"တို့အမျိုးအဆွေ၊ အနွယ်တွေရဲ့နေ့"

Wednesday, November 27, 2013

~


  သားက အမျိုးသားနေ့ ဆိုတာ ဘာလဲ လို့မေးပါတယ်။ အမျိုးသမီးများနေ့ မှာ ရော ကျောင်းဘယ်နှစ်ရက် ပိတ်သလဲ လို့မေးပါတယ်။



သားလေး သူငယ်တန်းမှာ အမေရိကားမှာ ကျောင်းတတ်ခဲ့တဲ့ ကာလ တုံးက သားကို သူတို့ကျောင်းက သားနေတဲ့ အာကန်စော စတိတ်ရဲ့အကြောင်းကို သမိုင်းကြောင်းနဲ့ တကွ
သင်ပေးသလို၊  သူတို့ ဆီက ကျေးဇူးတော်များနေ့၊   ဘာနေ့၊ ညာနေ့ ဆိုရင် လည်း Craft လေးတွေ လုပ်ပြကြ၊  အိမ်ကို အိမ်စာ အဖြစ် မိဘနဲ့ အတူတူ လုပ်ဖို့
ထည့်ပေးကြနဲ့ ကလေးတို့ မသိရင် သိအောင်၊  နားလည်အောင် လုပ်ပေးကြပါတယ်။

ကျွန်မတို့ ဆီမှာတော့ ကလေးတွေဟာ အမျိုးသားနေ့ ဆိုရင် ဘာမှန်းမသိကြတော့ပါဘူး။
ကျွန်မ ကလေးတွေ ဖတ်ဖို့ အမျိုးသားနေ့ အကြောင်းရေးထားပါတယ်။ ( ခုနှစ်နှစ်ကနေ ဆယ်နှစ်အတွင်း) ဖတ်ဖို့ ရည်ရွယ်တာမို့ စကားလုံးတွေ၊  အဖြစ်ပျက်တွေ
တော်တော်များများကိုလျှော့ချထားပါတယ်။
လူသုံးများတဲ့ Facebook မှာလည်း မျှဝေ ဖတ်ရှုနိုင်၊  ရှယ်နိုင်ပါတယ်။
ကျွန်မကိုယ်တိုင် ကြိုးစားရေးထားတာမို့ ကျွန်မရေးတယ် ဆိုတာလောက်ကိုတော့ စာရေးသူကို
အသိမှတ်ပြုသောအားဖြင့် ထည့်ပေးစေချင်ပါတယ်။ ရှယ်နိုင်တယ်၊  ကော်ပီမကူးပါနဲ့လို့ မေတ္တာရပ်ခံတာပါ။ 

ခေတ်ဘုန်းသစ်


ကလေးများအတွက် အမျိုးသားနေ့

သားရေ...

ရွှေတိဂုံ ဘုရားရောက်တိုင်း မေမေတို့ သွားသွား ကြည့်တဲ့ ကျောင်းသားကြီးဆယ့်တစ်ဦးရဲ့ သွေးသစ္စာ သောက်ပွဲအကြောင်းရေးထားတဲ့ ကျောက်စာကို မှတ်မိတယ် မဟုတ်လား။
ဒီကျောက်စာဟာ မေမေတို့ မြန်မာ့ သမိုင်းမှာ အင်မတန် အရေးကြီးတဲ့ အမျိုးသားနေ့ နဲ့ အမျိုးသားကျောင်း ဆိုတာတွေ ပေါ်လာခဲ့ရတဲ့ ကျောက်စာမှတ်တိုင်ကြီးပဲကွဲ့။
ပထမ ကျောင်းသားသပိတ်ကြီးကို ဆင်နွှဲဖို့အတွက် ဒီကျောင်းသားကြီး ဆယ့်တစ်ဦးဟာ ရွှေတိဂုံဘုရားမှာ သစ္စာပြုခဲ့ကြတယ်။

သားက မေမေ့ကို မေးတယ်နော် ။ အမျိုးသားနေ့ ဆိုတာ ဘာလဲ တဲ့။ အမျိုးသမီးနေ့မှာရော ကျောင်းတွေ ဘယ်နှစ်ရက်ပိတ်မှာလဲတဲ့။
အမျိုးသားနေ့ကျတော့ ဘာလို့ကျောင်းက တစ်ရက်ပဲ ပိတ်တာလဲ တဲ့။ သားက အမျိုးသားနေ့ ဆိုတာကို သားတို့ရဲ့ ယောင်္ကျားလေးတွေရဲ့နေ့လို့ထင်နေပုံရတယ်။

တကယ်တော့ အမျိုးသား ဆိုတဲ့အဓိ
ပ္ပာယ်ဟာ သားသိထားတဲ့ အမျိုးသား(ယောက်ျားလေး) ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး ။ တို့ မြန်မာလူမျိုး၊  မြန်မာတိုင်းရင်းသားတွေ၊   တို့အမျိုးအဆွေ၊  အနွယ်တွေရဲ့နေ့လို့ အဓိပ္ပာယ်ရတယ် ကလေးရဲ့။

သားကို မေမေပြောဖူးတယ် မဟုတ်လား။ သီပေါမင်းကြီးကို အင်္ဂလိပ်တွေဖမ်းသွား ခဲ့တဲ့ အကြောင်းလေ။
အဲဒီအချိန်ကတည်းကိုက မေမေတို့ မြန်မာပြည်ကြီး တစ်ခုလုံးကို အင်္ဂလိပ်တွေက အုပ်ချုပ်ခဲ့တာပေါ့။
သားဖေဖေနဲ့ မေမေတို့ တက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ဆိုတာကြီးကလည်း အင်္ဂလိပ်တွေ ဆောက်ခဲ့တဲ့ကျောင်းကြီးပဲ။ အဲဒီအချိန်တုံးက ရန်ကုန်တက္ကသိုလ် မဟုတ်ဘူး။
ရန်ကုန် ကောလိပ် ဆိုတာပဲ ရှိသေးတယ်။ ကောလိပ် ဆိုတာက တက္ကသိုလ်ထက်အဆင့်ပိုနိမ့်တယ်လေ။ အဲဒီအချိန်တုံးက မေမေတို့ မြန်မာပြည်မှာ ရန်ကုန်ကောလိပ် နဲ့
ဂျက်ဆင်ကောလိပ် ဆိုတဲ့ ကောလိပ်နှစ်ခုပဲ ရှိသေးတာကိုး။ ပြီးတော့ အဲဒီ့ ကောလိပ်တွေကလည်း အိန္ဒိယနိုင်ငံက ကာလကတ္တားတိုင်းပြည်ရဲ့ လက်အောက်ခံ ဖြစ်နေတယ်။
သင်ရတဲ့ စာတွေကလည်း သူတို့ကလကတ္တားက ချမှတ်ထားတဲ့ အတိုင်းသင်ကြရတယ်။ စာမေးပွဲဆိုလည်း ကာလကတ္တားက ထုတ်တဲ့ မေးခွန်းအတိုင်းပဲဖြေကြရတယ်။
ဒီ သင်ရတဲ့ စာတွေဟာ မေမေတို့ မြန်မာပြည်က ကျောင်းသားတွေ၊  မေမေတို့ တိုင်းပြည်ရဲ့လိုအပ်ချက်တွေနဲ့ မကိုက်ဘူးပေါ့ကွယ်။
ဒီတော့ ကျောင်းသားတွေဟာ ကျောင်းသွားပြီးတော့သာ စာသင်ရတယ် သိပ်ပြီးတော့ အကျိုး မရဘူးပေါ့။

ဒါနဲ့ ကောလိပ် အဖြစ်ကနေ တက္ကသိုလ်အဖြစ်တိုးပေးဖို့၊  ကိုယ့်တိုင်း ကိုယ့်ပြည်နဲ့ကိုက်ညီတဲ့ ကိုယ့်ရဲ့ သင်ရိုးညွှန်းတန်းကို ကိုယ့်ဖာသာ သီးသန့်ထားရှိသင်ယူဖို့အတွက် ၀ိုင်အမ်ဘီအေ အသင်းကြီး ကနေ ဦးဆောင်ပြီေးတာ့ ၀ိုင်းပြီးတော့ တောင်းဆို ဆန္ဒပြကြတာပေါ့။
အင်္ဂလိပ် အစိုးရလည်း တက္ကသိုလ်ကြီး ဖွဲ့စည်းမယ် ဆိုပြီးတော့ ယူနီဗာစတီ အက်ဥပဒေကို ရေး တယ်။

ဒါပေမယ့် ကလေးရေ... အင်္ဂလိပ်ရေးတဲ့ ဥပဒေ ထဲမှာ သင်ရမယ့် စာတွေက စာတွေ့သာ များတယ်၊ လက်တွေ့ သင်ခန်းစာတွေ သိပ်မပါဘူးကွဲ့။
သိပ္ပံဘာသာရပ်လို အရာမျိုးဟာ စာတွေ့ထက် လက်တွေ့ပါမှသာ အကျိုးရှိတဲ့ ဘာသာရပ်တွေလေ။ အခြေခံကို ကျကျနနသိရှိဖို့လည်း လိုသေးတာကိုး။
ဒါမှသာ နောက်ထပ် တီထွင်ချင်တာ၊  ကြံဆချင်တာကို တီထွင်ကြံဆ နိုင်မှာပေါ့။ ဥပမာ ပြောရရင် သားကို မေမေက မိုးရွာတဲ့ အကြောင်း (water cycle) အကြောင်းကို ပါးစပ်က ပြောပြတုန်းက သားဘယ်မှာ သေသေချာချာ နားလည်လို့တုန်း။ မေမေက မိုးရွာတာကို သားနဲ့ အတူတူ လက်တွေ့စမ်းသပ်လုပ်ပြလိုက်တော့ သားနားလည်သွားတယ် မဟုတ်လား။
အဲလိုပဲလေ..စာတွေချည်းပဲ ဖတ်နေရမယ်ဆိုရင် သိပ္ပံဘာသာရပ်များဟာ နားလည်ဖို့ ဘယ်လွယ်လိမ့်မတုံး။
ပရယ်တီကယ်လို့ခေါ်တဲ့ လက်တွေ့ စမ်းသပ်ခန်းတွေဟာ တက္ကသိုလ်တစ်ခု အတွက် သိပ်လိုတာပေါ့။
ဒါပေမယ့် မေမေတို့ မြန်မာပြည်အတွက် ဖွင့်မယ့် တက္ကသိုလ်ကြီးမှာတော့ ၀မ်းနည်းစရာကောင်းအောင်ပဲ ဒီလို လက်တွေ့စမ်းသပ်ခန်းတွေဟာ လုံလုံလောက်လောက် ပါမလာခဲ့ပါဘူး။
ဘွဲ့ရရင် အစိုးရရုံးတွေမှာ လစာကောင်းကောင်းနဲ့ ၀န်ထောက်ဖြစ်မယ် ဆိုတဲ့ ရည်မှန်းချက်လောက်ကိုပဲ ထားပြီးတော့ သင်တဲ့ကျောင်း ဖြစ်နေတယ်လေ။

ပြီးတော့ တက္ကသိုလ်တတ်ဖို့အတွက် ကျောင်းစာရိတ်ကလည်း သိပ်ကြီးဆိုပဲ။ အဲဒီခေတ်က ရုံးစာရေးလစာ တစ်လ ငါးဆယ်ရတယ် ဆိုရင် တက္ကသိုလ်ရဲ့ ကျောင်းလခ ဟာလည်း
တစ်လ ငါးဆယ်လောက် ရှိသတဲ့။
သာမန်လက်လုပ်လက်စား အောက်ခြေက အလုပ်သမားတွေရဲ့ သားသမီးတွေ အတွက်တော့ တက္ကသိုလ်တက်ဖို့ ဆိုတာ အဝေးကြီးမှ တကယ့် အဝေးကြီး ဖြစ်နေတာပေါ့ကွယ်။
အံမယ် .... နေရတာကတော့ တကယ့် အပျံစားပဲ။ ကျောင်းဆောင်တွေမှာ ထမင်းချက်က အဆင်သင့် ချက်ပေးထားတာကို အနားက စားပွဲထိုး ဘွိုင်ကုလားက ချပေးတာ။
စားရတာလည်း အပျံစားပဲ လို့ ကြားဖူးတာပါပဲ။ (အင်း ..အဲဒီခေတ်က လူတွေ ပြောတာကတော့ အင်္ဂလိပ် အစိုးရက တက္ကသိုလ်ကျောင်းသားတွေကို တမင် စိတ်ကြီးဝင်သွားအောင်လို့ ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ခဲ့တာလို့) ဆိုတယ်။

သတင်းစာတွေကလည်း ဒီတက္ကသိုလ်အက်ဥပေဒကို ကန့်ကွက်ကြ၊  ဆန္ဒတွေပြကြ   လုပ်ပေမယ့်လည်း အင်္ဂလိပ် အစိုးရဟာ အဲဒီအက်ဥပဒေကို အတည် ပြုလိုက်တယ်ကွဲ့။

ကျောင်းသားတွေ၊  ပြည်သူတွေက ဘယ်ကျေနပ်လိမ့်မတုန်း။ ဒါနဲ့ ကျောင်းသားကြီး ဆယ့်တစ်ဦးတို့ဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ဆယ်တင်ဖို့အတွက် မေမေနဲ့သားသားတို့
အမြဲသွားကြည့်တဲ့ ရွှေတိဂုံ စေတီ အနောက်တောင် ထောင့်(စနေထောင့်) က ဗောဓိပင်မှာ ပထမ ကျောင်းသားသပိတ်ကို မှောက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
နောင်တစ်ချိန်လူထုဒေါ်အမာ ဖြစ်လာမယ့် ကျောင်းသူလေး မအမာကတောင်မှ ကျွန်စိတ်မွေးတဲ့ တက္ကသိုလ်မှာ မနေလိုလို့ ထွက်ခဲ့တာ အစချီတဲ့ ကျောင်းသားသပိတ် သီချင်းလေးကို စပ်ဆိုခဲ့တယ်။ အဲဒီ့ခေတ်က အဲဒီ့သီချင်းဟာ သိပ်ခေတ်စားခဲ့တဲ့ သီချင်းပေါ့။

အဲဒီသပိတ်ကို အကြောင်းပြုပြီးတော့ အမျိုးသားကျောင်းတွေ ပေါ်လာတော့တာပါပဲ။ အမျိုးသားကျောင်း ဆိုတာက တခြားမဟုတ်ဘူး။ မျိုးချစ်စိတ်ရှိတဲ့ ပိုက်ဆံရှိတဲ့ သူတွေ၊ 
ပညာတတ်တွေ ဦးဆောင်ပြီးတော့ ဖွင့်တဲ့ကျောင်းမျိုးပေါ့။ ဟိုးအရင်ကဆို တောနယ်တွေက ကျောင်းတွေမှာ အင်္ဂလိပ်စာ ဆိုတာ မသင်ကြရဘူး။
သားတို့ ဒီခေတ်မှာ အင်္ဂလိပ်ကျောင်းတွေ (ဘိုကျောင်း) တွေကို သွားတတ်တဲ့ ကလေးတွေက အင်္ဂလိပ် စာကောင်းသလိုပဲ စိန်ပေါလ်၊  စိန်ဂျွန်း၊  စိန်ဖလိုး စတဲ့ သာသနာပြုကျောင်းမှာထားကြတဲ့ ကလေးတွေက အင်္ဂလိပ်စာ ကောင်းကြတယ်။
ဒီကျောင်းသားသပိတ်ကြောင့် အမျိုးသားကျောင်းတွေ ပေါ်လာတော့မှပဲ ခေတ်မီ တက္ကသိုလ် ကျောင်းသားများနဲ့ အမျိုးသားကျောင်းဆရာကြီးများဟာ မြန်မာစာသာမက ကလေးတွေကို အင်္ဂလိပ်စာတွေပါသင်ပေးကြတယ် ကွဲ့။

အမျိုးသားနေ့ဟာ တကယ်တော့ မြန်မာပညာရေးသမိုင်းကြောင်းမှာ အစိုးရရဲ့ ပညာရေးစနစ်ကို တော်လှန်ခဲ့တဲ့ နေ့ကြီးတစ်နေ့ပဲ။
ဒီသပိတ်ကို အကြောင်းပြုပြီးတော့ မြန်မာတို့ရဲ့ နိုင်ငံရေး စိတ်တွေ ရှင်သန်ခဲ့ရသလို၊  ဒီသပိတ်ကမွေးဖွားပေးလိုက်တဲ့ နိုင်ငံရေးသမားကြီးတွေ၊  မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေလည်း ပေါ်လာခဲ့ရတယ်။

ဒါကြောင့် အမျိုးသားနေ့ဟာ မေမေတို့ မြန်မာ့ သမိုင်းမှာ ဖျောက်ဖျက် ပစ်လို့ မရတဲ့ နေ့တစ်နေ့ပါပဲ။
ကဲ.. ဒီလောက်ဆို မေမေ့သားလေး "အမျိုးသားနေ့ ဘယ်လို ပေါ်လာသလဲ" ဆိုတာကို သိပြီပေါ့။

ခေတ်ဘုန်းသစ်


.
  • ဧရာဝတီ Facebook
www.facebook.com/irrawaddyblog

  • ဧရာဝတီ Twitter
https://twitter.com/IrrawaddyBlog

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved