လိင်တူချစ်သူတို့အပေါ်မန္တလေးရဲ ပြုမူပုံ အခြေခံဥပဒေနဲ့မကိုက်ညီ

Monday, November 25, 2013

~


  
မန္တလေးတိုင်းရဲတပ်ဖွဲ့က လိင်တူချစ်သူတချို့ကို ဖမ်းဆီး၊ စော်ကားခဲ့မှုဟာ  ၂၀၀၈  အခြေခံဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ မြန်မာ LGBT အခွင့်အရေးဆိုင်ရာကွန်ယက်က သောကြာနေ့မှာ သတင်းထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။

 

သောကြာနေ့က ရန်ကုန်မှာ ပြုလုပ်တဲ့ ဆန့်ကျင်ဘက်လိင် ကဲ့သို့ ၀တ်စားနေထိုင်သူများအတွက် အမှတ်တရနေ့ မီးထွန်းဆုတောင်းပွဲ မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


အခြေခံဥပဒေ အပိုဒ် ၃၄၇၊  ၃၅၃ တို့မှာ - နိုင်ငံသူ နိုင်ငံသားတိုင်း ... ပုဂ္ဂလိကလွတ်လပ်ခွင့်၊ အသက်အိုးအိမ်စည်းစိမ်နှုင့် လုံခြုံရေးကို မထိပါးရဆိုပြီး  အတိအလင်း ပြဌာန်းထားတာကို အဲဒီကွန်ရက်က ထောက်ပြထားပါတယ်။

ဖတ်ရတာ ပျင်းစရာကောင်းတဲ့၊ လူကြိုက်နည်းလွန်းတဲ့ ၂၀၀၈ အခြေခံဥပဒေက တခါတလေတော့လည်း အသုံးတည့်သားပဲ ဆိုတာ ဒီသတင်းထုတ်ပြန်ချက်ကိုကြည့်ရင် သိနိုင်ပါလိမ့်မယ်။

(မန္တလေးတိုင်းရဲတပ်ဖွဲ့နဲ့ လိင်တူချစ်သူတချို့ ပဋိပက္ခ ဖြစ်ပွားခဲ့ပုံအကြောင်း ဧရာဝတီသတင်းတပုဒ်မှာ ဖတ်နိုင်ပါတယ်။
လင့်က http://burma.irrawaddy.org/%E1%81%80_discrimination/2013/07/10/44117.html ဖြစ်ပါတယ်။
ခေါင်းစဉ်က - မန္တလေးတွင် မိန်းမလျာများကို ဆက်တိုက် ဖမ်းဆီး)

လူချစ်လူခင်များတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီသတင်းထုတ်ပြန်ချက်ထဲမှာ ကိုးကားထားတာ တွေ့ရမှာပါ။

မြန်မာပြည်မှာ လိင်တူချစ်ခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားရာကနေ ပယ်ဖျက်ပေးဖို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က  တိုက်တွန်းကြောင်း အဲဒီကွန်ရက်က ထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က HIV/ AIDS နဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ညီလာခံကို  ပေးပို့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ ဖော်ပြထားတယ်လို့ ကွန်ရက်က ဆိုပါတယ်။

ကွန်ရက်ရဲ့ သတင်းထုတ်ပြန်ချက်ကို တိတိကျကျ ပြည့်ပြည့်စုံစုံ ကူးယူ ဖော်ပြလိုက်ပါတယ်။

ဆက်စပ်သတင်းများ




မြန်မာ LGBT အခွင့်အရေးဆိုင်ရာကွန်ယက်

-------------------------------------------------------------------------

                                                 ၂၂၊ နိုဝင်ဘာလ၊ ၂၀၁၃

မြန်မာနိုင်ငံတွင် လိင်တူချစ်မှုရေးရာအား ရာဇဝတ်မှုအဖြစ် သတ်မှတ်အရေးယူနိုင်သည့် ဥပဒေများအား ပယ်ဖျက်ရေးကို တိုက်တွန်းခဲ့သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို ကြိုဆိုထောက်ခံခြင်း

မကြာမီရက်ပိုင်းအတွင်းက မြန်မာနိုင်ငံတွင် လိင်တူချစ်ခြင်းအား ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားခြင်း ကိုပယ်ဖျက်ရန် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းတောင်းဆို ခဲ့သည့်အပေါ် ကျွန်ုပ်တို့ မြန်မာ LGBT အခွင့်အရေးဆိုင်ရာကွန်ယက်အနေဖြင့် လှိုက်လှဲစွာ ကြိုဆိုအပ်ပါသည်။

လူထုခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပါတိုက်တွန်းတောင်းဆိုမှုသည် မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းအတွင်း လိင်တူချစ်ခင်မှုများအပေါ် မုန်းတီးပြီး ခွဲခြားဆက်ဆံလိုသည့် အမြင်အစွဲများ ပပျောက်သွားနိုင်စေရန်နှင့် လိင်တူချစ်သူများအား လူ့အခွင့်အရေးအရ တန်းတူထားကာ လေးစား သမှုဖြင့် အသိအမှတ်ပြုမှုများ ရလာစေရန် တွန်းအားသဖွယ် ဖြစ်စေသည့် သိသာထင်ရှားသော ရှေ့ခြေလှမ်းတစ်ရပ် သဖွယ်လည်း ဖြစ်ပေသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်၊ အင်္ဂါနေ့က HIV/ AIDS နှင့် ပတ်သက်သည့် ကမ္ဘာ့ကုလသမဂ္ဂ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ညီလာခံသို့ ပေးပို့သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း တွင် လိင်တူချစ်မှုအပေါ် ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည့် ဥပဒေများ ရှိနေခြင်းက လိင်တူချစ်သူများအကြား HIV/ AIDS ကုသရေးမှာ အခက်အခဲ အဟန့်အတား ဖြစ်နေကြောင်း၊ လိင်တူချစ်သူများအကြား HIV/AIDS ကူးစက်ပြန့်ပွားမှုနှုန်းမှာ  အမြင့်ဆုံးတွင် ရှိနေပြီး ထိုသို့ ဖြစ်နေရခြင်းမှာလည်း လူထုအတွင်း ခွဲခြားမှုကို ဖြစ်နေစေသည့် အယူအဆ အစွဲများ၊ ဥပဒေများ ရှိနေသော ကြောင့် ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါသည်။

မြန်မာနိုင်ငံတွင် လိင်တူချစ်ခင်မှုအပေါ် ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး အပြစ်ပေး အရေးယူနိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၃၇၇ မှာ ယနေ့ချိန်အထိ အသက်ဝင်လျက် ရှိနေဆဲ ဖြစ်ပါသည်။

အဆိုပါ ရာဇသတ်ကြီးပုဒ်မ ၃၇၇ သည် လူ့အဖွဲ့အစည်းအတွင်း လိင်တူချစ်သူများအပေါ် လူမှုရေးအရ ခွဲခြားနှိမ်ချမှုကိုတွန်းအားဖြစ်နေစေပြီး လိင်စိတ်ခံယူမှုနှင့် ကျား/မခံယူမှုဆိုင်ရာ သတ်မှတ်မှုများ အပေါ် ခွဲခြားဖိနှိပ်မှုကိုလည်း ဦးတည်နေစေပါသည်။

ထို့အပြင်အဆိုပါ ပုဒ်မ ၃၇၇ အရ လိင်တူချင်း ချစ်တင်းနှောမှုကို ဥပဒေအရ အပြစ်ပေးအရေးယူနိုင်ခွင့်ရှိပြီး လိင်တူချစ်သူများအပေါ် မတရားဖမ်းဆီး ငွေညှစ်ခြင်းများ၊ ခွဲခြားနှိမ့်ချ လှောင်ပြောင်စော်ကားခြင်းများ၊
ကိုယ်ထိလက်ရောက် ညှင်းပမ်းနှိပ်စက် ခြင်းများကို တရားလက်လွတ်ကျူးလွန်နေသည့် ဥပဒေကိုစောင့်ရှောက်နေသည့် ဝန်ထမ်းများမှာလည်း တရားဥပဒေအရ အရေးယူခြင်းမခံရဘဲ အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရနေစေပါသည်။

အဆိုပါ ခွဲခြားဆက်ဆံမှုနှင့် တရားလက်လွတ်ပြုမှု ပုံစံကို မကြားသေးခင်ကာလ ၂၀၁၃ ဂျူလိုင်လ ၆ ရက်နှင့် ၇ ရက်နေ့တွင် မန္တလေးမြို့၌ ဖြစ်ပွားခဲ့သော အဖြစ်အပျက်တွင် အထင်အရှား တွေ့မြင်ရမည် ဖြစ်ပါသည်။

၂၀၁၃ ခုနှစ် ဂျူလိုင်လ ၆ ရက်နှင့် ၇ ရက်နေ့တွင် မန္တလေးမြို့၌ အမျိုးသားချင်းကို ချစ်ခင်စုံမက်သူများနှင့် ဆန့်ကျင်ဖက်လိင်ကဲ့သို့ ပြောင်းလဲခံယူနေထိုင်သူ ၁၂ ယောက်သည် မန္တလေးတိုင်းရဲတပ်ဖွဲ့၏ မတရားဖမ်းဆီးမှုကို ခံခဲ့ရပြီး ကိုယ်နှုတ်ဆိုင်ရာ အနိုင်ကျင့် ထိပါးနှောင့်ယှက် စော်ကားခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခြင်းများကို ခံခဲ့ကြရပါသည်။

မန္တလေးတိုင်းရဲတပ်ဖွဲ့၏ လိင်တူချစ်သူများအပေါ် ဖမ်းဆီးမှုနှင့် စော်ကားမှုများမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းလာ လူ့အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ရောက်သလို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေလာ အပိုဒ် ၃၄၇ နှင့် ၃၅၃ ကိုလည်း ချိုးဖောက်ရာ ရောက်နေပါသည်။

မြန်မာနိုင်ငံတော်၏ ၂၀၀၈ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် နိုင်ငံတော်အနေဖြင့် နိုင်ငံသူ နိုင်ငံသားတိုင်းကို တရားဥပဒေရှေ့မှောက်တွင် တန်းတူအခွင့်အရေး ရရှိရေးနှင့် ဥပဒေ၏ အကာအကွယ်ပေးမှုများနှင့် တန်းတူညီမျှမှုကို အာမခံချက်ပေးထားပြီး မည်သူတစ်ဦးတစ်ယောက် ကိုမျှ တည်ဆဲဥပဒေအရအရေးယူခြင်းမှအပ ပုဂ္ဂလိကလွတ်လပ်ခွင့်၊ အသက်အိုးအိမ်စည်းစိမ်နှုင့် လုံခြုံရေးကို မထိပါးရဟု အတိအလင်း ပြဌာန်းထားရှိပါသည်။

မြန်မာ LGBT များအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများမှ ဥပဒေအရ အကာအကွယ်ပေးမှုများ၊ ကုစားမှုများကို ယနေ့အချိန်အထိ မရရှိပါ။

ထို့ကြောင့် မြန်မာနိုင်ငံတော်အစိုးရအနေဖြင့်
ညှင်းပမ်း နှိပ်စက်မှုတိုက်ဖျက်ရေးစာချုပ် (Convention Against Torture)၊
အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ စာချုပ် (International Covenant on Economic, Social and Cultural
Rights)၊
အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ စာချုပ် (International Covenant on Civic and Political Rights)
ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များကို ချက်ချင်းလက်မှတ်ထိုးသင့်ပါသည်။

နိုင်ငံတော် အစိုးရအနေဖြင့် အဆိုပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များကို လက်မှတ် ထိုးခြင်းအားဖြင့် လိင်တူချစ်သူများအပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးအား လူ့အခွင့်အရေးအရများစွာ အကာ အကွယ်ပေးနိုင်မည် ဖြစ်ပါသည်။

ထို့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ  နှင့်အခြားဥပဒေများတွင် လိင်စိတ်ခံယူမှုကွဲပြားသူများအား အကာအကွယ်ပေးနိုင်မည့် အချက်များကို ထည့်သွင်းပြဌာန်းခြင်းနှင့် ရာဇသတ်ကြီးပုဒ်မ ၃၇၇ အားပယ်ဖျက်ခြင်းကိုလည်း လုပ်ဆောင်သင့် ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့်လည်း မြန်မာနိုင်ငံအတွင်းရှိ LGBT တစ်ဦးချင်းစီ ရင်ဆိုင်နေရသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ခွဲခြားနှိမ်ချဆက်ဆံမှုများနှင့် စပ်လျဉ်း၍ တိုင်ကြားလာသည့်အပေါ် အထူးအာရုံစိုက် လက်ခံကြားနာကာ ဆောင်ရွက်ပေးသင့်ပါသည်။

 အသေးစိတ်သိရှိလိုပါက အောက်ပါပုဂ္ဂိုလ်များထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဦးအောင်မျိုးမင်း (myominburma@gmail.com)၊ ကိုလှမြတ် (၀၉၇၃၀၂၂၅၆၄)၊
ကိုတင်ကိုကို (၀၉၄၂၀၀၁၀၄၀၉)၊ ကိုကျော်မင်းထွန်း (၀၉၄၂၉၃၁၂၂၀၄)

                     မြန်မာ LGBT အခွင့်အရေးဆိုင်ရာကွန်ယက်



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved