ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်းက မြို့တော်ခန်းမမှာ ပြီးခဲ့တဲ့ အောင်တိုဘာလ ၂၅ ရက်နေ့က စီးပွားရေးဘာသာရပ်ဆိုင်ရာဟောပြောပွဲတခု ကျင်းပခဲ့ပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့အစီအမံနဲ့လုပ်ခဲ့တဲ့ ဒီဟောပြောပွဲကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့အကြံပေးတွေဖြစ်တဲ့ စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ထွန်းသက်နဲ့ ဒေါက်တာမောင်အောင်တို့ လာရောက်ဟောပြောခဲ့ကြပါတယ်။
တက်ရောက်နားထောင်သူတွေကတော့ ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုးဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးသိန်းအောင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်အားလုံး၊ ဧရာဝတီတိုင်းထဲကရှိသမျှ ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအားလုံး ဖြစ်ပါတယ်။
ဒါ့အပြင် လူမှုကူညီရေးအသင်းတွေ၊ လူမှုကွန်ယက်တွေ၊ အန်ဂျီအိုတွေ၊ အများပိုင်ကုမ္ပဏီတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတွေ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုအဖွဲ့တွေ စသဖြင့် လူလည်းများသလို အဖွဲ့လည်း ပေါင်းစုံဖြစ်ပါတယ်။ ဒီအဖွဲ့တွေအားလုံးကိုလည်း တိုင်းအစိုးရကပဲ ဖိတ်ကြားခဲ့တာပါ။
ဒေါက်တာအောင်ထွန်းသက်ဟာ နိုင်ငံတော်သမ္မတအကြံပေးအပြင် ရန်ကုန်တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တွေမှာ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ယခင်တုန်းက ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့ (UNICEF) ရဲ့အကြီးတန်းအကြံပေးအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူပါ။
အစိုးရတိုင်း၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေအပါအ၀င် ဌာနဆိုင်ရာဝန်ထမ်းအများစု တက်ရောက်နားထောင်ခဲ့တဲ့ အဲဒီဟောပြောပွဲမှာ ဒေါက်တာအောင်ထွန်းသက် ဟောပြောခဲ့တဲ့ အကြောင်းအရာတွေဟာ မှတ်သားဖွယ်ရာဖြစ်နေတဲ့အတွက် ကောင်းနိုးရာရာတွေကို ဧရာဝတီပရိသတ်တွေအတွက် ကောက်နှုတ်ဖော်ပြ ပေးလိုက်ပါတယ်။
- ၀န်ထမ်းတွေလာဘ်စားတာကို ရှက်တတ်ကြပါ
“အခုဖြစ်နေတာက အဂတိလိုက်စားမှုဟာ ယဉ်ကျေးမှုလိုဖြစ်နေသလားလို့။ အဲဒါကို ဆရာတို့တားဖို့လိုတယ်။ ရှက်တတ်ဖို့လိုတယ်။ အဂတိလိုက်တားစာ ရှက်စရာပါ။ ၁ ကျပ်ယူလည်း အဂတိ လိုက်စားတာပဲ။ ၁ သန်းယူလည်း အဂတိလိုက်စားတာပဲ။ ယူလည်းမယူဘူး။ ပေးလည်း မပေးဘူးဆိုတဲ့ မာန်မာနတွေ ထားကြပါ။ ရတာလေးနဲ့ လောက်အောင်သုံးမယ်ဆိုတဲ့စိတ်က အရေးကြီးပါတယ်”
“ဒီ Corruption (အကျင့်ပျက်ခြစားမှု) ကို ၀ိုင်းထိမ်းကြရအောင်။ ၀န်ကြီးချုပ်တို့လည်း တာဝန်ယူပြီး ထိန်းပါ။ လွှတ်တော်ဥက္ကဋ္ဌလည်း တာဝန်ယူပြီးလုပ်ပါ။ လူကြီးတွေ တာဝန်ယူရုံတင် မဟုတ်ဘူး လူတဦးချင်း တယောက်ချင်း တာဝန်ယူမှရမယ်”လို့ သူက ပြောဆိုခဲ့ပါတယ်။
- ခိုင်းမှလုပ်တာကို ပြင်၊ မခိုင်းဘဲလုပ်တတ်အောင် သင်
“အခုဖြစ်နေတာက ခေါက်ရိုးတော်တော်ကျိုးနေပြီ။ နှစ်ပေါင်းက ၆၀ လောက်ရှိပြီ။ ခေါက်ရိုးကျိုးနေတာ ဒီပုံစံပဲ။ ပုံစံသစ်နဲ့လုပ်ပါလို့ပြောလည်း မလုပ်တာက တော်တော် ခက်နေတယ်။ ခိုင်းရင်တော့လုပ်မယ်။ မခိုင်းရင်မလုပ်ဘူး။ အမိန့်ပေးရင်လုပ်မယ်။ အမိန့်မပေးရင် ဒီတိုင်းထိုင်နေမယ်။ ဒီလိုတွေဖြစ်နေတယ်။ တာဝန်ယူမှရမယ်။ ခိုင်းမှ လုပ်တဲ့လူဆိုတာ တော်တော်အားနည်းတာပဲ။ မခိုင်းဘဲ လုပ်တတ်အောင် ကြိုးစားကြပါ”
“ခရိုင်ကလူတွေ၊ မြို့နယ်ကလူတွေ ငါလုပ်နေရတာသည် တာဝန်နဲ့လုပ်နေတာမဟုတ်ဘူး။ လုပ်ဖို့လိုတဲ့အတွက် လုပ်နေတာဖြစ်ရမယ်။ သူများအတွက် အလုပ်အကျွေးပြုနေတာ ဖြစ်ရမယ်။ အဲဒီစိတ်ရမှဖြစ်မှာ။ အဲဒီစိတ်မရှိရင် ၀တ်ကျေတန်းကျေပဲ။ အစိုးရ၀န်ထမ်းကို လူတွေစိတ်ညစ်တာက ၀တ်ကျေတန်းကျေလုပ်နေလို့။ အဲဒီစိတ်ပြင်မှဖြစ်မယ်။ လုပ်ချင်တဲ့စိတ် ပါမှဖြစ်မယ်”
- ပြည်သူကိုအစေခံမှ ၀န်ထမ်းကောင်း
“မနက်ရုံးလာတဲ့အချိန်ကတည်းက ငါဒီနေ့ပြည်သူအတွက်ဘာလုပ်ပေးရမလဲဆိုတာ စဉ်းစားကြပါ။ အဲဒါမှ ပြည်သူ့ဝန်ထမ်းကောင်း ဖြစ်မှာပါ။ ဆရာတို့မှာ ပေးတဲ့အကျင့် ပျောက်သွားပြီ။ ရတာကိုပဲ စဉ်းစားကြတယ်။ ရာထူးလေးရတာနဲ့ ငါဘာရမလဲဆိုတဲ့ မေးခွန်းမေးတယ်။ အင်မတန် ရှက်ဖို့ကောင်းတယ်။ အမှန်က ရာထူးရရင် ငါပြည်သူတွေ အတွက် ဘာလုပ်ပေးရမလဲ စဉ်းစားရမှာ”
“သူများကိုအလုပ်အကျွေးပြုတဲ့လူဟာ စိတ်ချမ်းသာပါတယ်။ ပြည်သူအတွက် အသက်ရှင်တဲ့ လူတွေဖြစ်အောင် ကြိုးစားကြပါ။ Service Ledarship (အစေခံတဲ့ခေါင်းဆောင်) ဖြစ်အောင် ကြိုးစားကြပါ။ ငါသည်ခေါင်းဆောင်။ သို့သော်လည်း ငါပြည်သူကို အစေခံမယ်။ ငါ့ရဲ့ သခင်က ပြည်သူတွေ။ အဲဒီလိုဖြစ်ရင် ပုံစံပြောင်းသွားလိမ့်မယ်။ အရင်ပုံစံမှာ ငါက ၀န်ထမ်းလို့ ပြောလိုက်တာနဲ့ ငါကသခင်။ ကျွန်ကဘယ်သူလဲ။ ပြည်သူတွေ။ အခုခေတ်က ပုံစံပြောင်းသွားပါပြီ”
- တာဝန်သိဖို့၊ တာဝန်ယူဖို့၊ တာဝန်ခံဖို့
“အခုခေတ်က အမိန့်ကိုစောင့်တဲ့ ပြည်သူ့ဝန်ထမ်းတွေများနေတယ်။ မေးလိုက်ရင် အထက်ကို တင်ပြထားတယ်ချည်းပဲ ပြောတယ်။ အထက်ကလည်း အဝေးကြီးပဲ။ ပြန်ကျမလာဘူး။ ဘာကြောင့်လဲ။ မလုပ်ချင်လို့။ လူကြီးတွေက တာဝန်ပေးထားတာ ကိုယ့်အဆင့်နဲ့ကိုယ် တာဝန် ယူဖို့လေ။ ခရိုင်မှာတာဝန်ရှိတဲ့လူ တိုင်းကိုတင်ပြစရာဘာမှမရှိဘူး။ ကိုယ့်ဟာကို ရှင်းလို့ရတယ်။ မြို့နယ်ကလူကလည်း ကိုယ့်မြို့နယ်နဲ့ကိုယ် ရှင်းလို့ရတယ်။ အခုတော့ ကိုယ်မလုပ်ချင်တော့ အပေါ်ကိုတင်တယ်။ ပြည်သူတွေရဲ့ဆန္ဒကိုမဖြည့်ဆည်းနိုင်တာ ဘာကြောင့်လဲ။ နှေးလို့။ ဘာလို့နှေးလဲ အပေါ်တင်လို့။ မထိရောက်ဘူး။ အဲဒါတွေ ကျနော်တို့ ပြင်ရအောင်။
“Accountability ဆိုတာ တာဝန်သိတာ။ အစိုးရဆိုတာ တာဝန်သိဖို့လိုတယ်နော်။ တာဝန်သိရုံတင်မရဘူး။ တာဝန်ယူရမယ်။ တာဝန်ယူရုံတင်မရဘူး။ တာဝန်ခံရမယ်။ ဒီ ၃ ချက်ကို မရရင်တော့ လုပ်လို့မရဘူး။ အခုတော်တော်များများက တာဝန်လည်းမသိဘူး။ တာဝန်လည်းမယူဘူး။ တာဝန်လည်းမခံဘူး”
“ပြဿနာဖြစ်လာရင် ငါနဲ့မဆိုင်ဘူး။ သူများနဲ့ဆိုင်တယ်ပြောတယ်။ ကိုယ်သည်ဝန်ထမ်းနော်။ ကိုယ့်မှာတာဝန်ရှိတယ်။ ကိုယ်တာဝန်ယူရမယ်။ ဒီအလုပ်မအောင်မြင်ရင် ထွက်တယ်။ အများပိုင်ကုမ္ပဏီ ရှုံးသွားရင် ဥက္ကဋ္ဌထွက်တယ်။ အမှုဆောင်ထွက်တယ်။ အဲဒါ တာဝန်ခံတာ။ ရှုံးလည်း ကိစ္စ မရှိဘူး။ သူ့ဘာသာရှုံးတာပဲ။ ငါကတော့ဥက္ကဋ္ဌရာသက်ပန်လုပ်မှာပဲ။ အဲဒါမျိုးက တာဝန်မခံတဲ့ပြဿနာတွေ အများကြီးရှိနေတယ်”
- မှန်တာပြောပါ။ မှန်တာ တင်ပြပါ
“အရေးကြီးဆုံးက အခုခေတ်မှာအရာရာက ပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ်။ ပြောရင် သိပ်လွယ်တာပဲ။ ဒါပေမယ့်မပွင့်လင်းကြဘူး။ ဘာကြောင့်လဲ ကိုယ့်ကိုယ်ကိုမယုံလို့။ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့လူက ပွင့်လင်းတယ်။ ဟန်ဆောင်စရာမလိုဘူး။ ဒီနေ့ကစပြီး ပြည်သူ့ဝန်ထမ်းတွေ ဟန်မဆောင်ကြပါနဲ့။ ရှိတာရှိတဲ့အတိုင်းတင်ပြ။ သမ္မတကလည်းအားပေးတယ်။ ၀န်ကြီးချုပ်ကလည်းအားပေးတယ်။ မှန်တာကိုပြောရဲရမယ်”
“အခုဖြစ်နေတာဘာလဲ။ ကြည့်လိုက်ရင် အစည်းအဝေးတွေထိုင်နေကြတယ်။ လုပ်စရာမရှိရင် အစည်းအဝေး လုပ်တယ်။ ဌာနမှူးတွေ အကြီးအကဲတွေဘယ်ရောက်နေလဲ။ အစည်းအဝေးထဲမှာ။ ဘာထိုင်လဲ။ မသိဘူး။ ထိုင်တာပဲ။ အစည်းအဝေးထိုင်တာမှာ ဘာပြောလဲ။ ဘာမှမပြောဘူး။ ငြိမ်ပြီးနားထောင်နေတယ်။ အစည်းအဝေးဆုံးဖြတ်တာ သဘောတူလား။ တူတယ်။ ဘာသဘောတူလဲ။ မသိဘူး။ ထိုင်ရုံသက်သက်နဲ့တော့ အစည်းအဝေး မလုပ်ကြနဲ့တော့။ အစည်းအဝေးတက်ရင် ပြောရမယ့်တာဝန်၊ ဆွေးနွေးရမယ့်တာဝန်၊ တင်ပြရမယ့်တာဝန် ကိုယ့်မှာရှိတယ်။ အဲဒါကိုလက်ခံမှရမယ်”
- အစိုးရအပေါ် ပြည်သူယုံဖို့ အရမ်းအရေးကြီးတယ်
“ပြည်သူနဲ့ အစိုးရဌာနနဲ့ နီးစပ်ဖို့လိုတယ်နော်။ ပြည်သူနဲ့အစိုးရနဲ့က ကင်းကွာလို့မရဘူး။ အစိုးရဌာနကို လူတွေမဆက်ဆံချင်တာ ဘာကြောင့်လဲ။ နှေးလို့။ အစိုးရရုံးတွေနဲ့ ဆက်ဆံရင် အလုပ်တွေက မပြီးတော့ဘူး။ ပုံသေနည်းတောင် ရှိနေသလိုပဲ။ အစိုးရရုံးတွေမှာ တရုံးနဲ့ တရုံး။ စားပွဲတခုနဲ့တခု ၁ ပေကွာရင် ၁ ပတ်ကြာတယ်။ ၂ ပေကွာရင် ၂ ပတ်ကြာတယ်။ ကြာမှ ရေလောင်းမှာကိုး။ အဲဒီအကျင့်ဘယ်လိုပြင်မလဲဆိုတာ ဆရာတို့စဉ်းစားပေးပါ။ ဒါကြောင့် ဒီမှာရှိတဲ့ ဌာနဆိုင်ရာအကြီးအကဲတွေ ကိုယ့်အလုပ်ကိုယ်ပြန်ကြည့်ကြပါ။ ဘာကြောင့် ဒီလောက်နှေးနေတာလဲ။ ဘာကြောင့်ချက်ခြင်းလုပ်ပေးလို့ မရတာလဲ။ အခုဖြစ်တဲ့အလုပ်ကို ဘာကြောင့် ၁ ပတ်စောင့်ခိုင်းမလဲ။ ချက်ခြင်းလုပ်ပေးလို့မရဘူးလား။ အဲ့လိုဖြစ်အောင် စဉ်းစားပေးပါ။ မဟုတ်ရင် အစိုးရအပေါ်မှာ ပြည်သူတွေယုံကြည်မှု အားနည်းလာပါလိမ့်မယ်”
“Trust ယုံကြည်မှုကလည်း အရမ်းအရေးကြီးပါတယ်။ အစိုးရရုံးတွေမှာ ဘာကြောင့် အားနေရင် မှတ်ချက်တွေရေးနေသလဲဆိုရင် Trust (ယုံကြည်မှု) မရှိလို့။ မယုံတော့ တယောက်ထဲ လက်မှတ်ထိုးရင်လည်းမရဘူး။ နောက်တယောက် လက်မှတ်ထိုး။ နောက်တယောက် ထိုးလည်း မရဘူး။ ထပ်ဆင့်လက်မှတ်ထိုး။ စာမျက်နှာတခုလုံး လက်မှတ်တွေချည်းပဲ။ တကယ်တော့ သေဖော်ညှိုတာပေါ့နော်။ အားလုံးက အလိုတူအလိုပါတွေကိုး။ ကိုယ့်အဆင့်နဲ့ကိုယ် တာဝန်ယူတတ်တဲ့လူတွေဖြစ်အောင် လုပ်ကြရမှာနော်”
“ပြည်သူတွေမှာ မျှော်လင့်ချက်တွေရှိတယ်။ တောင့်တမှုတွေရှိတယ်။ အဲဒါတွေကို ဖြည့်ဆည်းနိုင်ရင် Trust (ယုံကြည်မှု) ရှိလာပါလိမ့်မယ်။ Good Governance ကို စဉ်းစားမယ်ဆိုရင် ပြည်သူက ယုံကြည်မှုရှိဖို့လိုတယ်”
“ပြည်သူက ဘာကိုမျှော်လင့်သလဲ။ တရားတာကို မျှော်လင့်တယ်။ အစိုးရအဖွဲ့ကလုပ်ရင် Fair (မျှတမှု) ဖြစ်တယ်။ မျက်နှာမလိုက်ဘူး။ အဲဒါကိုမျှော်လင့်တာ။ ငွေများငွေနိုင်၊ ရေများရေနိုင်၊ မီးများမီးနိုင်ဆိုတာ မဟုတ်ဘူး။ အဲဒါကိုသူတို့ကမျှော်လင့်တယ်။ တို့ဝန်ထမ်း၊ တို့အရာရှိတွေဟာ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေကို စနစ်တကျသုံးစွဲတတ်သူတွေလို့ မျှော်လင့်တယ်။ တို့ကအစိုးရပဲကွာ။ ပြည်သူတွေယုံတာ မယုံတာ တို့ကိစ္စမဟုတ်ဘူးလို့များ မစဉ်းစားနဲ့နော်။ အစိုးရအပေါ် ပြည်သူယုံဖို့ အရမ်းအရေးကြီးတယ်”
- ၀န်ကြီးဌာနတွေ ညှိနှိုင်းဆောင်ရွက်ကြပါ
“၀န်ကြီးဌာနအချင်းချင်း ညှိဖို့လည်းအရေးကြီးပါတယ်။ အခုက ညှိကို မညှိတာ။ ပညာရေးလို့ပြောရင် Education Ministry (ပညာရေးဝန်ကြီးဌာန) လို့ စဉ်းစားလို့ မရဘူး။ ပညာရေးဝန်ကြီးဌာနလို့စဉ်းစားလိုက်တာနဲ့ အဲဒါရှုံးသွားပြီ။ ပညာရေးကို ပညာရေးဝန်ကြီးဌာန တခုတည်းကပဲလုပ်ရမယ်ဆိုရင် ပညာရေးတိုးတက်မှာမဟုတ်တော့ဘူး။ Education Sector ပညာရေးကဏ္ဍကို စဉ်းစားမှရမယ်။ ပညာရေးမှာ စီးပွားရေးလုပ်ငန်းရှင်တွေ မပါလို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးလုပ်ငန်းရှင်တွေက ပညာရေးကထွက်လာတဲ့လူတွေကို အလုပ်ပေးတဲ့လူတွေ။ ပညာရေးလို့ပြောရင် ကျန်းမာရေးမပါလို့မရဘူး။ အားကစား မပါလို့ မရဘူး။ ဒါကြောင့်မို့ ညှိနှိုင်းဖို့ကလည်း အင်မတန်အရေးကြီးပါတယ်”
- ၀န်ထမ်းများလိုက်နာရန် “ပြူတင်းပေါက်နဲ့မှန်”
“ဌာနမှာ အောင်မြင်မှုရရင် ဒီဌာနအောင်မြင်ရင်၊ တိုင်းဒေသကြီးအောင်မြင်ရင်၊ လွှတ်တော်ကြီးအောင်မြင်ရင် ပြူတင်းပေါက်ကိုကြည့်လိုက်ပါ။ ဟောဒီလူတွေအားလုံးကြောင့် ငါ့ဌာနမှာရှိတဲ့လူတွေအားလုံးကြောင့် ဒီဌာနကြီးအောင်မြင်တာလို့ သုံးသပ်လို့ရတယ်။ ပြူတင်းပေါက်ကို ကြည့်တာကိုး”
“အဲဒီဌာနမှာ အခက်အခဲရှိလို့ မအောင်မြင်ရင်တော့ မှန် ထုတ်ကြည့်ပါ။ ဘယ်သူ့မြင်လဲ။ ကိုယ်မြင်တယ်။ ဒီဌာနမအောင်မြင်တာ သူတို့ကြောင့်မဟုတ်ဘူး။ ငါ့ကြောင့်။ အဲဒါ တာဝန်ယူတဲ့လူနော်”
“အခုတော့ပြောင်းပြန်ဖြစ်နေတယ်။ အောင်မြင်ရင်တော့ မှန်လေး တထုတ်ထုတ်နဲ့။ ကြည့်လို့ကို မ၀ဘူး။ ဟောဒီဌာနကြီးအောင်မြင်တာသည် ငါ့ကြောင့်။ ဟောဒီဝန်ကြီးဌာန အောင်မြင်တာ ငါ့ကြောင့်။ အဲဒီဌာနမှာ တခုခုလည်းမကောင်းတာလည်းတွေ့ရော အဲဒီမှန်လေးကို အသာလေးချပြီးတော့ ပြူတင်းပေါက်ကိုကြည့်လိုက်တော့ ဟောဒီလူတွေမြင်တယ်။ ငါပြောတာ မလုပ်တဲ့ကောင်တွေဆိုပြီးတော့ပေါ့။ အဲဒါလေး သတိထားနော်”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကဲ...ဒါကတော့ ပုသိမ်မြို့တော်ခန်းမမှာ ဒေါက်တာအောင်ထွန်းသက် ဟောပြောချက်ထဲက
ကောင်းနိုးရာရာ ကောက်နှုတ် ဖော်ပြခဲ့တာပါ။
ဒေါက်တာအောင်ထွန်းသက်ရဲ့ ဟောပြောချက်တွေကို လူမှုကွန်ရက်နဲ့ လူမှုကူညီရေးအသင်း အဖွဲ့တွေကတော့ အတော်လေးအားရကျေနပ်တယ်လို့ ပြောကြပါတယ်။ ဧရာဝတီဘလော့ဘ် ပရိသတ်ကြီးလည်း ကျေနပ်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။
ဆလိုင်းသန့်စင်
.
နိုင်ငံတော်အစိုးရအဖွဲ့ဝင်များလဲ ပြူတင်းပေါက်ဖွင့်ကြည့်တတ်ဖို့ မှန်ထုတ်ကြည့်တတ်ဖို့ အကြံပြုပါရစေ