ကရင်နှစ်သစ်ကူးမှာ သမ္မတ မန်းဝင်းမောင်တို့ကို ဂုဏ်ပြုမယ်

Friday, November 22, 2013



~


  မကြာခင်ကျရောက်မယ့် ကရင်နှစ်သစ်ကူးနေ့မှာ မြန်မာပြည်ရဲ့သမ္မတဟောင်း မန်းဝင်းမောင်အပါအ၀င် ကရင်အမျိုးသားခေါင်းဆောင်တွေ၊  အလွှာအသီးသီးကပညာရှင်တွေနဲ့လူငယ်ထူးချွန်သူတွေကို ဂုဏ်ပြုတဲ့ အထူးအစီအစဉ်တရပ် ပါဝင်ပါတယ်။




မြ၀တီမြို့ ကရင်နှစ်သစ်ကူးနေ့အစီအစဉ်ဆွေးနွေးပွဲမှာ တွေ့ရတဲ့ ဆရာတော်အရှင်စန္ဒာရ နဲ့ ကရင်ဘုန်းတော်ကြီးများ (ဓာတ်ပုံများ-မန်းမျိုးမြင့်)

လှိုင်းဘွဲမြို့နယ်မဲဆမိတ်ကျောင်းဆရာတော်ဖြစ်တဲ့ အရှင်စန္ဒာရက" ဒီအစီအစဉ်အတွက် နာယကဆရာတော်ဖြစ်တဲ့ တောင်ကလေးဆရာတော်ကိုအမှူးထားပြီး ဒီနေ့ ဆုရွေးချယ်ရေးကော်မတီဝင် ဆရာတော်တွေ တောင်ကလေးကျောင်းမှာ ဆွေးနွေးကြတယ်၊
 သမ္မတ မန်းဝင်းမောင်၊  စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစမစ်ဒွန်း အပါအ၀င် မြန်မာနိုင်အတွင်းမှာ ထင်ရှားခဲ့တဲ့ ကရင်အမျိုးသားခေါင်းဆောင်တွေ၊ ပညာရှင်တွေ နောက်ပြီးအလွှာအသီးသီးက ထင်ရှားတဲ့လူတွေနဲ့ လူငယ်ထူးချွန်သူတွေကို ဂုဏ်ပြမှတ်တမ်းလွှာနဲ့ ရွှေတံဆိပ်တွေပေးဖို့ အစီအစဉ်ရှိပါတယ်" လို့ မိန့်ကြားပါတယ်။

ကွယ်လွန်သူတွေအတွက်ရရှိမဲ့ ဂုဏ်ပြုလွှာနဲ့ဆုတံဆိပ်ကို ကျန်ရစ်သူဆွေးမျိုးသားခြင်းများက တက်ရောက်လက်ခံရယူကြမှာဖြစ်ပြီး အဲဒီပုဂ္ဂိုလ်တွေရဲ့သမိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ မှတ်တမ်းမှတ်ရာတွေကို ဆွေးမျိုးသားချင်းတွေထံမှာ တောင်းခံထားတယ်လို့လည်း ကော်မတီကပြောပါတယ်။

ဒီဆွေးနွေးပွဲကို ကရင်ပြည်နယ်က အထင်ကရကရင်ဘုန်းတော်ကြီးတွေ ဒီနေ့ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။

မြ၀တီတောင်ကလေး အေးရိပ်သာကျောင်းက ဆရာတော်အရှင်အဂ္ဂကတော့ ဒီအစီအစဉ်အတွက် ကုန်ကျငွေကျပ်သိန်း တထောင်လောက်ခန့်မှန်းထားပါတယ်လို့ မိန့်ဆိုပါတယ်။

ဆရာတော်အရှင်အဂ္ဂက "ကရင်အမျိုးသားတွေထဲမှာ ဒီလို ထူးချွန်ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်တွေရှိတဲ့အကြောင်းကို ကရင်အမျိုးသားတွေအပါအ၀င် မြန်မာသာမကဘဲနိုင်ငံတကာကိုပါ ပိုမိုသိရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ပါ" ဆိုပြီး ဖြည့်စွက်မိန့်ကြားပါတယ်။



သမ္မတမန်းဝင်းမောင်က လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလခေတ်မှာ သမ္မတ တာဝန် ထမ်းဆောင်ခဲ့တဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင်တဦး ဖြစ်ပါတယ်။

ကရင်သက္ကရာဇ် ၂၇၅၃ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှာကျရောက်မယ့် ကရင်နှစ်သစ်ကူးနေ့မှာ ဒီအစီအစဉ်ကို ထည့်သွင်းကျင်းပတာဖြစ်ပါတယ်။

လာမယ့် ကရင်နှစ်သစ်ကူးနေ့ကို ကရင်ပြည်နယ် ၅ မြို့နယ်မှာရှိတဲ့ ကရင်အမျိုးသားတွေကနေ ကမ္ဘာလုံးဆိုင်ရာ ကရင်နှစ်သစ်ကူးနေ့အဖြစ် ကျင်းပမှာဖြစ်ပြီး ဒီပွဲကို ကရင်ပြည်နယ် မြ၀တီမြို့နယ်မှာရှိတဲ့ ရွှေကုက္ကိုလ်မြိုင်မှာ ကျင်းပမှာဖြစ်တယ်လို့ ပွဲတော် ကျင်းပရေးကော်မတီကပြောပါတယ်။ 
 



ကရင်နှစ်သစ်ကူးနေ့ အနှစ်သာရအပြည့်အ၀နဲ့ ကျင်းပမဲ့ဒီပွဲမှာ ကရင်ရိုးရာဒုံးအကပြိုင်ပွဲနဲ့ ကရင်ရိုးရာအဆိုအက အတီးအမှုတ်တွေအပါအ၀င် ကရင်အမျိုးသားတွေရဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့တွေကိုလည်း သက်ဆိုင်ရာပြခန်းတွေအလိုက်ပြသသွားမှာဖြစ်ပြီး အားကစားပြိုင်ပွဲတွေ ခေတ်ပေါ်တေးဂီတတွေ ကရင်အနုသုခုမတင်ဆက်မှုတွေနဲ့ ကျင်းပသွားမှာဖြစ်တယ်လို့ ပွဲတော်ဖြစ်မြောက်ရေး အဖွဲ့ဝင်တဦးဖြစ်တဲ့ စောမြင့်ဇော်ကပြောပါတယ်။

ဒီပွဲဖြစ်မြောက်ရေးကို ကရင်ပြည်နယ် ၅ မြို့နယ်နဲ့ ကရင် လက်နက်ကိုင် အဖွဲ့အစည်းတွေ၊  ပြည်တွင်းပြည်ပက ကရင်အမျိုးသားတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ် ပါတယ်။



.

1 comments :

  1. Anonymous said... :

    မန်းဘခိုင်ကိုတော့ရော

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved