"ဘယ်သူ့ကိုသွားပြီးအဖေ ခေါ်ရမလဲ"

Wednesday, November 27, 2013

~


  

ကျိုက်ထိုမြို့ အမျိုးသားနှစ်ဦးလက်ထပ်ကြတဲ့သတင်းနဲ့ ပတ်သက်ပြီး ဝေဖန်ချက်တွေကို ပြန်လည်တုန့်ပြန်ထားတာကို ဖေ့စ်ဘုတ် တနေရာမှာ တွေ့ရပါတယ်။ 

ရေးသားသူကတော့ Shin Thant ဖြစ်ပါတယ်။
သူ့ရဲ့ ခွင့်ပြုချက်နဲ့ ကူးယူ ဖော်ပြလိုက်ပါတယ်။ စဉ်းစားဆင်ခြင်၊ ပြောဆိုငြင်းခုံစရာကောင်းတဲ့ ရေးသားချက်များပါပဲ။

လက်ထပ်ပွဲသတင်းကိုတော့ ဒီဘလော့မှာပဲ ယောက်ျားတယောက်နဲ့ ယောက်ျားတယောက် မင်္ဂလာဆောင်ကြတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ပြီးပါပြီ။  http://blog.irrawaddy.org/2013/11/blog-post_1125.html မှာ ပြန်ဖတ်နိုင်ပါတယ်။


(အပေါ်ပုံကတော့ Google Image အင်တာနက်စာမျက်နှာမှာ အမျိုးသားနှစ်ဦးလက်ထပ်ခြင်း ဆိုပြီး ရှာဖွေရာက ထွက်ပေါ်လာတဲ့မြင်ကွင်းတစိတ်တပိုင်းကို ကူးယူထားတာဖြစ်ပါတယ်။)




ကျိုက်ထိုမြို့မှာ လိင်တူချင်း မင်္ဂလာဆောင်လို့ မြို့ခံတွေက မကျေနပ်ကြပါဘူးလို့ The Myanmar Post. မြန်မာပိုစ် ဂျာနယ် Vol.5, No.47 Wednesday, November-27,2013 အချပ်ပို D မှာ ပါလာတာကိုတွေ့ရပါတယ်။

လူနှစ်ဦးနှစ်ဖက် ချစ်ခင်ပေါင်းဖက်တာဟာ ဘယ်သူ့အကျိုးစီးပွားကို ထိခိုက်စေလို့ မကျေနပ်ကြတာပါလဲလို့ မေးချင်ပါတယ်။ လူသိရှင်ကြား တရားဝင်မင်္ဂလာဆောင်ခြင်းဟာ တရားဥပဒေအရ လင် နှင့် မယား ပိုင်ဆိုင်တဲ့ ပစ္စည်း ဥစ္စာတွေ ကြောင့် မင်္ဂလာပွဲကျင်းပတယ်လို့ ထင်မြင်ယူဆပါတယ်။ နောက်တနည်းပြောနိုင်သေးတာကတော့ ကျွန်တော်၊ ကျွန်မတို့သည် ယနေ့ညတွင် အတူကတွ ပေါင်းဖက် နေထိုင်ကြတော့မည် ဆိုတာကို လူသိရှင်ကြား မုန့်ခေါ်ကျွေးအသိပေးတဲ့ပွဲလို့လဲ သတ်မှတ်နိုင်ပါတယ်။ သာမာန် ယောက်ျား၊မိန်းမတွေ ပေါင်းဖက်နေထိုင်ဖို့အတွက် အသိပေးလဲ ဒါဘာဖြစ်လဲ သူတို့ နှစ်ဦးကြားကသာ သူတို့နဲ့သက်ဆိုင်တဲ့ အိပ်ရာပေါ်က အတွင်းရေးလေ။ ဘာစုပ်စုစရာ မနာလိုစရာလိုသတုန်း။

ကဲ ဒါဆိုကောင်းပါပြီ ကျမတို့ ယခု စာစောင်မှာ ပါတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှုး ဦးစစ်မြိုင်ရဲ့ ဖြေကြားချက်ကလေးကို လူ့အခွင့်အရေး ရှုထောင့်ကနေ လေ့လာကြည့်ကြရအောင်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှုး ဦးစစ်မြိုင်

“ဒါမျိုး လိင်တူချင်း မင်္ဂလာဆောင်တာ ကျွန်တော်တို့ နိုင်ငံမှာ သာ လက်မခံတာမဟုတ်ပါဘူး။ နိုင်ငံတကာမှာ လည်း လက်ခံတဲ့သူနည်းပါတယ်။ မြန်မာနိုင်ငံမှာ လိင်တူချင်းချစ်တဲ့သူတွေ အတွက် လက်ခံထားတဲ့ ဘောင်လေးတော့ရှိပါတယ်။ ဒီဘောင်ကိုကျော်ရင်တော့မကောင်းဘူးပေါ့ဗျာ၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံအရနေထိုင်ပြီး အများပြည်သူ တွေ စိတ်အနှောင့်အယှက် မဖြစ်အောင်နေထိုင်သင့်ပါတယ်။”

၁။ လိင်တူချင်း မင်္ဂလာဆောင်တာကို ဘာလို့လက်မခံတာလဲ။ ကျမတို့ မင်္ဂလာဆောင်ရင်လဲ တရားဥပဒေအရ ဥစ္စာပစ္စည်းပိုင်ဆိုင်ခွင့်ဆိုတာမ၇ှိပါဘူး။ ဒီတော့ ဘာလို့များကန့်ကွက်ပါသလဲ။

၂။ မြန်မာနိုင်ငံမှာ လိင်တူချင်းချစ်တဲ့သူတွေကို လက်ခံထားတဲ့ဘောင်လေးတော့ရှိပါတယ်ဆိုတော့ ။ အဲဒီဘောင်လေးကို ကျမတို့ လူသား တစ်ယောက်ဖြစ်တဲ့ လူသား တစ်ယောက်အနေနဲ့ လူု့အခွင့်အရေးကို လုပ်ဆောင်နေတဲ့သူတစ်ယောက်ရဲ့ ဘောင်ခတ်မှုကို လက်ခံနိုင်ပါသလား။

၃။ ကျမတို့ လိင်တူချစ်သူတွေဟာလဲ လူထဲကလူသားတစ်ဦး၊ တိုင်းနိုင်ငံအတွင်းက နိုင်ငံသားတစ်ဦးဖြစ်တဲ့အတွက် လူ့အခွင့်အရေး အပြည့်အ၀ခံစားပိုင်ခွင့်ရှိပါတယ်။ ဘောင်ခတ်တယ်ဆိုတာ ခွဲခြားဖိနှိပ်ခြင်းခံရတာပါ။

၎။ မည်သူကမျှ ဘောင်ခတ်ခံလူတန်းစားဆိုတာကို နှစ်သက်မှမဟုတ်ပါဘူး။ ယခုလို ပြောကြားသူကို ဘောင်ခတ်မယ်ဆိုရင်ကော ကိုယ်ချင်းစာတရားထားကြည့်သင့်ပါတယ်။

၅။ ကျမတို့ကို လူ့အခွင့်အရေးကော်မရှင်က အတွင်းရေးမှုးကိုယ်တိုင်က ဒီစကားပြောရင် ကျမတို့ ရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအပေါ် ကုစားဖို့ ဘယ်သူ့ကိုသွားပြီးအဖေ ခေါ်ရမလဲ စဉ်းစားကြည့်ပါ။

ကောင်းပါပြီ နောက်ထပ် ဆက်လက်ပြီးသုံးသပ်ကြရအောင်

၆။ မြန်မာ့ယဉ်ကျေးမှုဓလေ့ ထုံးစံအရ နေထိုင်ပြီး အများပြည်သူ တွေ စိတ်အနှောင့်အယှက်မဖြစ် အောင်နေထိုင်သင့်ပါတယ်လို့ ဦးစစ်မြိုင်ကဆိုပါတယ်။ ဒီနေရာမှာ စပ်ဆက်တွေးကြည့်မယ်ဆိုရင် လိင်တူချင်း မင်္ဂလာဆောင်တဲ့ သတင်းမှာပါလာတဲ့အတွက် လိင်တူချင်းမင်္ဂလာဆောင်တာဟာ အများပြည်သူကို ဘာများ စိတ်အနှောက်အယှက်ဖြစ်စေပါသလဲရှင့်။ (လိင်တူချင်း မင်္ဂလာပွဲက မင်္ဂလာဆောင်ပါတယ်ဆိုပြီး ကျမတို့ လူလယ်ခေါင်မှာ လိင်ဆက်ဆံပြတာလဲ မဟုတ်ပါဘူး ) စိတ်အနှောက်အယှက်ဖြစ်စေတယ်ဆိုတာ ဘာကိုဆိုလို ပါလဲ။ ဒီလို အဓိပ်ပါယ်မရှိတဲ့ စကားစုတွေကို လက်မခံနိုင်ပါဘူး။

ဒါ့ကြောင့် လူ့အခွင့်အရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကျမတို့လိင်တူချစ်သူတွေဟာ အများရဲ့လက်ညှိုးထိုးခံဖို့ရာ လူဖြစ်လာသလို ဖြစ်နေပြီး လူ့အခွင့်အရေးကို ဆုံးရှုံးနေဆဲဖြစ်ပါတယ်။ ဒီလို ခွဲခြားမှုမျိုးကိုဆက်လက်ပြီး လက်ခံစရာအကြောင်းမရှိပါဘူး။

၇။ ကျိုက်ထိမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးရဲ့ ပြောကြားချက်ကတော့

“လိင်တူချင်း တိုးတိုးတိတ်တိတ် အတူနေတာ ပြောစရာမရှိပေမဲ့ လူသိရှင်ကြားအခမ်းအနားလုပ်တာမျိုးက မဖြစ်သင့်ပါဘူး” တဲ့
ဆိုတော့ ကျမတို့က ချောင်ထိုးခံလူတန်းစားတစ်ရပ်မဟုတ်ပါဘူး ။ မိမိမှာ နိုင်ငံသားတိုင်းရဲ့ ရပိုင်ခွင့်အခွင့်အရေးကိုအပြည့်အ၀ခံစားပိုင်ခွင့်ရှိတယ်။ အသိမှတ်မပြုရင်နေပါ။ ကိုယ့်အခွင့်အရေးတော့ကိုယ်ရပိုင်ခွင့်ရှိတယ်။

၈။ တဆက်တဆက်တည်းမှာပဲ ပြစ်မှုဆိုင်ရာ ဥပဒေပုမ်မ ၃၇၇ တွင် ဓမ္မတာ နှင့်ဆန့်ကျင်သည့် ပြစ်ဒဏ်ချမှတ်နိုင်သော်လည်း လိင်တူချင်း မင်္ဂလာအခမ်းအနား ကျင်းပခြင်း နှင့် အကျုံးမ၀င်ကြောင်းနှင့် ပုဒ်မ၏ အဓိပ်ပါယ် ဖွင့်ဆိုချက်အရ တရားစွဲရန် တရားလို လိုအပ်တယ်လို့ ရဲအရာရှိက ပြောပါတယ် တဲ့။
ကဲ ကျမတို့ လိင်တူချစ်သူတွေကို အချိန်မရွေး မလိုတမာ စိတ်ရှိတဲ့သူတွေ ဒုက္ခပေး နိုင်တဲ့ အတွက် လက်ရှိတည်ရှိနေတဲ့ ပုဒ်မ ၃၇၇ ကိုပါ တဆက်တဆက်တည်း ဖျက်သိမ်းအောင် ၀ိုင်းဝန်းကြိုးပမ်းကြရအောင်လား ရှင့်။။။  


.
  • ဧရာဝတီ Facebook
www.facebook.com/irrawaddyblog

  • ဧရာဝတီ Twitter
https://twitter.com/IrrawaddyBlog

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved