ကဏ္ဍပေါင်းစုံပါဝင်တဲ့ မန္တလေး စာပေစကားဝိုင်း

Monday, November 18, 2013

 ~

 

မန္တလေးမှာ နှစ်ပေါင်း လေးဆယ်ကျော် ပျောက်ကွယ်နေတဲ့ မန္တလေး စာပေစကားဝိုင်းကို အခုလက စပြီး ပြန်လည်အသက်ဝင်အောင် လုပ်ကြတော့မယ်လို့ နိုဝင်ဘာ ၃ ရက်က ရာပြည့် မန္တလေး စာအုပ်တိုက်မှာ ပြုလုပ်တဲ့ မျိုးဆက်ဟောင်း မျိုးဆက်သစ် စာပေလောကသားများ တွေ့ဆုံပွဲအရ သိရပါတယ်။

 



မန္တလေးမှာက ၁၉၇ဝ ခုနှစ် နောက်ပိုင်း ကာလတွေမှာ မြန်မာ စာပေလောကကို ထင်ဟပ်စေမယ့် စာပေစကားဝိုင်း ဆိုတာထက် မန္တလေး စာပေလောကကို ထင်ဟပ်စေမယ့် စာပေစကားဝိုင်းမျိုးတောင် မရှိသလောက် ရှားပါးခဲ့ပြီး တူရာ အစုအဖွဲ့ အလိုက်သာ စာဖတ်ဝိုင်းတွေလုပ်ပြီး မန္တလေး စာပေလောကကို ထိန်းထားရတယ်လို့ သိရရာ ဒါနဲ့ ပတ်သက်ပြီးတော့လည်း မန္တလေးမြို့ခံ ဝါရင့် စာရေးဆရာကြီး တဦးဖြစ်တဲ့ မန္တလေး အလင်းဂျာနယ် အယ်ဒီတာချုပ် ညိုထွန်းလူက
 “မျိုးဆက်တွေ တခုနဲ့ တခု ပြန်ချိတ်ချင်တာပါ။ အလှည့်ကျ စကားဝိုင်းတွေ လုပ်သွားကြမယ်။ မျိုးဆက်ဟောင်းတွေနဲ့ မျိုးဆက်သစ်တွေ မကြာခဏ တွေ့ဆုံကြ ပြောကြ ဆိုကြနဲ့ မန္တလေး စာပေလောကရဲ့ စာပေစကားဝိုင်း ဆိုတာကို ပြန်လည်ရှင်သန် စေလိုတဲ့ သဘောပါ။ မန္တလေး စာဖတ်ဝိုင်းဆိုတာ ဟိုးအရင်ကတည်းက ထင်ရှားခဲ့ပြီးသားပါ” လို့ အဲဒီနေ့က ပြုလုပ်တဲ့ မန္တလေး စာပေစကားဝိုင်း ဖြစ်မြောက်ရေး ဆွေးနွေးပွဲမှာ ပြောပါတယ်။

နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ မန္တလေး စာပေစကားဝိုင်း ပြန်လည်ကျင်းပနိုင်ဖို့ ဆွေးနွေးတိုင်ပင် ညှိနှိုင်းကြတဲ့ တွေ့ဆုံပွဲမှာ နိုင်ငံကျော် စာရေးဆရာ တဦးဖြစ်တဲ့
အမျိုးသား စာပေဆုနဲ့ ရွှေအမြုတေ စာပေဆုရှင် နေဝင်းမြင့် နဲ့အတူ
ညိုထွန်းလူ (မန္တလေး အလင်းဂျာနယ် အယ်ဒီတာချုပ်)၊
သိုက်ထွန်းသက် (ရွှေမန္တလေး သတင်းဂျာနယ် အယ်ဒီတာချုပ်)၊
တက္ကသိုလ် တေဇာလင်း (ဓမ္မဒိုင်ဂျက် မဂ္ဂဇင်း အယ်ဒီတာချုပ်)၊
စာရေးဆရာမ ဝင်းဝင်းမြင့် (နန်းတော်ရှေ့) တို့က
 ဦးဆောင် ဆွေးနွေးကြပြီး

ကဗျာဆရာ မောင်နွေထက်၊ မောင်ကြည်သာ (တောင်တွင်း) အစရှိတဲ့ ဝါရင့် ကဗျာဆရာကြီးများနဲ့ မျိုးဆက်သစ် ကဗျာဆရာ၊ ကာတွန်းရေး ဆရာတို့က ပူးပေါင်းပါဝင် ဆွေးနွေးခဲ့ ကြပါတယ်။

ဆွေးနွေးပွဲမှာ ကဗျာ၊ ကာတွန်းနဲ့ ဝတ္ထု၊ ဆောင်းပါး အစရှိတဲ့ ကဏ္ဍအသီးသီးက ပညာရှင်တွေက သူတို့ရဲ့ အသိအမြင် ဆိုင်ရာတွေကို အသီးသီး တင်ပြဆွေးနွေးခဲ့ကြတာကို
တွေ့ရပြီး မြန်မာစာပေလောကမှာ မရှိမဖြစ် အရေးပါတဲ့ ရသစာပေနဲ့ ပတ်သက်ပြီးတော့လည်း ဦးဆောင် ဆွေးနွေးသူ တဦးဖြစ်တဲ့ စာရေးဆရာ နေဝင်းမြင့်က အခုလို ပြောပါတယ်။

“ခေတ်ကို ထင်ဟပ်တဲ့ အတွေးအခေါ် ဆိုတာ ဂျာနယ်လစ်တွေ ကရေးတာပါ။
ဒါကြောင့် သားတို့ သမီးတို့က ဒီလို စာတမ်းဖတ်ပွဲတွေ၊ ဆွေးနွေးပွဲတွေမှာ လာပြီးတော့ ဆွေးနွေးနားထောင် စေလိုတယ်။
နောက်ပြီးတော့ ရသ ဝတ္ထုတွေ၊ ရသ စာတမ်းတွေ၊ ရသနဲ့ နွယ်တဲ့ အခိုင်းအနှိုင်းတွေ၊ ရသနဲ့ နွယ်တဲ့ စကားလုံးတွေ၊ ဥပမာ ဥပမေယျတွေ၊ ပုံတို ပတ်စတွေ ဆိုတာ တို့ဆီမှာ
အများကြီး ရှိတဲ့အတွက် မြန်မာစာပေကို ဒီထက်ပိုပြီးတော့ ထွန်းကားလာအောင် လုပ်ဖို့ဆိုတာ သားတို့ သမီးတို့မှာ အများကြီး တာဝန်ရှိတယ်။
ဂျာနယ်လစ်တွေ အနေနဲ့ကလည်း တို့ကတော့ ပွဲတက်ပြီး ရေးတယ် ဆိုတာထက် ရသနွယ်တဲ့ သတင်းမျိုး မြန်မာစာ ရေးထုံးဖွဲ့ပြီး ရေးတာမျိုးကို ဒီထက် ပိုမို ကောင်းမွန်လာအောင် ကြိုးပမ်းကြပါ”
လို့ ရသစာပေ တိုးတက်ရေးနဲ့ ပတ်သက်ပြီး တိုက်တွန်း ပြောကြားသွားပါတယ်။

ပါဝင်ဆွေးနွေး ကြသူတွေရဲ့ ညှိနှိုင်းတိုင်ပင်မှု အပြီးမှာတော့ မူလ ရည်ရွယ်ထားတဲ့ အတိုင်း မန္တလေး စာပေစကားဝိုင်း တခုကို တူရာ အစုအဖွဲ့အလိုက် မဟုတ်တော့ဘဲ ကဏ္ဍပေါင်းစုံ ပါဝင်တဲ့ မန္တလေးစာပေ စကားဝိုင်းကြီး အဖြစ် ပြန်လည် ကျင်းပသွားဖို့ သဘောတူခဲ့ ကြတယ်လို့ သိရပါတယ်။

မန္တလေး စာပေလောက က ရသစာပေ၊ ကဗျာနဲပ ကာတွန်းရေး ဆရာတွေ စုစည်းမှုနဲ့ လုပ်ကြမယ့် မန္တလေး စာပေစကားဝိုင်းကို တလနှစ်ကြိမ်ခန့် ကဏ္ဍအလိုက်
အလှည့်ကျ ကျင်းပကြမှာဖြစ်ပြီး စာဖတ်သူတွေရော စာပေရေးသားသူ ပညာရှင်တွေပါ စုစည်းနိုင်မယ့် နေရာတခုကိုလည်း ရာပြည့် မန္တလေး စာအုပ်တိုက်ပိုင်ရှင် ကိုပုညဆွေက
 သူ့ရဲ့စာအုပ်တိုက် အတွင်းနေရာ တခု စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်ကျော်ခန့်က ဟံသာဝတီ စနေစာပေ စကားဝိုင်းနဲ့ ဓမ္မဗိမာန် စာပေစကားဝိုင်း ဆိုပြီး အထင်အရှား ရှိခဲ့ရာမှ
အခုအခါမှာ

  • တနင်္ဂနွေ ကဗျာမြေသား စာဖတ်ဝိုင်း၊
  • နန်းရှေ့ ကဏ္ဍစုံ ကြာသပတေး စာဖတ်ဝိုင်း၊
  • နန်းရှေ့ ဗုဒ္ဓဟူး ကဗျာဝိုင်း၊
  • ဆူးဖြူရိပ် ကဗျာ စာဖတ်ဝိုင်း၊
  • မန္တလေး ချစ်သူများ ကဗျာဝိုင်း
စတဲ့ အလျဉ်းသင့်ရာ အစုအဖွဲ့အလိုက် စာဖတ်ဝိုင်းများက စာပေ အစဉ်အလာမပျက် ဆက်လက် ထိန်းသိမ်းလျက်ရှိတယ်လို့ သိရပါတယ်။
  • မှတ်ချက် -
နန္ဒ၊ မန္တလေး   ရေးသားတဲ့ ဒီသတင်းကို နိုဝင်ဘာ ၁၁  ရက်နေ့ထုတ်  အလင်းတန်းဂျာနယ်မှာ  ဖော်ပြခဲ့ပြီးပါပြီ။ အလင်းတန်းဂျာနယ်ရဲ့ ခွင့်ပြုချက်နဲ့ ဒီဘလော့မှာ ပြန်လည် ဖော်ပြခြင်း ဖြစ်ပါတယ်။

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved