စင်ကာပူမှာ ရိုက်ခဲ့တဲ့ မြန်မာသရဲကား

Friday, November 15, 2013

 ~



Lucky Boss ဗီဒီယို ထုတ်လုပ်ရေးအတွက် ဒါရိုက်တာ ညိုမင်းလွင်က ငါ ဒီည လာခဲ့မယ် ဆိုတဲ့ သရဲကားကို စင်ကာပူမှာ သွားရောက်ရိုက်ကူး ခဲ့ပါတယ်။ 
 


ဇာတ်ကားရဲ့ အစိတ်အပိုင်း တော်တော်များများကို ရိုက်ကူးခဲ့ပြီး ကျန်ရှိတဲ့ ဇာတ်ဝင်ခန်း အချို့ကို ရန်ကုန်မှာ ဆက်လက် ရိုက်ကူးခဲ့တယ်လို့ ပြောတာကြောင့် ငါ ဒီည လာခဲ့မယ် ဇာတ်လမ်းကို ရိုက်ဖို့ ရွေးချယ်ခဲ့တာပါ။

ငါ ဒီည လာခဲ့မယ် ဇာတ်ကားမှာ သားညီ၊ နန်းမြတ်ဖြိုးသင်း၊ နန်းဆုဦးနဲ့ ညိုမင်းလွင် ကိုယ်တိုင် ပါဝင်သရုပ်ဆောင် ထားပါတယ်။

“ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ဖြစ်တာက စင်ကာပူကို သရုပ်ဆောင်တွေ အများကြီး မပါသွားဘူးလေ၊ နောက်ပြီး ဒါရိုက်တာ ညိုမင်းလွင် နေရာကကြည့်ရင် သရုပ်ဆောင် ညိုမင်းလွင်နဲ့ လိုက်နေတယ်။ အဲဒါကြောင့် ရိုက်ဖြစ်တာပါ။
တခြား မင်းသားတွေ မပါတဲ့အတွက် ကျနော့်ကို မင်းသား၊ ဒါရိုက်တာလို့ အဲဒီကားမှာ မမြင်ပါနဲ့လို့ နာမည်ထိုးတာကလည်း နန်းမြတ်ဖြိုးသင်း၊ နန်းဆုဦးတို့ နောက်ကပဲ နေမှာပါ။
အဓိက က မင်းသမီးဇာတ်ပါ”
လို့ ညိုမင်းလွင်က ဆိုပါတယ်။

သရဲကား ဖြစ်ပေမယ့် စင်ကာပူမှာ ရိုက်ကူးရတာ အဆင်ပြေပြီး စင်ကာပူမှာ သွားရိုက်ခဲ့တဲ့ ဇာတ်ကားတွေမှာ မပါတဲ့ နေရာမျိုးတွေကို ရွေးပြီး ရိုက်ခဲ့တယ်လို့ သိရပါတယ်။

စင်ကာပူ မြေအောက်ရထားပေါ်မှာ သရဲခြောက်တဲ့ ဇာတ်ဝင်ခန်းကိုလည်း ငါ ဒီည လာခဲ့မယ် ဇာတ်ကားအတွက် ရိုက်ကူးခဲ့ပါတယ်။

 “မြေအောက်ရထားပေါ်မှာ ရိုက်ဖို့ အချိန် တော်တော်လေး ပေးခဲ့ရတယ်။ နည်းနည်းတော့ ခက်တယ်။ အဲဒီ ဇာတ်ဝင်ခန်း တခုလုံးအတွက် တညလုံး ကုန်သွားတယ်” လို့ ဒါရိုက်တာ ညိုမင်းလွင်က ဆိုပါတယ်။

စင်ကာပူမှာ သုံးပုံတပုံလောက် ပြီးအောင် ရိုက်ကူးခဲ့တာပါ။
အချိန် မရတာရယ်။ ရိုက်ကူးရေး အဖွဲ့သားများစွာ မပါဝင်တာကြောင့် ဒီလောက်ပဲ ပြီးခဲ့တာ ဖြစ်ပါတယ်။

ငါ ဒီည လာခဲ့မယ် ဇာတ်ကားရဲ့ ဇာတ်လမ်းက စိတ်ဝင်စားမှု ရှိတယ်လို့ သိရပါတယ်။

ငါ ဒီည လာခဲ့မယ် ဆိုတဲ့  အဓိပ္ပာယ်နဲ့  ပတ်သက်ပြီး
“မထင်မှတ်ဘဲ သရဲခြောက်ခံရတာမျိုး မဟုတ်ဘဲ မခြောက်ခင်မှာ လာပြီးသတိပေးတယ်၊ ငါ ဒီည လာခဲ့မယ် လို့ပြောတဲ့ ညတိုင်းမှာ တကယ်ရောက်လာတယ်။
တဇာတ်လုံးအတွက် အရေးကြီးဆုံး စကားတခွန်းပဲ” လို့ ညိုမင်းလွင်က ဆိုပါတယ်။

သရဲခြောက် ခံရတဲ့သူတွေက နန်းမြတ်ဖြိုးသင်းနဲ့ နန်းဆုဦးတို့ ဖြစ်ပါတယ်။

ညိုမင်းလွင်က ငါ ဒီည လာခဲ့မယ် ဇာတ်ကားမှာ နာမည်စာတန်း ထိုးတဲ့အခါ နန်းမြတ်ဖြိုးသင်း၊
နန်းဆုဦး တို့ရဲ့ နာမည်နောက်ကနေ ထိုးမယ်ဆိုတာနဲ့ ပတ်သက်ပြီး “International ဆိုပြီး ပြောနေရင် စိတ်ဓာတ်ကို International ဖြစ်စေချင်တာပါ။
ဥပမာဆိုပါတော့ ရန်ကုန်မြို့မှာ အရမ်းနာမည်ကြီးခဲ့တဲ့ Gravity ဆိုတဲ့ ကားမှာ ဂျော့ခ်ျကလူနီလို မင်းသားက ဆန်ဒရာဘူလော့ နောက်ကနေ နာမည်ကို ကျေကျေနပ်နပ် အထိုးခံတယ်၊
သူ့လုပ်ကွက် ဘာမှမရှိတဲ့ ဇာတ်ကားကို ရိုက်တယ်။
ဆိုလိုတာက ဇာတ်ကား တကား ကောင်းဖို့ဆိုရင် သရုပ်ဆောင်တယောက်က ဘယ်နေရာက ပါရ ပါရ သူနဲ့လိုက်ဖက်တဲ့ နေရာဆိုရင် ပါသင့်ပါတယ်။
ကျနော်လည်း အဲဒီစိတ်နဲ့ ဒီကားကို ရိုက်တာပါ။
ကိုယ်ဒါရိုက်တာ လုပ်တဲ့ကား ကိုယ့်နာမည်ကို ကြိုက်တဲ့နေရာမှာ ထိုးခွင့်ရှိပါလျက်နဲ့ နန်းမြတ်ဖြိုးသင်း၊ နန်းဆုဦး တို့ရဲ့ နာမည်နောက်မှာပဲ နေပြီး ရိုက်တာပါ” လို့ ညိုမင်းလွင် ရှင်းပြပါတယ်။

ငါ ဒီည လာခဲ့မယ် ဇာတ်ကားအတွက် ဇာတ်လမ်းကို ညိုမင်းလွင် ကိုယ်တိုင်ရေးပြီး ဇာတ်ညွှန်းကိုတော့ ညိုမင်းလွင်ရဲ့ တပ်ဖွဲ့က ရေးပေးထားတယ်လို့ သိရပါတယ်။


(မှတ်ချက် - ခင်လေးမြင့်   ရေးသားတဲ့ ဒီသတင်းကို နိုဝင်ဘာ ၁၁  ရက်နေ့ထုတ်  အလင်းတန်းဂျာနယ်မှာ  ဖော်ပြခဲ့ပြီးပါပြီ။ အလင်းတန်းဂျာနယ်ရဲ့ ခွင့်ပြုချက်နဲ့ ဒီဘလော့မှာ ပြန်လည် ဖော်ပြခြင်း ဖြစ်ပါတယ်။) 
 


.

1 comments :

  1. ရုပ်ရှင်သရဲ said... :

    လေးစားပါတယ်။ ဒါပေမယ့် ဂျော့ကလူးနီးနဲ့ ကိုယ့်ကိုယ်ကိုနဲ့တော့ မနှိုင်းပါနဲ့ဦး ဆရာရယ်။ နိုင်ငံခြားနဲ့နှိုင်းပြီးလုပ်မယ့်အစား ကိုယ်ပိုင်ပုံစံလေးတွေ ချပြကျပါ။ Title ထိုးတာလေးကအစပေါ့ဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved