ဆီချက်ခေါက်ဆွဲ နှစ်ပွဲ

Saturday, November 2, 2013

~


 

ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ ဘယ်ဆိုင်တွေ ကောင်းသလဲ၊ စားလို့ အဆင်ပြေမလဲ မေးရင် ဘဲလေး ဆိုတဲ့ စားသောက်ဆိုင်ကိုလည်း ညွှန်းရပါလိမ့်မယ်။



ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မော်လမြိုင်ကနေ ရန်ကုန်ကိုလာတော့ အဲဒီမှာ ရပ်ပါတယ်။
စီးလာတာ မန္တလာမင်းကားလိုင်းပါ။ ခါတိုင်း ဒီကားတွေက တခြားဆိုင် ရပ်တယ်၊ ခရီးသည်တို့ရဲ့ တောင်းဆိုချက်အရ ဒီဆိုင်မှာ လာရပ်ရတယ် လို့ ဆိုင်ဝန်ထမ်းတဦးက ဆိုပါတယ်။ သူပြောတာ မှန်ကောင်း မှန်ပါလိမ့်မယ်။

သေချာတာကတော့ ဒီဆိုင်ဟာ အဲဒီလမ်းပေါ် ကျနော် စားဖူးသမျှဆိုင်တွေနဲ့ ကောင်းကောင်း ယှဉ်နိုင်တဲ့ဆိုင်ပါပဲ။

ဒီဆိုင်က ရန်ကုန်က လာရင် ကျိုက်ထိုမြို့အ၀င်မှာ ရှိတယ် လို့ ဆိုင်ဝန်ထမ်းတဦးက ပြောပါတယ်။
သီတင်းကျွတ်လပြည့်နေ့က ဆိုရင် ကားရပ်စရာနေရာတောင် သိပ်မကျန်ဘူး၊ ဆန်က ၁၃ တင်း ချက်ရတယ်၊ လူ မတရား ကျတယ်လို့ သူက ထပ်ပြောပါသေးတယ်။

ဆိုင်မှာ ရွေးချယ်စရာ အစားအသောက်က တော်တော်များပါတယ်၊ စားလို့လည်း အဆင်ပြေမယ့်ပုံရှိပါတယ်။

စားသောက်တဲ့အခါ အန္တရာယ်ကင်း စိတ်ချရမယ်လို့ ကျနော် ယူဆတဲ့ ကြက်သား ဆီချက်ခေါက်ဆွဲ မှာစားပါတယ်။

ရောက်လာတဲ့ဆီချက်ခေါက်ဆွဲက ပြင်ဆင် ချက်ပြုတ်ထားတာ ရန်ကုန်စတိုင်ပါပဲ။
ဆီလည်း နည်းနည်း များပါတယ်။ ဆီများများ ထည့်ထားခြင်းဟာ ပရိသတ်အကြိုက် လိုက်ထားတာလည်း ဖြစ်နိုင်ပါတယ်။
စင်းထားတဲ့  ဂေါ်ဖီထုပ်၊ သခွားသီး နည်းနည်းကို အချဉ်သဘော တွဲချပေးပါတယ်။ အချဉ်ကတော့ ရန်ကုန်စတိုင် မဟုတ်ပါ။ ရန်ကုန်မှာဆိုရင် ခရမ်းချဉ်သီးဆော့စ်လို့ ဆိုကြတဲ့ အနီရောင်ရဲတွတ်တွတ် ဆမ်းထားပါလိမ့်မယ်။
ဒီအချဉ်က အနီရောင် မဟုတ်ပေမယ့် စားလို့ အဆင်ပြေပါတယ်။



 ဆိုင်နာမည်နဲ့ လျော်ညီစွာပဲ .... ခန့်ထားတဲ့ စားပွဲထိုးဝန်ထမ်းတွေက ဘဲလေးတွေချည်းပါပဲ။
ဆိုင်ရှင်လို့ ယူဆရသူက ဆိုင်ဝန်ထမ်းနှစ်ယောက်လောက်ကို ခေါ်ယူပြီး နည်းနည်းပါးပါး မြည်တွန်တောက်တီးနေတာ တွေ့ရပါတယ်။ တခုခု မှားယွင်းလို့ သို့မဟုတ် နားလည်မှု လွဲချော်နေလို့ဖြစ်ပါလိမ့်မယ်။
စားပွဲထိုးဝန်ထမ်းတွေရဲ့ ဆက်ဆံရေးလည်း အဆင်ပြေတယ်လို့ ဆိုရပါမယ်။ ဒါကတော့ ထုံးစံပါပဲ။ စားပွဲထိုးတွေ ဆိုတာ အများစုက ဖောက်သည်များနဲ့ အဆင်ပြေအောင် နေထိုင်တတ်ကြသူတွေပါ။ ကဲ ... ဒီဆိုင်ကနေ ထွက်၊ ကားပေါ်တက်ကြပြီ။

စီးလာတဲ့ မော်လမြိုင်ညကား ဆက်ထွက်လာတော့ ရန်ကုန်ကို အစောကြီး ရောက်ပါတယ်။ ပဲခူးမြို့မှာဆင်းမယ့်ခရီးသည်မပါလို့၊  မန္တလာမင်းကားတွေရဲ့ ထုံးစံအတိုင်း ကားသစ်ဖြစ်နေလို့ ရန်ကုန်ကို မြန်မြန် ရောက်လာပုံပါပဲ။
အောင်မင်္ဂလာကားဂိတ်ကိုရောက်တော့ မနက် ၂း၂ဝ ပဲ ရှိပါသေးတယ်။ အဲဒီမှာ လူနဲ့ကုန်ပစ္စည်းနည်းနည်း ချတယ်။
ပြီးတော့ ကားက ရန်ကုန်မြို့အတွင်းပိုင်း ကျိုက္ကဆံကွင်းနားအထိ ဆက်မောင်းလာပါတယ်။ အဲဒီကိုရောက်တော့ ၃းဝဝ စွန်းစွန်းပါ။

အင်း  ... ဒီအချိန် အိမ်တံခါးသွားခေါက်ရင် အိမ်ကလူတွေရော၊ အိမ်နီးချင်းတွေ အိပ်ရေးပျက်တော့မှာပဲ ဆိုပြီး အနားမှာရှိတဲ့ ထူးသန်းကြွယ် လက်ဘက်ရည်ဆိုင် သွားထိုင်ဖြစ်ပါတယ်။
ဆိုင်က မနက် ၃း၀၀ မှာ ဖွင့်တာလား၊ ၂၄ နာရီ ဖွင့်တာလား မမေးမိပါ။
မနက် ၃း၀၀ မှာ ဖွင့်တယ်လို့တော့ ထင်ပါတယ်။

ဆိုင်မှာ ရနိုင်တဲ့ အမယ်များလှစွာသော စားစရာတွေထဲက ဆီချက်ခေါက်ဆွဲကိုပဲ ရွေးမိပါတယ်။
ခရီးသွားချိန် ဗိုက်ပြဿနာ မတက်ချင်လို့ ဆီချက်ကိုပဲ ရွေးဖြစ်တာပါ။
ခေါက်ဆွဲနဲ့အတူ ရောက်လာတဲ့ ကြက်သွန်နီ ခရမ်းချဉ်သီးဆော့ဆမ်းကိုတော့ မထိ မတို့ဖြစ်ပါ။
ခေါက်ဆွဲရဲ့ အရသာကတော့ ကောင်းပါတယ် လို့ ဆိုရပါမယ်။ ဆီလည်း ပုံမှန်ထက် လျှော့ထည့်ထားပါတယ်။

ကဲ ... ကျနော့်လိုပဲ မော်လမြိုင်ကနေ အဲဒီကား စီးလာပြီး မနက် အချိန်မတော် ကျိုက္ကဆံကွင်းနား ရောက်လာလို့ လိုရာခရီး မဆက်ဖြစ်သေးဘူး ဆိုရင် အဲဒီ လက်ဘက်ရည်ဆိုင်က သေချာပေါက် သွားထိုင်ပြီး ယာယီ ကျောက်ချသင့်တဲ့ နေရာပါပဲ။
ဆီချက်ခေါက်ဆွဲလည်း မှာစားချင် စားပေါ့။ တခြား ရွေးချယ်စရာများလည်း ရှိပါတယ်။
မနက် အချိန်မတော် ဆိုသော်ငြားလည်း စားသုံးသူတချို့ ရှိနေတာ တွေ့ရပါမယ်။ စားလည်းစား၊ ဆေးလိပ်လည်း သောက်တတ်ကြတာကြောင့် ဆေးလိပ်မနှစ်သက်သူများကို ဆေးလိပ်မီးခိုးက သေချာပေါက် ဒုက္ခပေးပါလိမ့်မယ်။
ဒါက ပြဿနာ ဆိုသော်ငြားလည်း သည်းခံနိုင်မယ်လို့ ယူဆပါတယ်။ မြန်မာပြည်မှာ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်ဆိုတာ ဆေးလိပ်ငွေ့နဲ့မှ ကင်းလို့မှ မရပဲ။ မကြိုက်လည်း ရှူ၊ ကြိုက်လည်း ရှူ။

အင်း ... ပြောချင်တာက ဆေးလိပ်ငွေ့ ကောင်းကြောင်း/မကောင်းကြောင်း မဟုတ်ပါဘူး၊ ပြောချင်တာက ဆီချက်ခေါက်ဆွဲအကြောင်းပါ။
ဆီချက်ခေါက်ဆွဲကို အတော်များများက ဆီချက်လို့ အတိုကောက် ခေါ်ကြပါတယ်။
အဲဒီခေါက်ဆွဲမျိုး ရောင်းသူကိုတောင် မိတ်ဆွေတွေက ဆီချက်လို့ နာမည်ပြောင် ပေးတတ်ကြတာပါ။



 ရန်ကုန် ဆီချက်နဲ့ ကျနော်ကြီးပြင်းရာ ရှမ်းပြည်နယ်က ဆီချက် နည်းနည်းလေး ကွဲပါတယ်။ ကျနော်ကတော့ ရှမ်းပြည်နယ်က ဆီချက်ကို ပိုပြီး နှစ်သက်ပါတယ်။
အဲဒီအကြောင်း ကြုံကြိုက်တဲ့အခါ ပြန်လည်တမ်းတပြီး ရေးပါအုံးမယ်။

ရန်ကုန်ဆီချက်ဟာ တောသားတွေ ဘယ်လိုပဲ အထင်မကြီးသည်ဖြစ်စေ ပန်းပန်လျက်ပါပဲ။ ဥပမာ ... ဖြိုး ဆီချက် ဆိုတဲ့ ဆိုင်က ဆိုင်ခွဲတွေ အများအပြား ရန်ကုန်မှာ ဖွင့်ထားတာကို ကြည့်ပါ။
ဧရာဝတီသတင်းဌာန ရန်ကုန်ရုံးက မဖြိုးသူထက်က အဲဒါ သူ့ဆိုင် မဟုတ်ဘူးလို့ ဆိုပါတယ်။ နာမည် တူသွားတာပါ တဲ့။
ဒါဆို သတင်းထောက် ကျော်ဖြိုးသာရဲ့ ဆိုင်များ ဖြစ်နေမလား။
သူတို့ဆိုင်မဟုတ်ဘူး ဆိုလည်း ဖြိုးဆီချက်က စားလို့ အဆင်ပြေမယ့်သဘော ရှိပါတယ်။
ဆိုခဲ့သလိုပဲ ... ဆိုင်ခွဲတွေ အများကြီး ဖွင့်ထားတယ်ဆိုတော့ သာမန်အရသာထွက်သောဆီချက် မဟုတ်တာကြောင့် အောင်မြင်နေတာလို့ ဆိုရမယ် ထင်ပါတယ်။

ဒီတခေါက် ဆီချက်ခေါက်ဆွဲအကြောင်းကတော့ ဒီလောက်ပါပဲ။
နောင်မှပဲ ဆီချက်ခေါက်ဆွဲ ချက်နည်းပြုတ်နည်း နိဿရည်းကို ရေးပါအုံးမယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved