မြန်မာသတို့သမီးရှာတဲ့ တရုတ်အောင်သွယ်လုပ်ငန်းကို နယ်စပ်မှာ ဟန့်တား

Saturday, November 23, 2013

~


တရုတ်ပြည်ကအမျိုးသားများနဲ့ မြန်မာအမျိုးသမီးတွေ လက်ထပ်ဖို့ တရားမဝင်ကြိုးပမ်းနေတဲ့ အောင်သွယ်တော် အေဂျင်စီတခု လုပ်ငန်းရပ်သွားအောင် မကြာသေးခင်က နှစ်နိုင်ငံ အာဏာပိုင်တွေ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပါတယ် တဲ့။

 


Lee Pin Yee ဆိုတဲ့သူက မြန်မာပြည် မူဆယ်မြို့၊ တရုတ်နိုင်ငံ ရွှေလီ၊ ကျယ်ဂေါင်မြို့တွေမှာ အောင်သွယ်လုပ်ငန်းလက်ကမ်းစာစောင် ဖြန့်တယ်လို့  လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲအရာရှိ ဦးခင်မောင်လှက ပြောပါတယ်။

တရုတ်ပြည်မှာက အောင်သွယ်လုပ်ငန်း အကျိုးဆောင်ပေးခြင်းဟာ သူ့နိုင်ငံသားအချင်းချင်းအတွက်ပဲ ခွင့်ပြုထားတာပါ။

နယ်စပ်က သူ့လုပ်ငန်းရုံးကို ပိတ်ခိုင်းလိုက်တယ်၊ သူ့ကိုလည်း တရုတ်အာဏာပိုင်တွေက သူ့နေရပ်ရင်း ကျင်စုပြည်နယ်ဘက် ပြန်ပို့လိုက်တယ်လို့ ဦးခင်မောင်လှက ပြောပါတယ်။

သူ့အတွက် စကားပြန်လုပ်ပေးနေတယ်ဆိုတဲ့ စစ်ကိုင်းတိုင်းက မမြမြအေး ဆိုသူကိုလည်း အဲဒီ နယ်စပ်ဒေသမှာ မနေဖို့ အာဏာပိုင်တွေက အသိပေးခဲ့ပါတယ် တဲ့။
သူက စကားပြန်ခအဖြစ် လစာ ဒေါ်လာ တရာ ရတယ်လို့ ဆိုတယ်။

သူတို့ဖြန့်တဲ့ လက်ကမ်းစာစောင်က Facebook ထဲ ရောက်လာပြီးနောက်မှာတော့ ပွဲဆူခဲ့တာ တွေ့ကြရမှာပါ။

တရုတ်ပြည်ဘက်က ဥပဒေမှာလည်း အဲဒီလို နယ်စပ်ဖြတ်ကျော်အောင်သွယ်မှုဟာ တရားမ၀င်ပါဘူး တဲ့။
အမျိုးသမီးတွေ တရုတ်ပြည်ထဲ လူကုန်ကူးခံရနိုင်လို့ပါ။

ကံကောင်းတယ်လို့ ဆိုရမယ်၊ အထက်ပါ အောင်သွယ်တော်က (မြန်မာပြည်ဘက်မှာ) ဖောက်သည် တယောက်မှ မရလိုက်ဘူး လို့ ဦးခင်မောင်လှ ပြောပြပါတယ်။ ဒါကတော့ ဧရာဝတီသတင်းစာမျက်နှာမှာ တွေ့ရတဲ့ Police Close Chinese Marriage-Fixing Agency on Burma-China Border  ကို ပြန်ညွှန်းတာပါ။
မူရင်းဖတ်ဖို့ ဆိုရင် http://www.irrawaddy.org/burma/police-close-chinese-marriage-fixing-agency-burma-china-border.html မှာ ဖတ်နိုင်ပါတယ်။

တရုတ်ပြည်မှာ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် ပိုများနေပါတယ်။ မိသားစုတခုကို ကလေးတယောက်နှုန်းပဲ ယူခွင့်ပေးခဲ့တဲ့အကျိုးဆက်ကြောင့်ပါ။

သတို့သမီး လိုတဲ့အတွက် မြန်မာပြည် အပါအ၀င် အိမ်နီးချင်းနိုင်ငံတွေက အမျိုးသမီးတွေကို တရုတ်ပြည်တွင်းကအမျိုးသားတွေနဲ့ လက်ထပ်ရေး အစီအစဉ်တွေ နည်းလမ်းမျိုးစုံနဲ့  ပေါ်လာပါတော့တယ်။

ဒီနည်းနဲ့ မြန်မာအမျိုးသမီးအများအပြားက လူကုန်ကူးသူတွေရဲ့ ပစ်မှတ် ဖြစ်လာပါတော့တယ်။

လူကုန်ကူးမှု ဟန့်တားဖို့ လိုအပ်တယ် ဆိုတာကို ပြည်တွင်းနဲ့နိုင်ငံတကာ NGO အဖွဲ့အစည်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကြိုးပမ်းချက်ကြောင့် အများပြည်သူက တဖြည်းဖြည်း သဘောပေါက်လာပါပြီ။
ဒါကြောင့် လူကုန်ကူးခံရမှု ပမာဏက လျော့နည်းလာတယ်လို့တော့ ဆိုနိုင်ပါပြီ တဲ့။

ဒီနှစ်ထဲမှာ လူကုန်ကူးမှု ၈၄ မှုကို မှတ်တမ်းတင်၊ စုံစမ်း ထောက်လှမ်းနိုင်ခဲ့တယ်၊ မြန်မာအမျိုးသမီး ၅၀ ထက် မနည်းကို နေရပ်ရင်းပြန်ရောက်ရေး စီစဉ်ပေးနိုင်ခဲ့တယ် လို့ သိရပါတယ်။

Police Close Chinese Marriage-Fixing Agency on Burma-China Border
http://www.irrawaddy.org/burma/police-close-chinese-marriage-fixing-agency-burma-china-border.html



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved