အောက်ခြေဆင်းတဲ့ ဧရာဝတီတိုင်းအစိုးရ

Wednesday, October 30, 2013





~


 

ဧရာဝတီတိုင်းအစိုးရ အရာရှိကြီးတွေက ဒေသခံလူမှုအဖွဲ့အစည်းတွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တွေ့ဆုံပြီး သူတို့ဆီက မေးခွန်း ၉၂ ခုကို ဖြေကြား ရှင်းလင်းခဲ့ပါတယ်။

 တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ (ဓာတ်ပုံများ - ဆလိုင်းသန့်စင်)

တွေ့ဆုံမှုကို ပြည်သူ့ရေးရာတာဝန်ခံယူမှုဆိုင်ရာဆွေးနွေးပွဲ လို့ အမည်ပေးထားပြီး ပုသိမ်မြို့ မြို့တော်ခန်းမမှာ တနင်္ဂနွေနေ့က စတင်ပြီး ၂ ရက်ကြာ   ပြုလုပ်ခဲ့ကြတာပါ။

ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းတွေ၊ NGO တွေ၊ ပြည်သူတွေ ပွင့်ပွင့်လင်းလင်း မေးမြန်းကြတာတွေကတော့  အထွေထွေအုပ်ချုပ်ရေး၊ လယ်ယာမြေ၊ သစ်တော၊ ရေလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး၊  လျှပ်စစ်၊ စည်ပင်၊ ဆည်မြောင်း၊ အလုပ်အကိုင်ရှားပါးမှု၊ သဘာဝပတ်ဝန်းကျင် စတဲ့ အကြောင်းအရာမျိုးစုံပါပဲ။

 ရဲတပ်ဖွဲ့နဲ့ပတ်သက်တဲ့မေးခွန်းတွေဆိုရင် ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူး ရဲမင်းကြီး အောင်နိုင်သူ ကိုယ်တိုင် ပြန်လည်ဖြေကြားတာတွေ လုပ်ခဲ့သလို တခြား ဌာန အများအပြားကလည်း    တိုင်းဦးစီးမှူး အဆင့်တွေက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ အမှာစကားပြောနေတဲ့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်
ဖြေကြားမှုတွေကို ကျေနပ်မိတယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ပုသိမ်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေးကွန်ရက် (HRWDN) က ကိုမောင်မောင်ကြီးက ပြောပါတယ်။

“လုပ်သွားတဲ့ပွဲမှာ ပြည်သူ့အသံတွေကို ပိုနားထောင်လာတာ တွေ့ရတယ်။ ...  ဖြေတဲ့အဖြေမှာလည်း သူတို့အနေနဲ့ တာဝန်ယူမှုရှိရှိ ပြန်လည်ဖြေကြားခဲ့တာ တွေ့ရတယ်။ အတော်လေးကို အားရစရာကောင်းပါတယ်”

“တိုင်းတရားသူကြီးချုပ် ဦးသန်းထွန်းဆိုရင် ဥပဒေကြောင်းနဲ့ပတ်သတ်ပြီး ဆွေးနွေးစရာရှိတယ် ဆိုရင် တရားလွှတ်တော်ချုပ်ကိုလာခဲ့ပါ။
သူ့အနေနဲ့ တွေ့ဆုံဆွေးနွေးပေးပါ့မယ် ပြောတယ်။ အဲတော့ အစိုးရအဖွဲ့အနေနဲ့အခုလို ပြည်သူ့အသံကိုနားထောင်လာတဲ့အပေါ်မှာ ကြိုဆိုတယ်။ ၀မ်းသာတယ်။ နောက်ကိုလည်း ၂ လ တကြိမ်လောက် အခုလိုပွဲမျိုးတွေ လုပ်စေချင်တယ်”လို့ သူက  ဧရာဝတီသတင်းဌာနကို  ပြောပါတယ်။


တိုင်းတခုလုံးက NGO တွေ၊ လူမှုရေးအသင်းတွေက တသင်းကို မေးခွန်း (၅) ခုစီ ရေးသားပြီး တိုင်းအစိုးရဆီကို မေးခွန်း ၃ ရက်ကြိုတင် ပေးပို့ခဲ့ကြောင်း သိရပါတယ်။

တိုင်းအစိုးရကလည်း ဒီမေးခွန်းတွေကို သက်ဆိုင်ရာဌာနတွေဆီကို လွှဲပေးခဲ့ပြီး ဆွေးနွေးပွဲမှာ ပြန်လည်ဖြေကြားမယ့်အဖြေတွေကို စိစစ်ကြပ်မတ်တာတွေပြုလုပ်ခဲ့တယ်လို့ တိုင်းအစိုးရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးဝင်းကိုကိုက ပြောပါတယ်။

“ဒီဆွေးနွေးပွဲကို ပွင့်လင်းမြင်သာတဲ့စနစ်ရယ် ပြည်သူဗဟိုပြုစနစ်ရယ် အဲဒါကို လက်တွေ့ အကောင်အထည် ဖော်တဲ့သဘောနဲ့ တက်ရောက်ဖြစ်တာပါ။
ဌာနဆိုင်ရာတွေ အနေနဲ့ ဖြေကြားတဲ့နေရာမှာ တိတိကျကျနဲ့ထိထိရောက်ရောက် ပြန်ဖြေဖို့ ကျနော်တို့ ညွှန်ကြားခဲ့ပါတယ်။
 မေးခွန်းတွေကြိုပေးထာတာရှိတော့ ဌာနဆိုင်ရာတွေရဲ့ ဖြေကြားချက် အပေါ်မှာ ပြည်သူတွေ မကြိုက်လောက်ဘူးဆိုရင် မှန်ကန်ပြီးပြည်သူကျေနပ် လောက်တဲ့ အဖြေ၊ ပြည်သူလက်ခံနိုင်တဲ့အဖြေဖြစ်အောင် ပြန်ပြင်ခိုင်းခဲ့တာတွေ ရှိပါတယ်” လို့ သူက ပြောပါတယ်။

သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူ
ဒီပွဲရဲ့ပထမနေ့မှာ ဆွေးနွေးဟောပြောသူတဦးကတော့ Eco Develop အဖွဲ့ အုပ်ချုပ်မှု ဒါရိုက်တာ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူ ဖြစ်ပါတယ်။ 
သူက ...
“ဒီလိုပွဲမျိုးဟာ မြန်မာတနိုင်ငံလုံးမှာဆိုရင် ဧရာဝတီတိုင်းက ပထမဆုံးဖြစ်ပါတယ်။ ကျနော့် သဘောအရတော့ ပြည်နယ်နဲ့တိုင်းဒေသ အသီးသီးမှာ အခုလိုပွဲတွေ များများ လုပ်စေချင်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ ၁၅ ရက်နေ့ကလည်း ပထမအကြိမ် ပြည်သူ့ရေးရာတာဝန်ခံယူမှုပွဲ ကျင်းပခဲ့ပြီး အဲဒီတုန်းကတော့ မှတ်ပုံတင်ထားခြင်းမရှိတဲ့ကွန်ရက်တွေကို လုံးဝ မဖိတ်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒီတခေါက်ပြုလုပ်တဲ့ ဒုတိယအကြိမ်မှာတော့ မှတ်ပုံ မတင်တဲ့ကွန်ရက်တွေကိုလည်း ဖိတ်စာနဲ့တကွ တလေးတစား ဖိတ်ကြားခဲ့တာ တွေ့ရပါတယ်။

အခုလိုပွဲတွေ ပုံမှန်ကျင်းပပေးနိုင်မယ်ဆိုရင်တော့  ပြည်သူတွေအနေနဲ့ မြို့နယ်အဆင့်၊ ခရိုင်အဆင့်ကို တင်ပြထားပြီး လုပ်ဆောင်မပေးတဲ့ အခက်အခဲပြဿနာတွေကို ဒီလိုပြည်သူ့ရေးရာ တာဝန်ခံယူမှုပွဲတွေမှာ တိုင်းအဆင့်ကို တိုက်ရိုက် တင်ပြခွင့်တွေ ပိုမိုရရှိလာမှာဖြစ်ပါတယ်။

တဖက်ကလည်း တိုင်းအဆင့်ဌာနဆိုင်ရာတွေက ပြည်သူတွေကို ပြန်ဖြေထားတဲ့အဖြေတွေအတိုင်း လက်တွေ့မြေပြင်မှာ တကယ်ဖြစ်လာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့် သွားရဦးမှာဖြစ်ပါတယ်။

ပေါင်းကူးအဖွဲ့မှ ဒေါက်တာကျော်သူ
ဒီဆွေးနွေးပွဲကို ဒေါက်တာကျော်သူဦးဆောင်တဲ့ ပေါင်းကူးအဖွဲ့အပါအ၀င် အန်ဂျီအို ၅ ခုက ဦးဆောင်စီစဉ်ခဲ့တယ်လို့ သိရပါတယ်။

ဆလိုင်းသန့်စင်


 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved