစည်းကမ်းချက် လမ်းညွှန်ချက်စာအုပ်သတင်းကြောင့် တရုတ်ပြည်သူတွေရဲ့ အခြေအနေကို ကွက်ကွက်ကွင်းကွင်း မြင်ကြမယ်ထင်ပါတယ်။

မသင့်လျော်တဲ့အပြုအမူတွေ အကျင့်တွေဟာ တရုတ်တွေမှ မဟုတ်ပါဘူး၊ တခြားသောသူများမှာလည်း ရှိကြပါလိမ့်မယ်။ သို့သော်လည်း တရုတ်ပြည်ကြီးသားတွေမှာ ပိုပိုမိုမိုရှိကြပုံပါပဲ။

ဒီအရွယ်ကျမှ လမ်းညွှန်ချက်ဖတ်ပြီးဆင်ခြင်ကြဖို့ တိုက်တွန်းတာဟာ အများကြီးထိရောက်မယ်လို့တော့ မယူဆနိုင်ပါ။
သို့သော်လည်း အထိုက်အလျောက်တော့ ဆင်ခြင်လာကြဖွယ်ရှိပါတယ်။
ပိုထိရောက်ဖို့ ဆိုရင် အများပြည်သူ ချစ်ခင်ကြသူများ အထင်ကရများ ပူးပေါင်းဆောင်ရွက်အောင် လုပ်သင့်ပါတယ်၊ အဲဒါဆို ... ပိုမို အောင်မြင်ပါလိမ့်မယ်။

အကောင်းဆုံးကတော့ မူလတန်းကျောင်းမှာကတည်းက ဘယ်လို ပြုမူ နေထိုင် ပြောဆိုသင့်တယ် ဆိုတာကို ခပ်ပါးပါး သင်ကြားခြင်းလို့ ထင်ပါတယ်။

မြန်မာပြည်မှာတော့ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆိုတဲ့ ဆိုင်းဘုတ်ကြီးကြီး ချိတ်ထားတတ်ကြပါတယ်။
စာသင်ခန်းထဲ ဘယ်လို သင်ပြသလဲတော့ မသိပါ။

ဆိုင်းဘုတ်တို့၊ လမ်းညွှန်စာအုပ်တို့ထက် စာသင်ခန်းအတွင်း သင်ပြခြင်းက ပိုပြီး ထိရောက်ပါတယ်။
ဒါကို နိုင်ငံအသီးသီးက အာဏာပိုင်တို့လည်း သိကြပါလိမ့်မယ်။


ဆက်စပ်
ဇွဲကပင်တောင်ပေါ် ကေဘယ်လ်ကားနဲ့တက်ရေး စီမံကိန်း 
http://blog.irrawaddy.org/2013/08/blog-post_30.html

ထူးမခြားနား မော်လမြိုင်ဟိုတယ်များ 
http://blog.irrawaddy.org/2013/05/blog-post_8531.html

ရန်ကုန်သွားသင့်တဲ့ အချက် ၅ ချက် 
http://blog.irrawaddy.org/2012/04/blog-post_51.html
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved