ဗိုလ်ချုပ်ဈေးထဲက ကြက်သားတုတ်ထိုး

Saturday, November 2, 2013


~


 ကြက်သားတုတ်ထိုး တဲ့။
ဗိုလ်ချုပ်ဈေးထဲ ရောင်းနေတာပါ။
ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေး အရှေ့ဘက်တန်းမှာလို့ သိရပါတယ်။
ဒီဘလော့မှာ ခါတိုင်းတော့  ကိုယ်တိုင်စားဖြစ်တဲ့ အစားအစာအကြောင်းတွေပဲ  ရေးဖြစ်ပါတယ်။
ဒီတခါတော့ ကိုယ်တိုင် မစားဖြစ်တဲ့ အစားအသောက်အကြောင်း ရေးရပါတော့မယ်။


ဝယ်စားလာသူကတော့ စားလို့ ကောင်းတယ်လို့ ဆိုပါတယ်၊ ဓာတ်ပုံလည်း ရိုက်လာပါတယ်။
နေ့ခင်း ၂းဝဝ ဝန်းကျင်မှ ဆိုင်ဖွင့်တယ်၊ ဆိုင်ဖွင့်ပြီး မကြာခင် ကုန်တာပါပဲ လို့ သူက သိခဲ့ရသမျှ ပြန်ဖောက်သည်ချပါတယ်။
တနေ့က နေ့ခင်း ၁ နာရီမထိုးခင် ဗိုလ်ချုပ်ဈေးရောက်တော့ ပန်းချီပြခန်းကြီးရှေ့က ဈေးသည်တယောက်ကို တုတ်ထိုးအကြောင်း မေးကြည့်ပါတယ်၊ စားဖူးတယ် ... အရသာ တော်တော်လေးကောင်းပါတယ်လို့ ညွှန်းပါတယ်။

ဈေးရှေ့က လမ်းဘေးဈေးသည်တချို့ကို မေးကြည့်တော့လည်း စားဖူးကြောင်း၊ ကောင်းကြောင်း ပြောကြတဲ့အတွက် ၂း၀၀ နာရီထိုးအောင်စောင့်ပြီး သွားရောက် အားပေးလိုစိတ် ပေါက်သွားတယ်။
ဈေးသည်အချင်းချင်းဆိုရင် လျှော့ပေးတယ်လို့ ကျွဲကောသီးဆိုင်က အမျိုးသမီးတယောက်က ပြောပါတယ်။
ဘယ်လောက်အထိ လျှော့ပေးလဲ မသိပါ။
ရောင်းဈေးကတော့ တချောင်း ၅၀ လို့ ဆိုတယ်။


ဓာတ်ပုံအရ ဆိုရင်  ဈေးသည်က အမျိုးသမီးပါ။ ချက်ပြုတ်ပြီးသားအစားအစာကို ကိုင်တွယ်ရာမှာ လက်အိပ်တော့ စွပ်မထားပါဘူး။ အင်း... မြန်မာပြည်မှာတော့ အများစုက ဈေးသည် လက်အိတ်မစွပ်လည်း ဂရုစိုက်မနေကြပါဘူးလေလို့ ယူဆရပါတယ်။

ကြက်သား၊ ကြက်ဥ၊ ကြက်အူ၊ ကြက်အသည်းအမြစ်၊ ကြက်အူချောင်း၊ ကြက်ခြေထောက်တို့ကို ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်။
အချဉ်ရည် လို့ ဆိုကြတဲ့ ဆော့စ်ကတော့ ကောင်းမယ့်ပုံပါပဲ။ သူက အဓိကကျတယ် မဟုတ်လား။

ဝက်သားတုတ်ထိုးဆိုတာ ရန်ကုန်စတိုင် အထင်ကရ သရေစာ ဖြစ်ပါတယ်။ နယ်မြို့တွေကိုလည်း ဒီအစားအစာ ရောက်နေပါပြီ။
အမဲသားတုတ်ထိုး ဆိုပြီး ဖန်တီးရောင်းချသူတွေတောင် ရှိလာပါတယ်။ ဒီတော့ ဝက်သားကို အကြောင်းအမျိုးမျိုးကြောင့် သုံးဆောင်ခြင်း မပြုသူတွေအတွက် အဆင်ပြေတဲ့ ဖန်တီးချက်လို့ ဆိုရပါမယ်။

အခု ဗိုလ်ချုပ်ဈေး ကြက်သားတုတ်ထိုးကလည်း ကြက်သား ပရိသတ်အတွက် အဆင်ပြေစေပါလိမ့်မယ်။

နာရီအနည်းငယ်ပဲ ရောင်းတယ်ဆိုတော့ ဈေးသည်က သူ့ရဲ့ရောင်းကုန် အရည်အသွေးကို ထိန်းသိမ်းတာများလားလို့ တွေးစရာပါ။

ကဲ ... ဈေးထဲသွားပြီး ကြက်သားတုတ်ထိုး မြည်းမယ် ဆိုရင်တော့ တနင်္လာနေ့ကို ရှောင်ရပါမယ်။
ဗိုလ်ချုပ်ဈေးက တနင်္လာနေ့တိုင်း ပိတ်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved