သူရိယနေဝန်းထွက်ပြီ၊ ဖိုးလပြည့်တို့ကို ဖက်ဆစ်နဲ့ ခိုင်းနှိုင်း

Monday, October 28, 2013

~


 



သူရိယနေဝန်းဂျာနယ် အတွဲ ၁၊ အမှတ် ၁ ထွက်လာပါပြီ။

ဒီဂျာနယ်ကို စနေနေ့တိုင်း ထုတ်မယ်လို့ ကြေညာထားပါတယ်။


သူရိယနေဝန်း ဆိုတာ ဟိုတလောက ရပ်လိုက်ရတဲ့ သူရိယအလင်းရဲ့ အဆက် ဖြစ်ပါတယ်။
သူရိယအလင်းအကြောင်း ပြဿနာ ဖြစ်ခဲ့သည့် သူရိယအလင်းဂျာနယ် ထုတ်ဝေမှု လုံးဝရပ်နားပြီ http://burma.irrawaddy.org/news/2013/10/21/49834.html ဆိုတဲ့ သတင်းမှာ ဖတ်နိုင်ပါတယ်။

သူရိယအလင်းဂျာနယ်တိုက်ကို ပြီးခဲ့တဲ့ ဆယ်ရက်လောက်က လူအုပ်တအုပ် ရောက်လာတယ်၊ ပစ္စည်းတွေ သယ်သွားတယ်၊
သယ်သွားတာကတော့ သူရိယအလင်း နောက်ဆုံးထုတ် စောင်ရေ ၇၀၀၊ ကွန်ပျူတာ ၁၄ လုံးရဲ့ အဓိကအစိတ်အပိုင်းတွေလို့ ဆိုတယ်။

အဲဒီလူအုပ်ရဲ့ခေါင်းဆောင်က ဖိုးလပြည့် ဖြစ်ပါတယ် တဲ့။

"ဖိုးလပြည့် ဆိုသူက ဂျာနယ်တိုက်ထဲကို မ၀င်ပါဘူး။ ကားပေါ်က ထိုင်ပြီး အမိန့်တွေပေးနေခဲ့ပါတယ်" လို့ အခု အသစ်ထွက်လာတဲ့ သူရိယနေဝန်း ပထမဆုံးထုတ်မှာ ရေးထားပါတယ်။

"ဒီလုပ်ရပ်ဟာ နာဇီ စိတ်ဓာတ်၊ ဖက်ဆစ်စိတ်ဓာတ်နဲ့ မင်းမဲ့စရိုက်ဆန်ဆန် လုပ်သွားတဲ့ လုပ်ရပ် ဖြစ်ပါတယ်" လို့ မှတ်ချက်ချထားပါတယ်။

ဂျာနယ်တိုက် ပစ္စည်းအသိမ်းခံရပြီး ဂျာနယ်ထုတ်ဝေမှု ရပ်ဆိုင်းလိုက်ပေမယ့် သူရိယနေဝန်း ဂျာနယ် အဖြစ် ဆက်ထုတ်မယ်လို့ ကြေညာထားတဲ့အတိုင်း ထွက်လာပါတယ်။ သို့သော်လည်း အသစ်ထွက်မယ့် သူရိယနေဝန်းကို ရိုက်ပေးဖို့ ပုံနှိပ်စက်တွေက ငြင်းခဲ့တယ်၊ "အခု ဒီဆောင်းပါးကို မရေးခင် အချိန်အထိ သူရိယနေဝန်းဂျာနယ်ကို ရိုက်ပေးရဲတဲ့ စက် မရှိသေးပါ။
အားလုံး ကြောက်အောင် ဖိုးလပြည့် ဆိုသူက ဖန်တီးခဲ့ပါပြီ - မြန်မာပြည်သူတွေဟာ ဖိုးလပြည့် ဆိုသူကို မုန်းတီးနေကြပါပြီ" လို့ ဆိုပါတယ်။

ခေါင်းစဉ်က "သမ္မတထံ အိတ်ဖွင့်ပေးစာ" ဖြစ်ပါတယ်။

ဖိုးလပြည့် ဆိုတဲ့သူ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကိုတော့ အိတ်ဖွင့်ပေးစာမှာ ထည့်ရေးမထားပါဘူး။
မြန်မာပြည်မှာ ဖိုးလပြည့် အမည်နဲ့ အမျိုးသားတွေ အများအပြား ရှိပါတယ်။
အထင်ရှားဆုံး ဖိုးလပြည့်ကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေရဲ့ မြေးတဦး ဖြစ်ပါတယ်။



.

6 comments :

  1. Anonymous said... :

    မိုးဟိန်း မိုးဟိန်း သွက်သွက်ခါအောင် ရူးသွားရှာပြီ

  1. Anonymous said... :

    အရင်ကတော့ သူပဲ ပေါင်းပြီး အခု မှ ဘာညာ ဘညာ....
    မကောင်း ရင် အရင်ကတည်းက မပတ်သက်နဲ့  ပေါ့ ။ သူနဲ့  ပေါင်းမှ ဂျာနယ် ထုတ်နိုင်မှာလား။

  1. Anonymous said... :

    ဘာဖြစ်ဖြစ်ပညာပါဖို့လိုပါတယ် အနုပညာဆိုတဲ့ဝေါဟာရထဲမှာ ပညာဆိုတဲ့ စကားပါတယ်နော် အလင်္ကာမြောက်ဖို့ ဆိုရင် အခြေခံစည်းမျဉ်းအရတကယ့်အစစ်အမှန် မဖြစ်ရဘူးတဲ့ သို့သော် ဖတ်ရှုခံစားသူက ငါ့ပြောတာပဲလို့ ခံစားရအောင် ဖန်တီးနိုင်ရမယ်

  1. Anonymous said... :

    စာနယ်ဇင်းကျင့်ဝတ်နဲ့ အညီရေးသားနေထိုင်နိုင်မှ စာနယ်ဇင်းသမားပါ ။ ဖွမယ်ဟေ့ နှက်မယ်ဟေ့ နိုင်ငံရေးရည်မှန်းချက် တွေအကွက်တွေ နဲ့လာတဲ့သူကို စာနယ်ဇင်းသမားလို့မသတ်မှတ်ပါ ။

  1. Anonymous said... :

    Mr.PLY, everyone is talking mostly bad about you and a few people say that you are same like others. So, starting from now an onward, you need to think twice before you do something. I fully aware that no one in this world is perfect.

  1. အားနေရင်လည်း သူများမကောင်းကြောင်းပြောမယ်အတူတူ ကုသိုလ်လေးဘာလေးလုပ်ပါလား

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved