လူကုန်ကူးမှုတိုက်ဖျက်ရေး အဆိုတော်တပ်မှူးကြီးများ ပုသိမ်ကိုသွား

Saturday, October 26, 2013




~



ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ  လူကုန်ကူးမှုတိုက်ဖျက်ရေးလှုံ့ဆော်တဲ့  ဖျော်ဖြေရေး စတိတ်ရှိုးပွဲတခုကို သောကြာနေ့က   ကျင်းပရာမှာ ဖြူဖြူကျော်သိန်း၊ ဖြိုးကြီး၊ ထက်နေခြည်၊ သန္တာဗိုလ် အစရှိတဲ့ အထင်ကရ အဆိုတော်တွေ  လာရောက်ဖျော်ဖြေခဲ့ကြပါတယ်။ 


 အကအဖွဲနဲ့ တွဲဖက်ဖျော်ဖြေနေတဲ့ သန္တာဗိုလ်
(ဓာတ်ပုံများ - ဆလိုင်းသန့်စင် / ဧရာဝတီ)

ကိုးသိန်းအားကစားကွင်း မိုးလုံလေလုံအားကစားရုံထဲ ပြုလုပ်တဲ့ ဒီရှိုးပွဲကို ပုသိမ်မြို့နဲ့ အနီးတ၀ိုက်ဒေသတွေက ပရိသတ် ၃,၀၀၀ ကျော် လာရောက်အားပေးခဲ့ကြတဲ့အတွက်  အားကစားရုံပြည့်သွားပါတယ်။
စတိတ်ရှိုး ဆိုတော့လည်း ပရိသတ်ကတော့ လူငယ်တွေအများစုပါပဲ။
 


မြန်မာပြည်ဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးသံတမန် တေးသံရှင်ဖြိုးကြီးက ဧရာဝတီကို အခုလို ပြောပါတယ်။

“ကျနော်တသက်လုံး ပိုက်ဆံရလို့ ဆိုခဲ့တဲ့ စတိတ်ရှိုးတွေပဲ ရှိခဲ့ပါတယ်။
လူမှုရေးဆိုတာ ဘာမှ မလုပ်ခဲ့ဘူး။ ကိုယ့်ဘာသာ လှူတာတန်းတာတော့ရှိတာပေါ့နော်။
အနုပညာနဲ့ ပတ်သတ်လို့တော့ ဘာမှမလုပ်ဖြစ်ခဲ့ဘူး။ ဒါကြောင့် ပရိသတ်အကျိုးရှိမယ့်ဟာကို လုပ်တာပါ”

ပရိသတ်အကျိုးရှိမယ့်ဟာဆိုတာနဲ့ ပတ်သက်ပြီး ဒီလို ဆက်ရှင်းပါတယ် ...

“လူကုန်ကူးမှုကြောင့် လူတယောက် ဒုက္ခရောက်သွားတယ်။ ဒါပေမယ့်သူ့နောက်မှာ သူရဲ့မိသားစုတွေအများကြီး ထပ်ပြီး ဒုက္ခတွေကို ခံစားရတယ်။
အဲဒါကြောင့် ကျနော်တို့ တတ်နိုင်တဲ့ဘက်က တထောင့်တနေရာကနေ ကူညီတိုက်ဖျက်တဲ့အလုပ်ကို လုပ်လိုက်တာပါ” လို့ ပြောပါတယ်။

ပါဝင်ဖျော်ဖြေတဲ့ အနုပညာရှင်အားလုံးဟာ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အခကြေးငွေမယူဘဲ မေတ္တာနဲ့ဆောင်ရွက်ပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။


ဂျွန်လွင်

ပွဲစီစဉ်သူ ဂျွန်လွင်ကလည်း ဒီပွဲမှာ သူ ပါဝင်ပတ်သက်လာရပုံအကြောင်း အခုလို ပြောပါတယ်။
“မနှစ်ကဒီဇင်ဘာလမှာလုပ်သွားတဲ့ ရွှေတိဂုံဘုရားရှေ့မှာလုပ်တဲ့  ဂျေဆင်မရတ်တို့ပွဲကနေစပြီး ပါဝင်ဖြစ်ခဲ့ပါတယ်။ ကျနော့်ကို ပွဲကျင်းပဖို့ ကမ်းလှမ်းပါတယ်။ ကမ်းလှမ်းချိန်မှာ အမျိုးသားရေးနဲ့ ဆိုင်တဲ့ အတွက်ကြောင့် ကျနော်မေတ္တာနဲ့ကူညီပေးခဲ့တာပါ”

ပွဲစဉ်များအကြောင်း သူက အခုလို ဆက်ပြောပါတယ်...
“ဒီလထဲမှာ ၃ ပွဲ လုပ်သွားပါတယ်။ မော်လမြိုင်မှာ တ ပွဲ၊ ဘားအံမှာ တ ပွဲ၊ အခု ပုသိမ်မှာ ဒီပွဲပေါ့နော်။ ကျနော်ကတော့ ပွဲတခုလုံးကို အစစအရာရာ စီစဉ်ပေးရသူပေါ့။ ပါဝင်တဲ့ အနုပညာရှင်အားလုံးကလည်း အခမဲ့ မေတ္တာနဲ့ ကူညီပေးကြတာပါ”

သူပြောသွားတဲ့ ဒီပွဲ ၃ ပွဲကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး MTV Exit တို့  ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး အကူအညီပေးသူတွေကတော့ UNIAP, USAID, ASEAN, World Vision, Australian AID, Walk Free, FXB စတဲ့ နိုင်ငံတကာ အဖွဲ့ကြီးတွေ ဖြစ်ပါတယ်။ 


စင်ပေါ်က ဖြူဖြူကျော်သိန်း

သံတမန်နောက်တယောက်ဖြစ်တဲ့ အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ ရှင်းပြချက်ကိုလည်း နားထောင်ကြည့်ပါဦး...

“ဖြူဖြူက မြန်မာပြည်ဆိုင်ရာလူကုန်ကူးမှုတိုက်ဖျက်ရေး သံတမန်အနေနဲ့ပါဝင်ဖြစ်ပါတယ်။ အခုတခေါက်ကတော့ သံတမန်တယောက်အဖြစ်နဲ့အပြင် သီချင်းဆိုခြင်းနဲ့ အဓိက ပါဝင်ပေးရတာပေါ့။  ဂီတဖျော်ဖြေပွဲဆိုတာ ကိုယ်ကျွမ်းကျင်တဲ့အပိုင်းနဲ့ ကူညီရတော့ ၀မ်းသာပါတယ်”

လူကုန်ကူးမှုတားဆီးရေး လှုံ့ဆော်ချက်နဲ့ ပတ်သက်ပြီး ဖြူဖြူက အခုလို ရှင်းပြပါတယ်...

“အခုလိုမျိုး မိဘပြည်သူတွေကို လူကုန်ကူးမှုဆိုတာဘာလဲ၊ ဘယ်လိုကာကွယ်ရမလဲ၊
ဘယ်လိုတွေ သတိထားရမလဲ၊ ဖြစ်နေတာတွေ့ပြီဆိုရင် ဘယ်တွေကိုဆက်သွယ်အကူအညီတောင်းရမလဲ ဆိုတဲ့ အချက်တွေကို အခြေခံဗဟုသုတရအောင်လို့ ဒီလိုပွဲတွေလုပ်ပြီး ပြောပြထားခြင်းအားဖြင့် လူကုန်ကူးမှု ဖြစ်လာမယ့်အခွင့်အရေးတွေနည်းသွားအောင်လို့ လုပ်နိုင်မယ်လို့ ဖြူဖြူတို့က ယုံကြည်တယ်။ အဲဒီအတွက်ကြောင့်ပဲ လူမှုအဖွဲ့အစည်းတွေက Awareness (နားလည်သဘောပေါက်မှု) ဖြစ်အောင် လိုက်လုပ်နေကြတာပါ”  

ဆန်းထွဋ်

ဝင်ကြေးအခမဲ့ဖြစ်တဲ့ ဒီဖျော်ဖြေပွဲမှာ အစီအစဉ်ကြေညာသူအဖြစ် သရုပ်ဆောင် ဆန်းထွဋ်က တာဝန်ယူဆောင်ရွက်ပေးခဲ့ပြီး အဆိုကဏ္ဍအပြင် စတားအင်တာနေရှင်နယ်အကအဖွဲ့ကလည်း သူတို့အကပညာတွေနဲ့ ပူးပေါင်းပါဝင် ဖျော်ဖြေခဲ့ကြပါတယ်။

ဆန်းထွဋ်နဲ့ အဆိုတော်တွေကလည်း လူကုန်ကူးမှုနဲ့ပတ်သတ်ပြီး သတိထားကြဖို့၊ ကာကွယ်ကြဖို့၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ အသိပညာပေး ဟောပြောတာတွေ လုပ်ခဲ့ပါတယ်။

ဖျော်ဖြေပွဲကိုလာတဲ့လူငယ်တွေကို လူကုန်ကူးမှုတိုက်ဖျက်ရေးစတစ်ကာတွေ၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတာတွေ့ရပါတယ်။


အဆိုတော်တဦး သီဆိုပြီးချိန်မှာလည်း လူကုန်ကူးမှုတိုက်ဖျက်ရေး သီချင်း/မှတ်တမ်းဗီဒီယိုတွေကို ပြသတာတွေလည်း ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

ည ၆ နာရီလောက်က စတင်ကျင်းပတဲ့ဒီဖျော်ဖြေပွဲဟာ အဆိုတော်တွေအသီးသီး သီဆိုပြီးချိန် ည ၉ နာရီခွဲလောက်မှာ အေးချမ်းအောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

ရန်ကုန်မှာ လာမယ့် နာရီပိုင်းအတွင်း ပြုလုပ်မယ့် အဆိုတော်တယောက်ရဲ့ တကိုယ်တော် တင်ဆက်သီဆိုမှုကလည်း လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ရည်ရွယ်ချက်တွေ ရှိနေတာ တွေ့ရမှာပါ။ ဒီအကြောင်း ဧရာဝတီစာမျက်နှာမှာ ဖော်ပြထားတဲ့ Solid Solo Show က ရတဲ့ အမြတ်ငွေကို လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် လင်းလင်း လှူမယ် http://burma.irrawaddy.org/entertainment/2013/10/26/50123.html ဆိုတဲ့ သတင်းမှာ ဖတ်နိုင်ပါတယ်။

စာနယ်ဇင်းတွေမှာလည်း လူကုန်ကူးမှုသတင်းတွေကို ဖတ်ရ နားထောင်ရပြီးဖြစ်မှာပါ။

ဇန်န၀ါရီလကနေ စက်တင်ဘာလအတွင်း လူကုန်ကူးမှု ၆၉ မှု ဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး (ဗဟို) အဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဆက်စပ်သတင်းတချို့ ဓာတ်ပုံတချို့ကို ဒီသတင်း အောက်ခြေမှာ ဖော်ပြပေးလိုက်ပါတယ်။

ဆလိုင်းသန့်စင်


 လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ အကပညာနဲ့ပါဝင်ကူညီဖျော်ဖြေခဲ့တဲ့ Star International Dance အဖွဲ့
သံအမတ် ဖြူဖြူကျော်သိန်း
ပုသိမ်ရောက် အကအဖွဲနဲ့ သန္တာဗိုလ်

ပုသိမ်ပရိသတ်

ဖြိုးကြီး

ဆက်စပ် -

ကိုးလအတွင်း တရုတ်သို့ ဇနီးမယား အဖြစ် လူကုန်ကူးမှု ၄၂ ခုဖြစ်ပွား
http://burma.irrawaddy.org/news/2013/10/12/49461.html

စစ်ဘေးသင့် ကချင်ပြည်နယ်တွင် လူကုန်ကူးမှု မြင့်တက်
http://burma.irrawaddy.org/news/2012/08/25/18554.html

Human Trafficking Still a Serious Problem, Says Task Force

www.irrawaddy.org/censorship/human-trafficking-still-a-serious-problem-says-task-force.html



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved