ဆေးပေါင်းခပွဲနဲ့ ဒေးစွန်ပါ

Monday, November 18, 2013


တန်ဆောင်မုန်းလ အခါသမယမှာ မြန်မာတွေက ဆေးပေါင်းခတယ်လို့ ယုံကြည်ကြပြီး ဒးစွန်ပါကို သွားကြ သူတွေ မနည်းလှပါ။ ဒေးစွန်ပါဆိုတာ ရန်ကုန်က ကားနဲ့သွားရင် ၄၅ မိနစ်လောက် ကြာတဲ့ခရီးကိုသွားရပြီး  ပဲခူးတိုင်း ပဲခူးမြို့နယ် ၀မ်းဘဲအင်း ကျေးရွာက ဘုရားဖူးတွေနဲ့ စည်းကားတဲ့ နေရာတခုပါ။ 

ဒေးစွန်ပါ ဘုရား၊ ဓာတ်ပုံ- အိမ့်သံစဉ် / ဧရာဝတီ

ဒေးစွန်ပါ တောင်ပေါ်က ဘုရားရင်ပြင်နေရာတဝိုက်ဟာ သိုက်နန်းရှင်၊ သိုက်ချုပ်တို့ရဲ့ ပျော်စံရာ နေရာ ရပ်ဝန်း ဖြစ်တယ်လို့ ယုံကြည်သူနေကြပြီး မနေ့က တန်ဆောင်မုန်း လပြည့်နေ့မှာတော့ ဘုရားဖူး ဧည့်သည်
တွေနဲ့ ဆေး ပေါင်းခတဲ့ ပွဲအတွက် လူတွေလည်းကြက်ပျံမကျ စည်းကားပါတယ်။ 

ဒေးစွန်ပါတောင်ဟာ မွန်ပြည်နယ်က ကျိုက်ထီးရိုးတောင် တက်ရသလိုပါဘဲ။ လမ်းတလျှောက် ဒေးစွန်ပါ၊ ကျိုက် စွန်ပါ၊ ဒေးလားစွန်ပါ၊ မြစွန်ပါ၊ ရွှေစွန်ပါ ဆိုတဲ့ ရတနာနာမည်တွေနဲ့ ဘုရားစေတီတွေလည်း ရှိကြပါ တယ်။ 

ဒီအမည်နာမတွေကတော့ တချိန်က မွန်ဘုရင်တွေနဲ့ မွန်လူမျိုးတွေ နေထိုင်ခဲ့ကြလို့ မွန်နာမည်တွေဖြစ် တယ်လို့ လည်း ဂေါပကလူကြီးတွေက ပြောပါတယ်။ 

လမ်းခရီးတယောက် ယောဂီဝတ် ရသေ့တွေ၊ မယ်သီလရှင်တွေ၊ အရွယ်စုံက အလှူခံနေတာတွေ့ ရသ လို ဒေးစွန်ပါ တောင်ပေါ်လမ်းတလျှောက် အတက်၊ အဆင်း သံသရာ လည်နေသူတွေမှာ မမောနိုင် မပန်းနိုင်ကြတာလည်း သူတို့ရဲ့ ယုံကြည်မှုကြောင့်လို့ ထင်ပါတယ်။ 

ယုံကြည်မှုနဲ့ပဲ လူတွေဟာ သူတို့ ဘ၀တွေကို မောင်းနှင်ရင်း သုခကိုမျှော်ကိုး၊ ဒုက္ခကို ရှောင်ကွင်းနိုင်ဖို့ သံသရာ ခရီးတွေကို နှင်နေကြတာလည်း ဖြစ်ပါတယ်။ 

တနေရာမှာတော့ နတ်ရေကန်ဆိုတာကိုတွေ့ရပြီး လူအများက အဲဒီ နတ်ရေကန်က ရေကို သောက်သုံး ရင် ဆေး ဖက်ဝင်ပြီး ကိုယ်ခန္ဓာက ရောဂါတွေ ပျောက်ကင်းသည် သာမက မကောင်း ဆိုးဝါးတွေရဲ့ ပူး ဝင်နှောက် ယှက်မှု အန္တရာယ်တွေလည်း ကင်းဝေးတယ်လို့ ယုံကြည်ကြတယ်လို့ ဆိုပါတယ်။ 

နတ်ရေကန် အနားမှာလည်း လူတွေက ရေချိုးတာ၊ ရေသုံးတာမျိုး မဖြစ်ရေအောင် တားမြစ်ထားတဲ့ ဆိုင်း ဘုတ် တခုကိုလည်း သတိထားမိပါတယ်။ 

မနေ့က နေ့လယ် ၂ နာရီလောက်က ဒေးစွန်ပါ ရင်ပြင်ပေါ်မှာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲလည်း ရှိသလို စတုဒီ သာ မဏ္ဍပ်တွေလည်း စည်ကားပါတယ်။ 

မနေ့က တန်ဆောင်မုန်းလပြည့်ည ၁၂ နာရီမှာ ဆေးပေါင်း ခ ပွဲကျင်းပခဲ့ပြီး နေ့လယ်ကတည်းက ဒေးစွန်ပါ ရပ်ဝန်း၊ ကျိုက်စွန်ပါ ဘုရားဝန်းမှာ ရဟန်းတွေ၊ ဝေယျာဝစ္စပြု သူတွေလည်း ဘုရားဖူးတွေအတွက် မယ်ဇလီဖူးတွေ ထောင်းပြီး အဆင်သင့်ဖြစ်အောင် လုပ်နေကြတာတွေ့ရတယ်။ 

ဒေးစွန်ပါမှာ နှစ်စဉ်နှစ်တိုင်း နက္ခတ်စုံတဲ့ တန်ဆောင်မုန်းလပြည့်ညတိုင်း အခုလို ဆေးပေါင်းခပွဲ ကျင်းပ
လေ့ရှိ ကြတယ်လို့ သိရပါတယ်။ 

ဒါကြောင့် လောကီရေးရာ ထွက်ရပ်ပေါက် ကျင့်ကြံနေသူတွေ၊ နက္ခတ်ဆရာတွေနဲ့ သူတို့ကို ယုံကြည် သူတွေအတော်များများ လာရောက်ကြတာတွေ့ရပါတယ်။ နိုင်ငံခြားသားတချို့လည်း တွေ့လိုက်ရပါတယ်။ 
သူတို့ကတော့ မြန်မာတို့ရဲ့ ဓလေ့ကို လာလေ့ကြပုံရပါတယ်။

လာရောက်သူတွေကလည်း ဆေးဖက်ဝင် မယ်ဇလီဖူးသုပ်တွေစားပြီး ရောဂါတွေ ပျောက်ကင်းကြတယ်လို့ ယုံ ကြည်ပြီး တပျော်တပါး ရှိနေတာမြင်ရပါတယ်။ 

ယုံကြည်မှုဆိုတာ လူသားတွေအတွက် စိတ်ခွန်အားတခုပါ။ လူတိုင်းမှာ ယုံကြည်ရာ တခု ရှိကြစမြဲပါ။ မည်သည့် ယုံကြည်မှုကို သက်ဝင်သည်ဖြစ်စေ ယုံကြည်မှုတိုင်းကို လေးစားတတ်တဲ့ အကျင့်သည်သာ ယဉ်ကျေးတဲ့ လူ သား ဖြစ်တယ်လို့ နားလည်ပါတယ်။


တော်တောင်တွေထဲ သဘာဝအလှတွေကြားက လမ်းတလျှောက်မြင်ကွင်းတချို့
ယုံကြည်သူများရဲ့  အတက်အဆင်းတွေနဲ့ ဒေးစွန်ပါ ခရီးသည်တွေ 



ဘားမဲ့ဆရာတော်ရဲ့ တရားကျင့်ရာ ဂူနေရာ 





 နတ်ရေကန်လို့ ယုံကြည်သူတွေက ကင်ပွန်းတပ်ထားကြပြီး ဒီနတ်ရေကန်ထဲက ရေကို သောက်လိုက်ရင် အနာရောဂါတွေ ကင်းတယ်လို့ ယုံကြည်ကြတယ်


နတ်ရေကန်အနီးအနား တားမြစ်ချက် ဆိုင်းဘုတ်ကိုလည်း အခုလို ချိတ်ဆွဲထားတယ်။


 လမ်းတလျှောက် မြင်ရတဲ့ ယောဂီဝတ် အလှူခံနေသူ ငယ်ရွယ်သူနဲ့ သက်ကြီး ရွယ်အိုတွေ




 ဆေးပေါင်းခတဲ့ ညအတွက် ပန်းအလှဆင်နေကြသူများ

 ဆေးပေါင်းခတဲ့ ညမှာ ကျွေးမွေးလှူဒါန်းမယ့် မယ်ဇလီဖူးတွေ ထောင်းနေကြပုံ 


အိမ့်သံစဉ် ~ 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved